အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ ဒုတိယအကြိမ် သတင်းစာရှင်းလင်း

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၆

အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၁၄ ခုနှင့် အဓိကကျသည့် ရန်ကုန်၊ မန္တလေးတို့၌ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်ရေး ရက် ၁၀၀ စီမံချက်ရေးဆွဲပြီး မေ ၁ ရက်မှ ဩဂုတ် ၈ ရက်အထိ ဆောင်ရွက်ခဲ့ပါကြောင်း။ မှုခင်းကျဆင်းရေးဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင် နေကြရသူများ၏ အမှုများအား တရားရုံးများတွင် ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်း စနစ်သို့ အသွင်သဏ္ဌာန် ပြောင်းလဲခြင်းနှင့် အနှစ်သာရ တိုးတက်အောင် မြှင့်တင်ဆောင်ရွက် ခြင်းဟူသည့် အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။

 

အမှု ၂၇၈၈ မှု၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီးရမိခဲ့

မှုခင်းကျဆင်းရေးတွင် အရေးယူဆောင်ရွက်ခြင်းအနေဖြင့် ကြိုတင်ကာကွယ်အရေးယူမှု ၅၈၁၀၈ မှု၊ အမှုကြီး ၇၉၁ မှုနှင့် အခြားအမှု ၁၆၈၅၄ မှုတို့ကို အရေးယူနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် အမှု ၂၇၈၈ မှု၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများ၏ အမှုများအား တရားရုံးများတွင် ရုပ်သိမ်းခြင်း/ပိတ်သိမ်းခြင်းတွင် အုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့်၊ ဥပဒေရုံး အဆင့်ဆင့်၊ တရားစွဲအဖွဲ့ အစည်းအဆင့်ဆင့်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရုပ်သိမ်း/ပိတ်သိမ်း အမှုပေါင်း ၂၇၄ မှုနှင့် အမှုရင်ဆိုင်နေရသူ ၄၅၇ ဦးတို့အား ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲဖော်ဆောင်လျက်ရှိပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဩစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့တို့ အကြား နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးနှင့် ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များအတွက် နှစ်နိုင်ငံရဲချုပ်များက ဇွန် ၁၃ ရက်တွင် ဆစ်ဒနီမြို့၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ သင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြည်တွင်း တွင် UNODC၊ ICRC၊ ISDP၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့နှင့် လုပ်ဆောင်လျက်ရှိပြီး ပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲများသို့လည်း စေလွှတ်လျက်ရှိပါကြောင်း။

 

ဘိန်းချက်စခန်း နှစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြား သန်း ၃၀ ခန့် ဖော်ထုတ်ဖမ်းဆီးနိုင်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် ထူးခြားချက်အနေဖြင့် ဘိန်းချက်စခန်း နှစ်ခု၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉ ဒသမ ၈ သန်း၊ ဘိန်းစိမ်း ၁၇၅ ကီလို၊ ဘိန်းဖြူ ကီလို၆၀၊ အက်ဖီဒရင်း ကီလို ၅၀၀၊ ကဖင်း ၁၄ တန်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။

 

ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ပိုမိုရင်းနှီးနွေးထွေးစွာ ဆက်ဆံနိုင်ရေးအတွက် ဝန်ဆောင်မှုကို

ရှေးရှုသော ရဲလုပ်ငန်းစနစ်၏ အနှစ်သာရများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် ရဲစခန်း ဌာနများ အပေါ် ထိတွေ့ဆက်ဆံရမည့် ပြည်သူလူထု၏ အကြောက်တရားနှင့် စိုးရိမ်မှုများကို လျှော့ချနိုင်ခဲ့ပြီး ပိုမိုရင်းနှီးပွင့်လင်းသော ဆက်ဆံရေးများနှင့် ပြည်သူ၏ ယုံကြည်အားကိုးမှုကို ပိုမိုတည်ဆောက်နိုင်ခဲ့ပါကြောင်း။

 

ရက် ၁၀၀ စီမံချက်ကာလအတွင်း ကျေးရွာမြေငှား ဂရန်များထုတ်ပေးခဲ့မှုအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်တို့ရှိ ကျေးရွာပေါင်း ၂၇၅ ရွာတွင် ကျေးရွာ မြေငှားဂရန်များထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေ ၁ ရက်မှ ယနေ့ကာလအထိ ကျေးရွာမြေငှားဂရန်ပေါင်း ၁၂၇၉၃ ခု ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာမြေငှားဂရန်များအား ပြည်သူများ၏ လက်ဝယ်သို့ မြန်ဆန်စွာ ပြီးပြတ်အောင် ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ပြည်သူ့ဝန်ဆောင်မှုရုံးများ

ပြည်သူ့ဝန်ဆောင်မှုရုံးများက ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ စားသောက်ဆိုင်များနှင့် ပတ်သက်၍ ထောက်ခံချက်ပေးခြင်း၊ ပုဂ္ဂလိကအိမ်ဆိုင်လုပ်ငန်း လိုင်စင်များ၊ ယစ်မျိုးလိုင်စင်ချထား ခြင်းနှင့် အခွန်လေးမျိုးကောက်ခံခြင်း၊ မြေစာရင်းပုံစံ(၁၀၅)ရေးကူးခွင့်ကိစ္စများ၊ မြေငှားဂရန် လျှောက်ထားခြင်းကိစ္စရပ်များကို အကြံပြုခြင်း၊ ဘိလိယက်ခုံ လိုင်စင်ထုတ်ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲ အတွက် ပွဲမိန့်လျှောက်ထားခြင်း ကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေ ပြောင်း ဝင်/ထွက်ကိစ္စနှင့် မွေးဖွားမှု၊ သေဆုံးမှု မှတ်ပုံတင်ရေးကိစ္စရပ်များ၊ ပထမသတင်းပေး တိုင်ကြားချက်များ၊ မီးဘေး လုံခြုံရေး ကိစ္စရပ်များ၊ စည်ပင်နှင့်ပတ်သက်သော ရေ၊ မီး၊ မိလ္လာသန့်ရှင်းရေး တိုင်ကြားမှုကိစ္စရပ်များ၊ သစ်တောနှင့်သက်ဆိုင်သောကိစ္စရပ်များ၊ လူမှုဖူလုံရေး၊ အလုပ်သမား၊ အလုပ်အကိုင်ကိစ္စရပ်များ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဖြစ်ပါကြောင်း။

