အစိုးရသစ်၏ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲ ကျင်းပ လျှပ်စစ်နှင့်စွမ်းအင်၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေးတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရှင်းလင်း

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၂

အစိုးရသစ်၏ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်တပ်ဆင်အင်အား ၁၃၃ မဂ္ဂါဝပ်ရှိ မြင်းခြံ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံစီမံကိန်းနှင့် မွန်ပြည်နယ် မော်လမြိုင်ဓာတ်အားပေးစက်ရုံ STG-3 (၃ဝ မဂ္ဂါဝပ်) တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း။

 

အဆိုပါစီမံကိန်းလုပ်ငန်းများ ပြီးစီးမှုကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်ရေးနှင့် ဗို့အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေး အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း။

 

ဓာတ်အားပို့လွှတ်ရေးလုပ်ငန်းများအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ၂၃ဝ ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်း (၆၅ ဒသမ ၉)မိုင်အား ယခုနှစ် ဇူလိုင် ၂၅ ရက်တွင် လည်းကောင်း၊ ချင်းပြည်နယ်တွင် ၆၆ ကေဗွီ ဟားခါး-ဖလမ်း ဓာတ်အားလိုင်း ၂၄ ဒသမ ၅ မိုင်၊ ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ မအီဓာတ်အားခွဲရုံအား ယခုနှစ် ဇွန် ၁၂ ရက်တွင် လည်းကောင်း၊ ၆၆ ကေဗွီ ကျောက်ဖြူ-ကျောက်ဖြူ (SEZ) ဓာတ်အားလိုင်း အမှတ် (၁) (၅ ဒသမ ၅၇ မိုင်)၊ အမှတ်(၂) (၅ ဒသမ ၆၉မိုင်)နှင့် ၆၆/၁၁ ကေဗွီ၊ ၂x၁ဝ အမ်ဗွီအေ ကျောက်ဖြူ (SEZ) ဓာတ်အား ခွဲရုံအား ယခုနှစ် ဇူလိုင် ၂၇ ရက်တွင်လည်းကောင်း လုပ်ငန်းများ ပြီးစီးခဲ့၍ ဓာတ်အားပို့လွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးမှုကြောင့် ဖလမ်းဒေသကျေးရွာ ၁ဝ ရွာ၊ အိမ်ထောင်စု ၆၇ဝ၊ မအီမြို့နယ်ဒေသအတွင်းရှိ အိမ်ထောင်စု ၅၉ဝ နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပါကြောင်း။

 

ဓာတ်အားဖြန့်ဖြူးရေးအနေဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ၁၁ ကေဗွီ လိုင်း ၁ မိုင်၊ ၄ဝဝ ဗို့လိုင်း ၇ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီ၊ ၂ဝဝ ကေဗွီအေခွဲရုံ ငါးရုံအားလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုနှစ် မေ ၂၄ ရက်တွင် ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီး၍ မော်ဟန်ကျေးရွာရှိ အိမ်ထောင်စု ၁၂ဝဝ တွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။

 

အိမ်ထောင်စုပေါင်း ၄၉၅၉

ကယားပြည်နယ် ဒီမော့ဆိုးမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတောမြို့နယ်တို့တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၇၇ ဒသမ ၆၉ မိုင်၊ ၄ဝဝ ဗို့လိုင်း ၆၉ ဒသမ ၈ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီခွဲရုံ ၉၆ ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇွန် ၁၆ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးပြီဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများပြီးစီးမှုကြောင့် ကျေးရွာ ၉၅ ရွာ၊ အိမ်ထောင်စု ပေါင်း ၄၉၅၉ စုတွင် လျှစ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှည်းကူး မြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ အလုံမြို့နယ်၊ ဒဂုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၂ ဒသမ ၈ မိုင် တည်ဆောက်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်များ တိုးချဲ့တည် ဆောက်ခြင်း၊ ၃၃/၁၁-၆ ဒသမ ၆ ကေဗွီ ထရန်စဖော်မာများအား စုစုပေါင်း ၇၅ အမ်ဗွီအေ အစားထိုး တိုးချဲ့တပ်ဆင်ခဲ့ခြင်း၊ ၁၁-၆ ဒသမ ၆/ဝ ဒသမ ၄ကေဗွီ၊ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ ၁၅ဝ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ခြင်းအပြင် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း။

