မြန်မာ-တရုတ် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအကျိုးဖော်ဆောင်ရေး ဆွေးနွေး

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့ ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ဒုတိယအကြိမ်(၂+၂)အဆင့်မြင့်ဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပရာ မြန်မာနိုင်ငံ ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်၍လည်းကောင်း၊ တရုတ်နိုင်ငံဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးချုပ်ရုံး ဒုတိယစစ်ဦးစီးချုပ် Major General Shao Yuanming တို့ ဦးဆောင်၍ လည်းကောင်း တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်ဘက်မှ အပြုသဘောကူညီ ပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြန်လည် တည်ငြိမ်မှုရရှိရေး၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအကျိုး ဖော်ဆောင်ရေး အပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အလေးပေးဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နယ်စပ်ဒေသစီမံခန့်ခွဲရေး၊ တရားမဝင် လူဝင်/လူထွက်ကိစ္စ တားဆီးရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ တရားမဝင်ကုန်သွယ်မှုများ တားဆီးရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားနိုင်ရေး အတွက် အဆင့်အသီးသီးနှင့် ကဏ္ဍအသီးသီးရှိ ဆက်ဆံရေးယန္တရားများအရ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်သွားရန်၊ နှစ်နိုင်ငံနယ်နိမိတ် မြစ်၊ ချောင်းများ ထိန်းသိမ်းကာကွယ်ရေးတွင် ကမ်းပြိုမှု မဖြစ်ပေါ်ရန်၊ မြေထိန်းနံရံများ တည်ဆောက်ရာတွင် နယ်နိမိတ်စာချုပ်၌ ဖော်ပြချက်များနှင့်အညီ ဆောင်ရွက် ရန်နှင့် နှစ်ဖက်လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ချက် ရေးဆွဲရေး ကိစ္စများကိုလည်း ဆွေးနွေးသဘောတူညီခဲ့ကြသည်။

ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်တွင် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Hao အား Haigeng Garden ဟိုတယ်၌ တွေ့ဆုံခဲ့ပြီး မြန်မာနှင့် ယူနန်ပြည်နယ် နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Chen Shun က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနများ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲသည် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ရည်ရွယ်၍ တည်ထောင်ထားသည့် ဗဟိုအစိုးရအဆင့် နှစ်နိုင်ငံ ဆွေးနွေးမှုယန္တရား တစ်ခုဖြစ်ပြီး ပထမအကြိမ် ဖော်ပြပါအစည်းအဝေးအား နေပြည်တော်တွင် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။