 

အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်များထုတ်ပေးခြင်း

အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်များထုတ်ပေးခြင်းအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မှတ်ပုံတင်ခွင့်ပြုထားသော အသင်းအဖွဲ့အရေအတွက်မှာ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့မှ NGO၆၅၀၊ INGO ၁၄၈ ခု၊ တိုင်းဒေသကြီး/ပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့မှ NGO ၁၀၁ ခု၊ နေပြည်တော်ကောင်စီမှတ်ပုံတင်ရေးအဖွဲ့မှ NGO နှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသမှတ်ပုံတင်ရေးအဖွဲ့မှ NGO ငါးခု၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ NGO ၁၅ ခု၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ NGO ၂၇၀ စုစုပေါင်း NGO ၁၀၄၃ ခု၊ INGO ၁၄၈ ခု ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက မြစ်ဆိပ်ကမ်း နှင့် ရေလမ်းကြောင်းထိန်းသိမ်းရေးအတွက် ပြည်ထောင်စုဘတ်ဂျက်မှ ဆောင်ရွက်သည့် လုပ်ငန်းနှစ်ခု၊ တိုင်းဒေသကြီးအစိုးရများ၏ ဘတ်ဂျက်ခွင့်ပြုငွေနှင့် ကမ်းပြို၊ ကမ်းထိန်းလုပ်ငန်း ၃၆ ခု ဆောင်ရွက် လျက်ရှိပါကြောင်း၊ ချင်းတွင်း၀-မုံရွာ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းပြီး ဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် လုပ်ငန်းများ စတင် နိုင်မှုမရှိသေးပါကြောင်းနှင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်မည်

ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၃၆ ခုအနက် ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီးလုပ်ငန်း ၂၈ ခု၊ ၆၅ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်းတစ်ခု၊ ၆၀ ရာခိုင်နှုန်း ပြီးစီးသည့်လုပ်ငန်းနှစ်ခု၊ ၅၅ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်းနှစ်ခု၊ ၅၀ ရာခိုင်နှုန်း ပြီးစီးသည့် လုပ်ငန်းနှစ်ခုတို့ ဆောင်ရွက် ပြီးစီးခဲ့ပါကြောင်း၊ ဧရာဝတီမြစ်ရေ သုံးကြိမ်မြင့်တက်မှုကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်န်ိုင်မှု မရှိ သေးပါကြောင်း၊ မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင် တည်ဆောက်ရန် ဂျပန်န်ိုင်ငံမှ ထောက်ပံ့ငွေ ရရှိရေးအတွက် ဆောင်ရွက်ထားပါကြောင်း။

 

မိုးလေဝသနှင့် ဇလဗေဒကဏ္ဍအတွက် မုန်တိုင်းဖြစ်ပေါ်မှုများကို စောင့်ကြည့်နိုင်ရန် ရန်ကုန်၌ ရေဒါတပ်ဆင်ရေးအတွက် အမြင့် ၇၇ မီတာရှိ တာဝါတည်ဆောက်ခြင်း၊ စက်ကိရိယာ တပ်ဆင်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အယ်နီညိုနှင့် လာနီညာဖြစ်စဉ်များ၏ နောက်ဆုံး အခြေအနေကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး အယ်နီညိုရာသီဥတုဖြစ်စဉ်၏ အခြေအနေများကို တစ်လလျှင် နှစ်ကြိမ် ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ လာနီညာရာသီဥတုဖြစ်ပေါ်လာမှုမှာ ဇူလိုင်မှ စက်တင်ဘာလအထိ ၄၄ ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းရသဖြင့် ဆက်လက်စောင့်ကြည့် ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း။

 

စီးပွားရေးတွက်ခြေမကိုက်သည့် ရထားလမ်း ၁၆ ခုကို ဖျက်သိမ်း

မြန်မာ့မီးရထားအနေဖြင့် မြစ်ငယ်ဒွေးလမ်းတံတား (အရှည်ပေ ၈၆၀)တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ရထားများ အစုန်အဆန်သွားလာန်ိုင်တော့မည်ဖြစ်ပါကြောင်း၊ စီးပွားရေး တွက်ခြေ မကိုက်သော ရထားလမ်းပိုင်းများ ဖျက်သိမ်းရေးစိစစ်မှုများ ဆောင်ရွက်ခြင်းအတွက်လုံး၀ ဖျက်သိမ်းရမည့် ရထားလမ်းပိုင်း ၁၆ ခုကို ဖျက်သိမ်းခဲ့ပြီး ရထားလမ်း ၁၄ ခုကို ပြင်ဆင်ပြေး ဆွဲစေလျက် ရှိပါကြောင်း။

 