 

စွမ်းအင်ကဏ္ဍ

စွမ်းအင်ကဏ္ဍတွင် နိုင်ငံတော်အတွင်း ထင်း၊ မီးသွေးနှင့် အခြားလောင် စာသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ရေနံဓာတ်ငွေ့ရည် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် လိုင်စင်နှစ်မျိုးဖြစ်သော ဖြည့်တင်းပြီး ရေနံ ဓာတ်ငွေ့ရည်အိုးများကို သိုလှောင်ရုံဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း (ဃ- လိုင်စင်)နှင့် ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်အိုးများကို တိုက်ခန်း၊ ဆိုင်ခန်း များဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း (င-လိုင်စင်)တို့ကို ထုတ်ပေးနိုင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ယာယီလိုင်စင် (ဃ) ၁၉၉ ဆိုင်နှင့် ယာယီလိုင်စင်(င) ၄၆၄ ဆိုင် စုစုပေါင်း ယာယီလိုင်စင် ၆၆၃ ဆိုင်ထုတ်ပေးပြီး ဖြစ်ပါကြောင်း။

 

လေယာဉ်ဆီဌာနခွဲ ၁၁ ခုဖြစ်သည့် နေပြည်တော်၊ တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ မော်လမြိုင်နှင့် ကျောက်ဖြူလေဆိပ်တို့တွင် လေယာဉ်ဆီ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ပြည်ပ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လေယာဉ်ဆီဖြည့်တင်းသည့် လုပ်ငန်းများကို International Standard အတိုင်း ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များမှ လက်လီရောင်းဈေးနှုန်းများအား ပြည်သူလူထုအတွက် ထိုက်သင့်သည့် ဈေးနှုန်း၊ သတ်မှတ်သည့် အရည်အသွေးနှင့် မှန်ကန်သော အခြင်အတွယ်ဖြစ်စေရေး တို့ကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) နှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ခဲ့သဖြင့် အရေအတွက်မှန်ကန်ပြီး ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ပြည်သူလူထုက ဝယ်ယူနိုင်ခဲ့သည့် အကျိုးကျေးဇူးများရရှိခဲ့ပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမည့် ဘတ်စ်ကားများအများနှင့် သက်ဆိုင်သောကုမ္ပဏီမှ City Bus (BRT) ယာဉ်အစီး ၆ဝ အတွက် သဘာဝဓာတ်ငွေ့တပ်ဆင်သုံးစွဲခွင့်အား ခွင့်ပြုပေးနိုင်သည့်အတွက် အများ ပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

နယ်စပ်ရေးရာ

နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ရေရရှိ ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး နိုင်ငံတစ်ဝန်းဖြစ်ပေါ်ခဲ့သော ရာသီဥတု အခြေအနေကြောင့် နယ်စပ်ဒေသရှိ ရေရှားပါးသည့် အိမ်ထောင်စု ၄၉၅၁ စု၊ လူဦးရေ ၉၅၆၄၂ ဦးကို အကျိုးပြုနိုင်ခဲ့ပါကြောင်း။

 

လုပ်ငန်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစိစစ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိ၊ မရှိနှင့် အားနည်း ချက်၊ အားသာချက်များကို ဒေသအလိုက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။

 

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လမ်း၊ တံတားနှင့် အဆောက်အအုံများ ပြန်လည် ပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဌာနပိုင် လမ်း၊ တံတားနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပြီ ဖြစ်ပါကြောင်း။

 

ရွှေ့ပြောင်းဒုက္ခသည် IDP များအား ပြန်လည်နေရာချထားရေးအတွက် တန်ဖိုးနည်းနေအိမ်များ ဆောက်လုပ်ပေးရာတွင် ရခိုင်ပြည်နယ် အပါအဝင် အခြားဒေသများရှိ ရွှေ့ပြောင်းဒုက္ခသည် IDP များကို ပြန်လည်နေရာ ချထားရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက စီမံတင်ပြ တောင်းခံလာပါက နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တန်ဖိုးနည်းနေအိမ်များ၊ လမ်း၊ တံတား၊ ရေရရှိရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့ ဆောင်ရွက်သွားနိုင်ရေးအတွက် အသင့်ပြင် စီမံဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများသည် ရေရှည်အစီအမံဖြင့် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။

 

လေ့လာရေးခရီးစဉ်

နယ်စပ်ဒေသနေ တိုင်းရင်းသား၊ တိုင်းရင်းသူများအား လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ရာတွင် ပထမအကြိမ်အဖြစ် ဓနု၊ ပလောင်နှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ စုစုပေါင်း ၇ဝ၊ ဒုတိယအကြိမ်အဖြစ် ကချင်၊ ကယား၊ မွန်နှင့် ရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူများ စုစုပေါင်း ၁ဝဝ တို့ကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး ၄ ရက်ကြာ လေ့လာရေးခရီးစဉ်များ စီစဉ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းများဖွင့်လှစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရာတွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများမှ အဆင့်မြင့် စက်ချုပ် သင်တန်းဆင်းပြီးသူ တိုင်းရင်းသူများအတွက် ရန်ကုန်မြို့တွင် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်း သင်တန်းသူ စုစုပေါင်း ၂ဝ၂ ဦးအား အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်း၍ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ကာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ခြောက်ခုတွင် ကျွမ်းကျင်ဝန်ထမ်းများအဖြစ် ခန့်အပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အလားတူတိုင်းရင်းသားရိုးရာဝတ်စုံများ မတိမ်ကော မပပျောက်အောင် ရည်ရွယ်ပြီး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်တို့တွင် ရိုးရာဂျပ်ခုတ်သင်တန်းများ ဖွင့်လှစ်ပေးပြီး ယင်းသင်တန်းများမှ သင်တန်းသူများကိုလည်း ရန်ကုန်တွင် ဈေးကွက်တစ်ခု ဖန်တီးနိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

နိုင်ငံခြားရေး

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရက် ၁ဝဝ တွင် အချို့လုပ်ငန်းများသည် လုပ်ငန်းရပ်အဖြစ်မဟုတ်ဘဲ လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့သည် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်သည့်အခါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အခြေခံထားပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ရင်းနှီးစွာဆက်ဆံပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးသည် သံတမန်ဆက်သွယ် တည်ထောင်သည်နှင့် တည်ထောင်မှုမှ အစပြုကာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်လက် ဆောင်ရွက်သွားရပါကြောင်း။

 

မိမိတို့ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အပိုင်း ရှစ်ပိုင်းဖြင့် ရက် ၁ဝဝ ကာလ ဆောင်ရွက်ချက်များ ရှိပါကြောင်း၊ ၎င်းတို့မှာ ပြည်ပနိုင်ငံများရှိ နိုင်ငံသားများ၏ အကျိုးစီးပွားကို စောင့်ရှောက်ခြင်း လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်ပနိုင်ငံများရှိ နိုင်ငံများကို အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ခြင်းမှာ သံတမန်များသည် ပြည်ပနိုင်ငံများရှိ မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရမည်ဟူသည့် ဗီယင်နာ ကွန်ဗင်းရှင်းပါအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခင်ကတည်းကပင် မိမိနိုင်ငံသားများ၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ခဲ့သလို လက်ရှိတွင်လည်း ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် ပိုမိုပီပြင်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံတွင် ရောက်ရှိနေသည့် ကောင်စစ်ဝန်ရုံး၊ သံရုံး စုစုပေါင်း ၄ဝ ကျော်ရှိပါကြောင်း၊ အဆိုပါ ရုံးများတွင် မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရမည်ဟူသည့် Instruction Guideline ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မိမိနိုင်ငံသို့ ပြန်လာကာ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ပြည်ပရောက် နိုင်ငံသားများ ပြန်လာနိုင်စေရန် ဖြေလျှော့မှုများစွာ ဆောင်ရွက်ခဲ့ပါကြောင်း။

 