MOBILE OPERATION CENTER ဖွင့်လှစ်

ဆက်သွယ်ရေးကဏ္ဍတွင် လှိုင်းနှုန်းအသုံးပြုခွင့်အတွက် လှိုင်းနှုန်းစဉ် လေလံတင်မှု ဆောင်ရွက်ခဲ့ပြီး Action Framework ကို ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ Myanmar National Satellite Project အတွက် ဦးစားပေးရွေးချယ်ထားသော Intelsat Satellite Operator နှင့် အပြီးသတ် စာချုပ်ချုပ် ဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ မိုဘိုင်းစခန်း ၄၄၂၈ ခု ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍ GSM စခန်း ၅၀၀ တိုးချဲ့ ဖွင့်လှစ်ခြင်းကို ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အော်တိုအိတ်ချိန်းရုံးတွင် Mobile Operation Center (MOC) ဖွင့်လှစ်ခဲ့ပါကြောင်း။

 

တိုင်းဒေသကြီး/ပြည်နယ်များတွင် MPT Brand Shop ၄၉ ခု ဖွင့်လှစ်ထားပြီး ထပ်မံ၍ ၂၀ တိုးချဲ့ ဖွင့်လှစ်ရန် လျာထားခဲ့ပါကြောင်း၊ ၄၀ အထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရေအောက်ကေဘယ် ဆက်ကြောင်းအတွက် ငွေဆောင်ကမ်းခြေနှင့် ပုသိမ်မြို့ ရေအောက် ကေဘယ်စခန်းအကြား ၅၈ ကီလိုမီတာ မြေအောက်ဆက်ကြောင်းဖြင့် ဖိုင်ဘာကေဘယ်နှင့် ပါဝင်ကေဘယ် သွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

 

ပို့ဆောင်ရေးမူဝါဒကြေညာချက်သစ်

လုပ်ငန်းစီမံကိန်း ၁၇ ခုအနက် လုပ်ငန်း ၁၆ ခု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး မြစ်ဆိပ်ကမ်းနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေး၊ ကမ်းပြို/ကမ်းထိန်း လုပ်ငန်းစီမံကိန်းတစ်ခုသာ မြစ်ရေ မြင့်တက် မှုကြောင့် ကျန်ရှိပါကြောင်း၊ လုပ်ငန်းတစ်ခုလုံးအတွက် ၈၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ကျန်ရှိ လုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးမူဝါဒ ကြေညာချက်သစ်တစ်ရပ် ချမှတ်နိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြည်သူများအတွက် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို နမူနာဆောက်လုပ် ခြင်း၏ စံနှုန်းများအရ ကျန်ဒေသ အသီးသီးတွင် ဆက်လက် ဆောက်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာ (Low Cost Housing) ၏ နမူနာပုံစံကို အဆောက်အအုံ ဦးစီးဌာန၊ ဗိသုကာ၊ ပုံထုတ်-ခန့်သု၊ ရေသန့်၊ လျှပ်စစ် ဌာနခွဲများမှ ဆောင်ရွက်ပြီးစီး၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီးဖြစ်ပါကြောင်း။

 

ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာနမူနာစီမံကိန်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ရပ်ကွက်တွင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ နမူနာ စီမံကိန်းကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆောက်အအုံဦးစီးဌာနသို့ လုပ်ငန်းအပ်နှံမှုဖြင့် အဆောက်အအုံ ဦးစီးဌာန၊ အဆောက်အအုံ အထူးအဖွဲ့ (၂) မှ ရှစ်ခန်းတွဲ ငါးထပ် အိမ်ခန်း ၄၀ ပါ သံကူကွန်ကရစ် (R.C.C) အဆောက်အအုံတစ်လုံးနှင့် သံထည် (Steel Structure) အဆောက်အအုံတစ်လုံး၊ စုစုပေါင်း အဆောက်အအုံနှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို မေ ၂၆ ရက် မှ စတင်ဆောင်ရွက်လျက် ရှိပါကြောင်း။

 

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Myanmar National Building Code - MNBC) ကို အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Myanmar National Building Code -MNBC) ကို စည်းမျဉ်းစည်းကမ်း (Code) အနေဖြင့် ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် MNBC ကို ဥပဒေပြုနိုင်ရေးအတွက် UN-Habitat အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် စည်းမျဉ်းစည်းကမ်း အဖြစ် လိုက်နာဆောင်ရွက်သွားရန် အထိန်းအကွပ် တစ်ရပ်အနေဖြင့် ရရှိလာမည်ဖြစ်ပါကြောင်း။

 

ဂိတ် ၁၆၀ ကျော် လမ်း/တံတား အသုံးပြုခ ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု နိုင်ငံတစ်ဝန်း လမ်း/တံတားအသုံးပြုခ ကောက်ခံ လျက်ရှိသည့်ဂိတ်အရေအတွက် ၃၀၂ ဂိတ်အနက်မှ ၁၆၁ ဂိတ်ကို လမ်း/တံတားအသုံးပြုခ ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ် လေးခုတို့တွင် လမ်းဂိတ် ၈၉ ဂိတ်နှင့် တံတားဂိတ် ၇၂ ဂိတ် စုစုပေါင်း ၁၆၁ ဂိတ်ကို ဧပြီ ၁ ရက်မှ စ၍ တိုးလ်ဂိတ်ကောက်ခံခြင်းမှ ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း၍ ဘေးကင်းလုံခြုံရေးအတွက်  ကားများထားရှိ ဆောင်ရွက်ခြင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်မဆမှု အဖြစ် များသောနေရာများတွင် Road Patrol ကားနှစ်စီးဖြင့် စောင့်ကြပ်ကြည့်ရှုရန် မိုင်တိုင် အပိုင်းအခြား အလိုက်နှင့် အချိန်နာရီအလိုက် တာဝန်ချထားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် က အစိုးရသစ်တာဝန်ယူပြီးနောက် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ ဘေးကင်း လုံခြုံမှုကို ပိုမိုဖန်းတီးပေးနိုင်ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖြည့်ဆည်းပေးရန် ရည်ရွယ် ချက်ဖြင့် ဦးစားပေးစီမံချက် ခုနစ်ရပ်ပါဝင်သော ရက် ၁၀၀ စီမံချက်ကို ဧပြီ ၂၁ ရက်မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၈ ရက်တွင်လုပ်ငန်းစီမံချက် ငါးရပ်မှာ ရာနှုန်းပြည့်ပြီးစီးပြီး ကျန်စီမံချက်နှစ်ရပ်မှာ ၉၈ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း။