အမည်မည်းစာရင်း

ထို့ပြင် အမည်မည်းစာရင်း (Black List) သတ်မှတ်ခြင်းခံရသူများကို ပြည်တွင်းသို့ ပြန်လည် ဝင်ရောက် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။ အမည်မည်းစာရင်းသတ်မှတ်ခံရပါက ဆယ်နှစ်ကာလ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိမည်မဟုတ်သော်လည်း ယခုအစိုးရလက်ထက်တွင် အကြောင်း အမျိုးမျိုးကြောင့် အမည်မည်းစာရင်း သတ်မှတ်ခြင်းခံရသူများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ ဖယ်ရှားခဲ့ပါကြောင်း။

 

မိမိတို့ နိုင်ငံသို့ ရောက်ရှိနေသည့် သံတမန်များ၊ နိုင်ငံတကာအေဂျင်စီများ၏ ဝန်ထမ်းများသည် မိမိတို့ နိုင်ငံတွင်း ခရီးသွားလာသည့်အခါ ကန့်သတ်မှုများ ယခင်ကရှိခဲ့သော်လည်း ယခုအခါ ဖြေလျှော့မှုများကို စီစဉ် ပေးခဲ့ပါကြောင်း။

 

သံတမန်ဆက်သွယ်မှုအားဖြင့် အီသီယိုးပီးယားနိုင်ငံနှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သံတမန် ဆက်သွယ်မှု ၁၁၄ ခုမြောက် သံတမန် ဆက်သွယ်မှု နိုင်ငံအဖြစ်တည်ထောင်ခဲ့ပါကြောင်း၊ ဆက်လက်၍ လည်း သံတမန် ဆက်သွယ်ရေးကို တိုးချဲ့ရန် ပြင်ဆင်ထားပါကြောင်း၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ခန့်ထားမှုကိုလည်း တိုးမြှင့်သွားမည်ဖြစ်ပါကြောင်း။

 

သိသာမြင်သာသည့် ရလဒ်တစ်ခုအဖြစ် ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံ့ခေါင်းဆောင်များ လာရောက် လည်ပတ်မှုများ ရှိခဲ့ပါကြောင်း၊ အာဆီယံ ဓလေ့ထုံးစံအရ အာဆီယံအဖွဲ့ဝင် အခြားကိုးနိုင်ငံသို့ မိမိတို့ ခေါင်းဆောင်များ သွားရောက်ရန် တင်ပြထားပါကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေး အလေးထားသည့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ရန်လည်း တင်ပြထားပါကြောင်း၊ မွန်ဂိုလီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အေဆမ် အစည်းအဝေးတွင် မိမိတို့ မြန်မာနိုင်ငံသည် သာမန် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ်သာမဟုတ်ဘဲ Coordinator အဖြစ် ဆောင်ရွက်ခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ရလဒ်အဖြစ် လာမည့်နှစ်တွင် မြန်မာနိုင်ငံတွင် အေဆမ်နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ် ပါကြောင်း၊ ပြီးခဲ့သည့် လာအို သမ္မတ ခရီးစဉ်တွင် မြန်မာ-လာအို ချစ်ကြည်ရေး တံတားအတွက် စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီမှုကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါကြောင်း။

 

ဆက်လက်ဆောင်ရွက်သွားမည်

မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို ၂ဝ၁၅ ခုနှစ် မေလက ဖွင့်လှစ်ခဲ့ သော်လည်း စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီမှုကို ယခုမှသာ လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ရလဒ်ကောင်းတစ်ခုအဖြစ် မြန်မာ-စင်ကာပူ အကြား နှစ်နိုင်ငံ ပြည်သူများသည် Visa မလိုအပ်ဘဲ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သည့် ပြည်သူများအနေဖြင့် လာမည့်ဒီဇင်ဘာ ၁ ရက်တွင် သွားရောက် နိုင်ပြီဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံခြားရေးဝန်ကြီးဌာနသည် Activity အဖြစ် မဟုတ်ဘဲ Process လုပ်ငန်းစဉ်များအဖြစ် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေး အတွက် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားရာတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့သည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအများဆုံး မြို့ကြီးများ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား တစ်ဝက်နီးပါး သုံးစွဲပါကြောင်း၊ မန္တလေးသည် လေးပုံ တစ်ပုံနီးပါး သုံးစွဲနေသည့်အတွက် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဟုပြောလျှင် ယင်းမြို့နှစ်မြို့ကို အဓိကထားပြီး ပြောရမည်ဖြစ်ပါကြောင်း။

 

အိမ်ထောင်စုပေါင်း ၁ဝ ဒသမ ၈ သန်းရှိသည့်အနက် မီးပေးနိုင်သည်မှာ ၃ ဒသမ ၈ သန်းသာ ရှိသေးသည့် အတွက် နယ်စပ်ဒေသ၊ ဝေးလံသည့်ဒေသများ ကို ဖြန့်ဖြူးရန် အများကြီးကျန်ရှိနေပါသေးကြောင်း။

 

မိမိတို့အနေဖြင့် တစ်တိုင်းပြည်လုံး လျှပ်စစ်ဓာတ်အားရရှိစေရေးဆိုသည့် ရည်ရွယ်ချက်ထားရှိပြီး ဆောင်ရွက် နေပါကြောင်း၊ ရန်ကုန်နှင့် မန္တလေး မီးမပျက်အောင် ဘယ်လိုဆောင်ရွက်ထားသလဲဆိုလျှင် လျှပ်စစ်ကဏ္ဍအနေဖြင့် အဓိကလုပ်ငန်းကြီးသုံးခုရှိပါကြောင်း၊ generation ပိုင်းတွင် ယမန်နှစ်နွေက တစ်တိုင်းပြည်လုံးသုံးစွဲသည့် လျှပ်စစ်ဓာတ်အားမှာ မဂ္ဂါဝပ်၂၇ဝဝ ကျော် ရှိပါကြောင်း၊ ထိုအချိန်တွင် ဌာနအနေဖြင့် ထုတ်ပေးနိုင်သည်မှာ မဂ္ဂါဝပ် ၂၈ဝဝ ခန့်သာရှိပါကြောင်း၊ ပြည်သူ့လိုအပ်ချက်ကို မီရုံလေးသာ ထုတ်လုပ်နိုင် သေးပါကြောင်း၊ အခက်အခဲမှာ မြို့ကြီးများတွင် သွယ်တန်းထားသည့် ဖြန့်ဖြူးရေး လိုင်းများမှာ နှစ်ကာလအတော်ကြာနေပြီဖြစ်ပြီး မြေအောက်ဓာတ်အားလိုင်းများဆိုလျှင် အင်္ဂလိပ် လက်ထက်ကတည်းက အကောင်အထည်ဖော်သွားသည့် လိုင်းများဖြစ်သည့်အတွက် နှစ်ကြာ လာသည်နှင့်အမျှ ခံနိုင်ရည်အားနည်းလာပါကြောင်း၊ ထိုအချိန်တွင် မီးအားကိုတအား ဆွဲသည့်အတွက် မနိုင်ဝန်ထမ်းသည့်အချိန်တွင် ချွတ်ယွင်းပျက်စီးမှုများရှိပါ ကြောင်း၊ ထို့အတူ မြို့သစ်များ ဖြစ်သည့် တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ မြို့သစ်များကို အကောင်အထည်ဖော်ခဲ့ရာ အမြန်ဆုံးမီးလင်းမှုကို ဆောင်ရွက် ပေးခဲ့ရသည့်အတွက် သာမန်အားဖြင့် ကြေးကြိုးများသုံးရမည့်အစား ဒန်ကြိုး၊ အလူမီနီယံ ကြိုးများဖြင့် အစားထိုးဆောင်ရွက်ခဲ့ရ၍ အားနည်းချက်များ ရှိခဲ့ပါကြောင်း။

 