 

မြေပြိုဆည်ကျိုးပေါက်ခြင်းကြောင့် ဘေးအန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးခဲ့ပြီ

ချင်းပြည်နယ် မြေပြိုဆည်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်လျော့ပါးစေရေးအတွက် အရေးပေါ် တုံ့ပြန်ရေး စီမံချက်အရ နေပြည်တော်သို့ ဆည်အခြေအနေသတင်းပို့နိုင်ရန် Single Side Band (SSB) ဆက်သွယ်ရေးစက်နှစ်လုံးတပ်ဆင်ခြင်း၊ မြေပြို၊ ဆည်ပြိုခဲ့ပါက ဘေးလွတ်ရာ ရွှေ့ပြောင်း နေထိုင်ရမည့် နေရာ ၆၆ ခု သတ်မှတ် ဖော်ထုတ်ခြင်း၊ ယင်းမြေပြိုဆည်ပြိုကျလာပါက ရာဇဂြိုဟ် ဆည်သို့ နုန်းများ အတိုင်းအဆမရှိ ဝင်ရောက်၍ ဆည်ထိခိုက်မှုကာကွယ်ရေးနုန်းတားဆည် သုံးခု တည်ဆောက်ရန် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၂၅၈ ဒသမ ၀၆ သန်းကို သုံးစွဲနိုင်ရန် စီစဉ်ပေးခဲ့ပါကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ မြေပြိုဆည်တွင် ပေ ၃၀၀_ပေ ၂၀ ရေပိုလွှဲဖောက်လုပ်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဇူလိုင် ၃ ရက်တွင် ယင်းရေပိုလွှဲမှ ရေတိုက်စားကာ ဆည်ကျိုးပေါက်ခဲ့သဖြင့် တည်ဆောက်ဆဲ နှုန်းဖမ်းဆည်သုံးခုထိခိုက်ပျက်စီးခဲ့ပြီး ယခုအခါ မြေပြိုဆည်တွင် ရေအနည်းငယ်သာကျန်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွက် မြေပြိုဆည်ကျိုးပေါက်ခြင်းကြောင့် ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးခဲ့ပြီ ဖြစ်ပါ ကြောင်း။

 

နေပြည်တော်ရှိ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre- EOC)  အဆင့်မြှင့်

တင်ခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ကျ ရောက်လွယ်သော ဒေသများတွင် ပြည်သူ လူထုထံ ကြိုတင်သတိပေးချက်ရရှိစေရေးအတွက် Single Side Band (SSB)  စက်များ တပ်ဆင်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ပြည်သူများကိုယ်စားသတင်းပေးပို့နိုင်မည့် Kobo Collect Mobile Application  ထုတ်ဝေမှု ၁၀၀ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ကြိုတင်သတိပေးချက်များအား ပြည်သူများထံ သတိပေး နိုင်မည့် (Disaster Alert Notification-DAN) Mobile Application ဆောင်ရွက်ခြင်း ၁၀၀ ရာခိုင်နှုန်းနှင့် ပြည်သူလူထု ကိုယ်တိုင် ပါဝင်သော မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင်မြင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မူလလျာထားသည့် လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်သဖြင့် ကျန်ရှိနေသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

HELP LINE နှင့် HOT LINE ဖုန်းနံပါတ်များ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနတို့မှ ဆောင်ရွက်ပေး နေသည့် လုပ်ငန်းများနှင့် ဆက်စပ်ပြီး ပြည်သူများ သိရှိလိုသည့် သတင်းအချက်အလက်များ ဆက်သွယ်မေးမြန်း၍ အကူအညီရယူနိုင်ရန် နေပြည်တော်တွင် HELP LINE နှင့် HOT LINE ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၄၀၄၆၆၆ နှင့် ၄၀၄၇၇၇ တို့ကို တပ်ဆင်စေပြီး ၂၄ နာရီ ဝန်ဆောင်မှုပေး ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှလည်း ပြည်သူ့ဆက်ဆံရေးဌာန ဖွင့်လှစ်၍ ဖုန်းအမှတ်-၀၉၄၅၃၁၉၇၂၈၅ သို့ ဆက်သွယ်၍ လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များ၊ အကူအညီများဆက်သွယ်ဆောင်ရွက်နိုင်နေပြီဖြစ်ပါကြောင်း။

 

လူငယ်မူဝါဒရေးဆွဲရေးအကောင်အထည်ဖော်ရေးစီမံချက်ကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူငယ်မူဝါဒ (မူကြမ်း) ရေးဆွဲရေးအဖွဲ့တွင် လူငယ်များကိုယ်တိုင်ပါဝင်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များနှင့်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရေးနှင့် လူငယ်မူဝါဒတွင် ထည့်သွင်းရေးဆွဲမည့် အချက်များပေါ်ထွက်လာရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စီမံချက် အနေဖြင့် ၇၀ ရာခိုင်နှုန်းပြီးစီးအောင်မြင်ခဲ့ကြောင်း။

 