ဖြန့်ဖြူးမှုအပိုင်းတွင် ရန်ကုန်မြို့တွင် လိုအပ်ချက်များကို လုပ်ဆောင်နေသော်လည်း ၁ဝဝ ရာခိုင်နှုန်းလုံး မလုပ်နိုင်သေးပါကြောင်း၊ ရက် ၁ဝဝ စီမံကိန်းတွင် ပါရှိသည့် ထရန်စဖော်မာများ ထိုင်ခြင်း၊ ကြိုးများ လဲလှယ်တပ် ဆင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ရန်ကုန်မြို့၏ လူဦးရေ တိုးတက်နှုန်းမှာ အလွန်များပြားပါကြောင်း၊ လိုအပ်ချက်များကို ချက်ချင်းဖြည့် ဆည်းနိုင်ရန် ကန့်သတ်ချက်ရှိပါကြောင်း။

 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး

နိုင်ငံတိုင်း၌ လျှပ်စစ်ဓာတ်အားကို ရေအား၊ ကျောက်မီးသွေး၊ ဂတ်စ်တို့မှ အဓိကထား ထုတ်လုပ်ပါကြောင်း၊ ထို့အပြင် တိုးတက်သည့်နိုင်ငံများတွင် နေစွမ်းအင်၊ လေစွမ်းအင်တို့ကို အသုံးပြု၍ ထုတ်လုပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် ထုတ်ယူအသုံးပြုနေချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အဓိက အားထား ရသည်မှာ ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ထုတ်လုပ်နိုင်ရန် လျာထားခဲ့ပါကြောင်း။

 

သို့ရာတွင် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ပြည်သူလူထုက လက်ခံနိုင်ခြင်း မရှိသေး ပါကြောင်း၊ ကျောက်မီးသွေးဖြင့် ထုတ်လုပ်မည် ဆိုသည်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မည်ဆိုပြီး ပြည်သူများက ကန့်ကွက် ကြပါကြောင်း၊ ပြည်သူများ၏ကန့်ကွက်ချက်ကို အလေးထားပြီး ကျောက်မီးသွေး ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် အစီအစဉ်များ ရပ်ဆိုင်းသွားသဖြင့် မျှော်မှန်းထားသလောက် ဓာတ်အားမထုတ်လုပ်နိုင်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ကလည်း မသုံးသေးသည့်နေရာမှ ယာယီယူ သုံးသည်မှ လွဲ၍ လောလောဆယ်ဘယ်ကမှ ရစရာမရှိပါကြောင်း။

 

ယင်းကန့်သတ်ချက်များကြောင့် အခက်အခဲရှိ၍ ရေအားကို အားကိုး ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားအရင်းအမြစ် များစွာရှိပါကြောင်း၊ တိုင်းပြည်သုံးစွဲနိုင်သည်ထက် ပိုမိုသည့်အတိုင်းအတာအထိ ထုတ်၍ရပါကြောင်း၊ အထူးသဖြင့် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းမြစ်တို့ကို အခြေခံပြီး ရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်ပါကြောင်း၊ သို့ရာတွင် ပတ်ဝန်းကျင်ထိခိုက် မည်ဟုဆိုသဖြင့် စီမံကိန်းများ နှောင့်နှေး နေရပါကြောင်း။

 

ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရန်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် သယံဇာတကို ထုတ်သုံးပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးရသည့် ဌာနကြီး ဖြစ်ပါကြောင်း၊ သဘာဝသယံဇာတကို ထုတ်သုံးရပြီဆိုလျှင် အကျိုးဆက်ကရှိစမြဲ ထုံးစံဖြစ်ပါ ကြောင်း၊ ယင်းမှာ ရှောင်လွှဲ၍ မရပါကြောင်း။

 

မိမိတို့က ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတွက် ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရန် တာဝန်ရှိပါကြောင်း၊ အဓိကဖြစ်သည့် ရေ၊ သယံဇာတကို မလွဲမသွေ အသုံးပြုရမည်သာဖြစ်ပါကြောင်း၊ သုံးသည့်အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဒီဇိုင်းလုပ်ပြီး သေချာလေ့လာကာ ဆောင်ရွက်မည် ဖြစ်၍ ပြည်သူများလက်ခံပါက တိုင်းပြည်၏ ရှေ့ရေးမှာ လျှပ်စစ်ဓာတ်အားကို လုံလုံလောက်လောက် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။

 