လမ်းပေါ်နေကလေးများနှင့် မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်

လူငယ်မူဝါဒရေးဆွဲရေးအကောင်အထည်ဖော်ရေး စီမံချက်ကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူငယ်မူဝါဒ (မူကြမ်း) ရေးဆွဲရေးအဖွဲ့တွင် လူငယ်များကိုယ်တိုင်ပါဝင်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များနှင့်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရေးနှင့် လူငယ်မူဝါဒတွင် ထည့်သွင်းရေးဆွဲမည့် အချက်များပေါ်ထွက်လာရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ စီမံချက် အနေဖြင့် ၇၀ ရာခိုင်နှုန်းပြီးစီးအောင်မြင်ခဲ့ကြောင်း။

 

လမ်းပေါ်နေကလေးများနှင့် မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်လမ်းပေါ်နေကလေးများနှင့် တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ မသန်စွမ်းသူများအား ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းစီမံချက်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အတွက် ရည်ရွယ်ဆောင်ရွက်ပါကြောင်း၊ ဤစီမံချက်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့များကို တွေ့ဆုံဆွေးနွေးတင်ပြခဲ့ပါကြောင်း၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဖက်ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန် နှင့်မန္တလေးမြို့များတွင် ကနဦးဆန်းစစ်ချက်များ ပြုလုပ်၍ ဦးတည်အုပ်စု၏ လိုအပ်ချက်များ ဖော်ထုတ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆိုပါလမ်းပေါ်နေ ကလေးများနှင့် ခိုကိုးရာမဲ့များအား ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့် ရှောက်ခြင်း၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခြင်း၊ ပြန်လည် ထူထောင်ခြင်း၊ အရေးယူအပြစ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ဆန်းစစ်တွေ့ရှိချက်ကို အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့အတွက် စီမံချက်ကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း။

 

ချင်းပြည်နယ်အတွက် လူမှုကာကွယ်စောင့်ရှောက်ပေးရေး

 မြန်မာနိုင်ငံ၏ ဆင်းရဲမှုအမြင့်မားဆုံး ချင်းပြည်နယ်မှ ထိခိုက်အားနည်းလွယ်သော အုပ်စုများအား လူမှု ကာကွယ်စောင့်ရှောက်မှု များပေးနိုင်ရေးအတွက် စီမံချက် တစ်ရပ်ပေါ်ထွန်းလာရန် ဦးတည် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်စောင့်ရှောက်ပေးရမည့် အုပ်စုများဆိုင်ရာ စာရင်း ကောက်ယူမှုနှင့် အတည်ပြုမှုအတွက် လမ်းညွှန်များ၊ စာရင်းဇယားပုံစံများ ပြုစုခြင်း၊ စီမံချက် ရေးဆွဲခြင်းတို့ကို ၂၀၁၆ ခုနှစ် မေလအစောပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး မေ ၁၇ ရက်တွင် ဤလုပ်ငန်း အကောင်အထည်ဖော်ရာ၌ ပါဝင်သက်ဆိုင်မည့်သူများနှင့် လွှတ်တော်ကိုယ်စားလှယ် များအား ရှင်းလင်း အသိပေးခဲ့ပါကြောင်း၊ ဇွန် ၂၀ ရက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းမှာ လူမှုကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ဝန်ကြီးဌာနက စီမံချက် ဖော်ထုတ် ပေးခြင်းဖြစ်ပြီး နိုင်ငံတော်က ရန်ပုံငွေသတ်မှတ်ခွင့်ပြုပေးခြင်း (သို့မဟုတ်) ရန်ပုံငွေ ရရှိနိုင်ရေး အခြားနည်းလမ်းများ ဖော်ထုတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ ဘဝပိုမိုလုံခြုံအေးချမ်းစေရန်နှင့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ရေရှားပါးမှုပြဿနာအတွက် ငွေကျပ်သန်း

၂၇၀ ကျော် သုံးစွဲ ဦးစားပေးစီမံချက် (၇)ရပ်အပြင် အယ်နီညိုကြောင့် ရေရှားပါး၍ ဆင်းရဲဒုက္ခ ရောက်ရှိနေသော ပြည်သူများအား ဧပြီ ၁၇ ရက်မှ မေ ၃၁ ရက်အထိ သောက်သုံးရေသန့် လီတာ ၃၁၃၃၀၊ သောက်သုံးရေ ၆၃၃၁၅၅ ဂါလန် ဖြန့်ဝေခြင်းအတွက် ဝန်ကြီးဌာနဘတ်ဂျက်မှ ကျပ်သန်း ၉ ဒသမ ၉၄၂ သန်းနှင့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၉ ဒသမ ၄၅၅ သန်း စုစုပေါင်း ငွေကျပ်သန်း ၁၉ ဒသမ ၃၉၈ သန်းကို သုံးစွဲဆောင်ရွက် ခဲ့ပါကြောင်း၊ ထို့အပြင် ရေတွင်းရေကန်တူးဖော်ခြင်း၊ ရေသန့်စက်များထောက်ပံ့ခြင်းနှင့် ယာယီရေလှောင်ကန် ပြုလုပ်ရန် အတွက် ငွေကျပ် ၂၅၇ ဒသမ ၁၄ သန်းသုံးစွဲခဲ့ သဖြင့် အယ်နီညိုကြောင့် ရေရှားပါးမှုပြဿနာအတွက်

စုစုပေါင်း ကျပ်သန်း ၂၇၆ ဒသမ ၅၃၉ သုံးစွဲဆောင် ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်း ဖြေကြားကြသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်မှု နည်းပါးကြောင်းနှင့် ယခုမည်သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က လာဘ်ပေးလာဘ် ယူမှုနှင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို ယခင် အစိုးရလက်ထက်က စတင်၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဆောင်ရွက် ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးထားပြီး ယနေ့အချိန်ထိ အဂတိလိုက်စားမှု နှင့်ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့က ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မရှိခင်က အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကို နိုင်ငံတော်အစိုးရက တိုက်ရိုက်တာဝန်ပေးအပ်ပြီး ခိုင်းခဲ့ပါကြောင်း။