ယမန်နှစ် နွေရာသီက တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှုအနေဖြင့် မဂ္ဂါဝပ် ၂၇ဝဝ ရှိပြီး လာမည့်နှစ်တွင် မဂ္ဂါဝပ် ၂၉ဝဝ ကျော် ၃ဝဝဝ နီးပါးသုံးမည်မှာ သေချာပါကြောင်း၊ မိမိတို့က လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံတကာကို တင်ဒါခေါ်ထားပါကြောင်း၊ လာမည့်နွေရာသီအမီဆောင်ရွက်နိုင်ရန် ရည်ရွယ် ပါကြောင်း၊ LNG ကို ယာယီအားဖြင့် တင်သွင်းပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အပိုင်းကို အဓိကထား ဆောင်ရွက်ရန်၊ စွမ်းအင်ချွေတာရေး၊ လောင်စာချွေတာ ရေးအတွက်လည်း LNG တင်သွင်းရန် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး စီစဉ် ဆောင်ရွက်နေပါကြောင်း။

 

ပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် စီမံဆောင်ရွက်မည်

ရေရှည်အတွက်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေသည်များ ရှိပါကြောင်း၊ ရေအားကိုလည်း ပြည်သူများက ဆောင်ရွက်ခွင့်ပေးမှသာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုရေးထိခိုက်မှုများကို စိစစ်ပြီး အနည်းဆုံးဖြစ်အောင် မိမိတို့က စီမံဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

လျှပ်စစ်ဓာတ်အားလုံလောက်အောင် ထုတ်လုပ်နိုင်ပြီဆိုလျှင် Transmission လိုင်းများ လိုအပ်ပါကြောင်း၊ ရေအားမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် အဓိကရှိပါကြောင်း၊ အဓိကသုံးသည်မှာ ရန်ကုန် ဖြစ်ပါ ကြောင်း၊ ရန်ကုန်အထိကို Transmission လိုင်းဆွဲရမည် ဖြစ်ပါကြောင်း၊ ယခု ၅ဝဝ ကေဗွီ Transmission လိုင်းကို ချေးငွေဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး မြောက်ပိုင်း မှရမည့်ဓာတ်အားကို အပြည့်အဝ သုံးစွဲနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်မီးမရသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဓာတ်အား လိုင်းများ တည်ဆောက်နေပြီ ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တစ်ခုသာ ကျန်ရှိနေပါ သေးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ပြည်သူလူထုသည် လျှပ်စစ်ဓာတ်အားကို ဈေးကြီးကြီးဖြင့် ဝယ်သုံးနေရပါကြောင်း၊ ထို့ကြောင့် မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းကို ဆောင်ရွက် နေပါကြောင်း။

 

ဖြန့်ဖြူးမှုအပိုင်းတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကျေးရွာအထိ ဓာတ်အားရောက်ရှိရေးကို ဆောင်ရွက်နေ ပါကြောင်း၊ လာမည့်ငါးနှစ်အတွင်း အိမ်ထောင်စု ၁ ဒသမ ၇ သန်းကို မီးပေးနိုင်အောင် ဆောင်ရွက် နေပါကြောင်း၊ လျှပ်စစ်ကို ပြည်သူလူထု သုံးစွဲနိုင်အောင် ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုအပိုင်းများကို အထူးကြိုးစားဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ရွှေ့ပြောင်းဒုက္ခသည်များအား ပြန်လည် နေရာ ချထားရေးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက တင်ပြလာလျှင် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ ကရင်ပြည်နယ်သို့ ပြန်လာချင်သည့် တိုင်းရင်းသားများနှင့် ပတ်သက်၍ ၁၉၆ ဦးကို လက်ရှိတွင် မိမိတို့အနေဖြင့် လက်ခံမည်ဆိုလျှင် လက်ခံနိုင်သည့် အနေအထားရှိပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့လည်း တင်ပြထားပါကြောင်း၊ ပြန်လည် ရောက်ရှိလာလျှင် ၎င်းတို့နေထိုင်လိုသည့် ဒေသများကို ပထမဦးစားပေးပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အကယ်၍ ¤င်းတို့အနေဖြင့် ရွေးချယ်ထား ခြင်းမရှိသေးပါက ကရင်ပြည်နယ် မြဝတီမြို့ အနီးရှိ မြို့သစ်တစ်ခုတွင် နေရာ ချထားပေးရန် အကြမ်းဖျင်းလျာထားပါကြောင်း။