 

ငွေကြေးခဝါချမှုလုပ်ငန်းများ အဓိက စုံစမ်းဖော်ထုတ်

ယခုအချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဆောင်ရွက်လျက်ရှိသည့်အတွက် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ငွေကြေးခဝါချမှုလုပ်ငန်းများကို အဓိကစုံစမ်းဖော်ထုတ်၍ တရားစွဲဆို ဆောင်ရွက်ပါကြောင်း၊ ယခုကာလအတွင်း တာဝန်ပေးမှု ၃၉ မှု ရှိပါကြောင်း၊ ဆောင်ရွက် ပြီးစီးမှု ၂၉ မှုဖြစ်ပြီး လက်ကျန် ၁၀ ခုရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ငွေကြေး စီးဆင်းမှု မှန်ကန်မျှတခြင်း၊ ဆုံးရှုံးသွားသည့် ပြည်သူ့ဘဏ္ဍာများ ပြန်လည်ရရှိခြင်း အကျိုးအမြတ် များကို ရရှိခဲ့ပါကြောင်း။

 

တိုင်စာများလည်း စုံစမ်းစစ်ဆေး

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တိုင်စာများကိုလည်း စုံစမ်းစစ်ဆေးပါကြောင်း၊ အထက်အဖွဲ့ အစည်း အဆင့်ဆင့်၏ တာဝန်ပေးချက်အရ ဝန်ထမ်းမသမာမှုကိစ္စများ၊ အဂတိတရား လိုက်စားမှု ကိစ္စများကို စုံစမ်းပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားမှုအရ ဆောင်ရွက်ရပါကြောင်း၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူကိစ္စများကို တိုက်ရိုက် ဆောင်ရွက်ရခြင်းမဟုတ်ဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အကူအညီပေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

 

အဂတိလိုက်စားမှုကိစ္စရပ်များကို တိုင်ကြားရာတွင် အရေးယူဆောင်ရွက်မှု အားနည်းနေသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သီးခြားအစီအစဉ်ဖြင့် ဆောင်ရွက်ရန် ရှိ၊ မရှိနှင့် ယခင်အတိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အထူးတာဝန်ပေးခိုင်းစေရန် ရှိ၊ မရှိမေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ယခုကိစ္စကို နိုင်ငံတော်သမ္မတရုံး၏ အစီအမံအတိုင်း သာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဌာနအသီးသီးတွင် အရေးယူဆောင်ရွက်မှုများရှိပြီး အချို့ဝန်ထမ်းများကို ထုတ်ပယ်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်သူကိုမျက်နှာမူသည့် အစိုးရဖြစ်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေအနေပေးသည့်အခါ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူ ဆောင်ရွက်ခဲ့မှုများကို သတင်းထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

CID မှုခင်းတပ်ဖွဲ့

အစိုးရသစ် ရက် ၁၀၀ အတွင်း CIDမှုခင်းတပ်ဖွဲ့က ကိုင်တွယ်နေသည့် အမှုကြီးများ ဖော်ထုတ်နိုင်မှု ရှိ၊ မရှိနှင့် ဖယ်ခုံမြို့တွင် IS အယောက် ၈၀ ကျော်ရောက်နေသည် ဆိုသည့်ကိစ္စ မှန်၊ မမှန် သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က CID မှုခင်းတပ်ဖွဲ့အနေဖြင့် အမှုကြီးများကို စုံစမ်းဖော်ထုတ်ပါကြောင်း၊ လူသတ်၊ လုယက်၊ ဖောက်ထွင်းမှု အပါအဝင်အမှုကြီး ၁၀ မျိုးတွင် ခေတ်မီသည့် ကိရိယာများဖြင့်ဆောင်ရွက်ရန် စီမံနေပါကြောင်း၊ အမှုကြီးများထဲတွင် လူသတ်မှု၊ မုဒိန်းမှုများကို နှစ်စဉ် ပိုမိုဖမ်းဆီးရမိမှုရှိပါ ကြောင်းနှင့် ဖယ်ခုံတွင် IS များ ရောက်နေ သည်ဆိုသည့် သတင်းမှာ မှားယွင်းသည့် သတင်းဖြစ်ပါကြောင်း ဖြေကြားသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် စီမံရေးရာဌာနညွှန်ကြားရေးမှူး ရဲမှူးကြီးဇော်ဝင်းအောင်က CID မှုခင်း တပ်ဖွဲ့အနေဖြင့် ဖော်ထုတ်ရန် ခက်ခဲသည့်အမှုများ၊ အများပြည်သူစိတ်ဝင်စားနေသည့်အမှုများ၊ ငွေတု ပြုလုပ်သည့်အမှုများကို ဖော်ထုတ်ပေးပါကြောင်း၊ ထို့ပြင်မှုခင်းတပ်ဖွဲ့မှ ကျွမ်းကျင်သူများသည် သိပ္ပံနည်းကျထင်မြင်ချက်ပေးနိုင်ရေး ဆောင်ရွက်ပါကြောင်း။

 

အမှုကြီးများ ၉၀ ရာခိုင်နှုန်းခန့် ဖော်ထုတ်နိုင်ခဲ့ရက် ၁၀၀ စီမံချက်ကာလအတွင်း အမှုကြီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မှုခင်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖော်ထုတ်သည့်အခါ ၈၉ ဒသမ ၂ ရာခိုင်နှုန်းအထိ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ အခြားအမှုများနှင့်ပတ်သက်ပြီး ဖြစ်ပွားမှုများအပေါ် စီမံချက်ကာလအတွင်း ၉၁ ဒသမ ၇၄ ရာခိုင်နှုန်းအထိ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထုအပိုင်းကလည်း မှုခင်းကျဆင်းရေးအသိပညာပေးမှု များကို လိုက်နာရန်လိုအပ်ပါကြောင်း၊ ပြည်သူများက ဝိုင်းဝန်း ပူးပေါင်း လိုက်နာမှသာလျှင် မှုခင်းများ လျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