 

မိမိတို့ဆောက်ပေးမည့် တန်ဖိုးသင့်အိမ်ရာမှာ အကြမ်းဖျင်း ကျပ်သိန်း ၅ဝ ခန့်သုံးစွဲပြီး ဆောက်ပေးခြင်း ဖြစ်ပါကြောင်း၊ သို့သော် လူတိုင်းအတွက် ဆောက်ပေးနိုင်ခြင်းမရှိပါကြောင်း၊ ပြန်လာသည့် မိသားစုများ အတွက်ကိုသာ ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အလားတူ ရွှေ့ပြောင်းဒုက္ခသည်များအနက် အိမ်ရာ ပိုင်ဆ်ိုင်မှုမရှိသည့် သူများကိုသာ နေအိမ်များဆောက်လုပ်ပေးသွား မည်ဖြစ်ပါကြောင်း၊ ယင်းကို စိစစ်ရန် တာဝန်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က စိစစ်ပေးပြီး မိမိတို့ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

 

နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက နိုင်ငံ့အကြီးအကဲ များ၏ နိုင်ငံခြားခရီးစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်တက် လာသည့်အခါ လုပ်ရိုးလုပ်စဉ်အနေဖြင့် ပြည်ပနိုင်ငံခရီးစဉ်များနှင့်ပတ်သက် ပြီး အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများသို့ သွားလာလည်ပတ်နိုင်ရေးအတွက် တင်ပြပါကြောင်း၊ ၎င်းအပေါ် အခြေခံပြီး အချက်အလက်အားလုံးကို ဘက်စုံစဉ်းစားပြီး ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း၊ ဆုံးဖြတ်သည့် process နှင့်ပတ်သက်၍ မှတ်ချက်ပေးနိုင်ခြင်းမရှိပါကြောင်း။

 

တရုတ်နိုင်ငံခရီးစဉ်တွင် မြစ်ဆုံကိစ္စဆွေးနွေးရန် ရှိ/မရှိနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားရာတွင် ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ပြည် ခရီးစဉ်တွင် တရုတ်ဘက်မှ မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ပါကြောင်း၊ မိမိတို့က ပြန်လည် ဆွေးနွေးနိုင်ရန် ဘက်စုံထောင့်စုံမှ အကောင်းဆုံး ပြင်ဆင်သွားမည်ဖြစ်ပါကြောင်း။

 

နယ်နိမိတ်တိုင်းတာရေး

နယ်နိမိတ်တိုင်းတာရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားရာတွင် တရုတ်-မြန်မာနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၇ဝ ထိစပ်နေပါကြောင်း၊ ယင်းကိုတိုင်းတာ ပြီး ကုလသမဂ္ဂတွင် မှတ်ပုံတင်ပြီးဖြစ်ပါကြောင်း၊ လာအို နိုင်ငံနှင့် ၁၄၇ မိုင် တိုင်းထွာပြီးဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာ ၉၁၂ မိုင်အနက် ကဘော်ချိုင့်ဝှမ်း ဒေသမှ လွဲ၍ ကျန်နေရာများ တိုင်းထွာပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်- မြန်မာ ၁၆၈ မိုင်တိုင်းထွာပြီးဖြစ်ပါကြောင်း၊ ထိုင်းနှင့် မြန်မာမှာ မိုင်ပေါင်း ၁၃၁ဝ ထိစပ်နေပြီး လက်ရှိတွင် လွတ်လပ်ရေးရပြီးချိန်နောက်ပိုင်း ၃၆ မိုင်သာ တိုင်းထွာပြီးစီးသေးပါကြောင်း။

 

နိုင်ငံသားများ ပြည်တော်ပြန်သည့်ကိစ္စနှင့် ပတ်သက်၍ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကိုယ့်နိုင်ငံအပေါ် မည်ကဲ့သို့အကျိုးပြန်ပြုမည် ဆိုသည့်အပေါ်တွင်မူတည်ပြီး ဖြေလျှော့ပေးနေပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။