စည်းကမ်းချက်များနှင့်အညီ မြေဂရန်များ ထုတ်ပေးနေ

ရက် ၁၀၀ စီမံချက်နောက်ပိုင်း ပြည်သူများ မြေဂရန် လျှောက်ထားသည့်အခါ လွယ်လင့်တကူ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် မည်သို့ညွှန်ကြားပေးနိုင်မလဲ၊ မြေပုံမြေစာရင်း ရေးကူးခွင့်လျှောက် ထားရာတွင် မည်သို့လျှောက်ထားရမည်၊ မည်မျှကြာမည်ကို သိရှိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က မြေငှားဂရန်များကို တည်ဆဲဥပဒေများအရ ဆောင်ရွက် ရပါကြောင်း၊ မြေငှားရမ်းထုတ်မည်ဆိုပါက ယင်းမြေနှင့်ပတ်သက်၍ ကန့်ကွက်မှုရှိ၊ မရှိ ဥပဒေနှင့်အညီ ကြေညာ ရပါကြောင်း၊ ဥပဒေအရ ရက် ၃၀ သတ်မှတ်ထားသည့် ရက်ပြည့်သည်အထိ ကြေညာရ ပါကြောင်း၊ ယင်းမြေအား ကန့်ကွက်မှုမရှိသည့်အခါ လျှောက်လွှာစိစစ်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း၊ ကန့်ကွက်လွှာများ ခေါ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ရပါ ကြောင်း၊ ယင်းမြေသည် သစ်တောမြေ၊ မြေလွတ်မြေလပ်မြေရိုင်း၊ ယဉ်ကျေးမှုနယ်မြေ၊ ရှေးဟောင်းနယ်မြေ၊ စားကျက်မြေ၊ ဘုံမြေစသည့် အမျိုးအစားထဲတွင် ပါဝင်ပါက ဂရန်ပေး၍ မရပါကြောင်း၊ မြို့အဖြစ် တရားဝင်ဥပဒေ အရ သတ်မှတ် ထားသည့်မြေကို ဂရန်ပေးခြင်းဖြစ်ပါကြောင်း။

 

တိုင်ကြားနိုင်

ဂရန်ပြုလုပ်ရာတွင် တစ်ဧကထက်မပိုသောမြေကို ခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပေးရပြီး ရက် ၄၀ အတွင်းထုတ်ပေးရန်၊ တစ်ဧကထက်ပိုသော ငါးဧကအထိမြေကို တိုင်းအုပ်ချုပ်ရေးမှူးက ထုတ်ပေးရပြီး ရက် ၆၀ အတွင်း ထုတ်ပေးရန်၊ ငါးဧကထက်မြေများကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ထုတ်ပေးရပြီး ရက် ၈၀ ထုတ်ပေးရန် ဖြေလျှော့မှုများ ပြုလုပ်ပေးထား ပါကြောင်း၊ ကန့်ကွက်မှုများရှိပါက ယခုရက်များထက် ပိုမိုကြာမြင့် နိုင်ပါကြောင်း၊ မြေငှားဂရန်နှင့်ပတ်သက်၍ သတ်မှတ်ရက် ကာလထက်ပိုပြီး ကန့်ကွက်မှုမရှိ၊ မြေသည်လည်း မြို့မြေ၊ ဂရန်ပေးနိုင်သည့်မြေဖြစ်ပါလျက် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး၊ တိုင်းအုပ်ချုပ်ရေးမှူးများက ကပ်ထားခြင်း၊ မလုပ်ပေးခြင်းပြုလုပ်ပါ က တိုင်ကြားနိုင်ပါကြောင်း နှင့် အရေးယူပေးလျက် ရှိပါကြောင်း ဖြေကြားသည်။

 

ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက နိုင်ငံပိုင် လုပ်ငန်းများအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့မှု များနှင့်စပ်လျဉ်းပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ယခင်အစိုးရသက်တမ်းတွင် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်သည့် ဌာန လေးခုရှိပါကြောင်း၊ ယင်းတို့အနက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အခြေခံပြည်သူများ အတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ပြည်တွင်းရေကြောင်းအနေဖြင့် နိုင်ငံတော်၏လမ်း၊ တံတားများဖွံ့ဖြိုးလာသော်လည်း မြစ်ကြောင်းပြုပြင် ထိန်းသိမ်းမှုအပိုင်း၌ နည်းပညာနှင့် ဘဏ္ဍာ ငွေခွဲဝေရရှိမှု တို့တွင် အားနည်းခဲ့ပါကြောင်း၊ ထို့အပြင် လမ်း၊ တံတားများတိုးတက်လာမှုကြောင့် ပြည်သူများအနေဖြင့် အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်မှုကို အသုံးပြုမှုများလာပါ ကြောင်း၊ ပြည်တွင်းရေကြောင်းအနေဖြင့် ရခိုင်ကမ်းရိုးတန်းဒေသနှင့် ဧရာဝတီကမ်းရိုးတန်းဒေသရှိ နေရာ အချို့မှလွဲ၍နေရာတော်တော်များများတွင် အခက်အခဲများ ကြုံတွေ့ရပြီး အရှုံးပေါ်နေပါကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ယခုလုပ်ငန်းများကို မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန် ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရေကြောင်းက ပိုင်ဆိုင်သော မြေများပေါ်တွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ပါက ဝင်ငွေရရှိမည် ဖြစ်သော်လည်း ဝန်ဆောင်မှုဌာနတစ်ခုဖြစ်ခြင်း၊ ခေတ်ကာလနှင့် လိုက်လျောညီ ထွေမှုမရှိခြင်းတို့ကြောင့် အရှုံးပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ အရှုံးပေါ်သည့်လုပ်ငန်းကို ဖျက်သိမ်းပါ ကလည်း ပြည်သူလူထု၏ လိုအပ်ချက်ရှိနေသည့်အတွက်နိုင်ငံတော်ဘတ်ဂျက်သို့ ပြန်လည် ဝင်ရောက်ရခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

 

နိုင်ငံတော်ဘဏ္ဍာငွေသက်သာမှု

မြန်မာ့မီးရထားလမ်းပိုင်းများ ရပ်ဆိုင်းမှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ သက်သာမှုအခြေအနေနှင့် စပ်လျဉ်းပြီး မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက မြန်မာ့မီးရထားအနေဖြင့် စီးပွားရေးအရ တွက်ခြေမကိုက်သည့် လူစီးရထားတွဲ ၁၆ စင်းကိုရပ်ဆိုင်းပြီး ကျန်လူစီးရထားတွဲ ၁၄ စင်းကို ခရီးစဉ်ပြောင်းလဲပြေးဆွဲခဲ့ပါကြောင်း၊ ခရီးစဉ်များရပ်ဆိုင်းခြင်းနှင့် ပြောင်းလဲပြေးဆွဲသည့် အတွက် ခရီးသည် ၈၀၀ ကျော်ခန့် လျော့နည်း၍ ဝင်ငွေတစ်ရက်လျှင် နှစ်သိန်းခွဲကျော် လျော့နည်း သွားပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စက်သုံးဆီကုန်ကျမှုတစ်ရက်လျှင် ပျှမ်းမျှ ၂၉၉ ဂါလန် (တန်ဖိုး ငွေကျပ်ကိုးသိန်းခန့်) လျော့နည်းသက်သာသွားပါကြောင်းရှင်းလင်းဖြေကြားသည်။

 

အဆောက်အအုံများ အရည်အသွေးထိန်းသိမ်းရေး

ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်လင်းက အဆောက်အအုံများ အရည် အသွေး ထိန်းသိမ်းမှုအပိုင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိအဆောက်အအုံများကို ပုဂ္ဂလိကပိုင်းက ဆောက်လုပ်ရာတွင် အချို့သည် စံချိန်စံညွှန်းမမီသည့်အပြင် လုပ်ငန်းခွင် အန္တရာယ်ကင်းမှု မရှိသည့် အတွက် ပြိုကျမှုများရှိပါကြောင်း၊ ရန်ကုန်၊ မန္တလေးသာမက နယ်များတွင်လည်း ဖြစ်နေပါကြောင်း။

 

ဆောက်လုပ်ရေးစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘုတ်အဖွဲ့ ဥပဒေထို့ကြောင့် စံချိန်စံညွှန်းမီ အဆောက်အအုံ များနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုရှိသော လုပ်ငန်းခွင်များ ဖြစ်စေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေးစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ ဥပဒေ (Construction Industry Development Board Law – CIDB Law)  ကို ရေးဆွဲနေပါကြောင်း၊ ထိုဥပဒေကို နိုင်ငံတိုင်းတွင် ရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ မလေးရှားနိုင်ငံတွင် Construction Industry Development Board Construction Industry Development Board Law  လည်းရှိပါကြောင်း၊ စင်ကာပူနိုင်ငံတွင် အဆောက်အအုံဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (Building Construction Authority – BCA) ရှိပါကြောင်း။

 

ဆောက်လုပ်ရေးစီမံခန့်ခွဲမှုစည်းမျဉ်း

မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့၏ ဥပဒေ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်နှင့် ဆောင်ရွက်နေသည့် အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့၏ စည်းမျဉ်းဥပဒေများအတိုင်း ကွဲပြားစွာဆောင်ရွက်နေ ပါကြောင်း၊ တစ်နိုင်ငံလုံး ဆောက်လုပ်ရေးဆိုင်ရာမူဝါဒ တစ်ခုဖြစ်ရန်အတွက် CIDB Law  ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းခွင်တိုင်းတွင် ဘေးကင်းလုံခြုံမှု အင်ဂျင်နီယာနှင့် ဘေးကင်းလုံခြုံမှုအစီအမံ (Safety Measures)  များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြို့ပြစီမံကိန်းများရေးဆွဲရာ၌ အတိုင်းအတာနှင့် သတ်မှတ်ချက်များသည် တစ်ပြေးညီဖြစ်ရန် ရေးဆွဲနေပါကြောင်း၊ အလားတူ CIDB Law  နှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ဆောက်လုပ်ရေးစီမံခန့်ခွဲမှု စည်းမျဉ်း (Construction Management Regulation) ကို ကိုရီးယားနိုင်ငံ ဆောက်လုပ်ရေးစီမံ ခန့်ခွဲမှုအသင်း၏ အကူအညီဖြင့် ရေးဆွဲနေ ပါကြောင်း၊ ၎င်းဥပဒေကို လေးစားလိုက်နာကျင့်သုံးရေးအတွက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းကို ရေးဆွဲပြဋ္ဌာန်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အခန်းပေါင်း တစ်သိန်းရှစ်သောင်း ဖော်ထုတ်သွားမည်

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ဆောင်ရွက်နေမှု နှင့်စပ်လျဉ်းပြီး သိန်းတစ်ရာအောက် တန်ဖိုးနည်း အိမ်ရာများ ပေါ်ထွန်းလာရေးအတွက် နမူနာအိမ်နှစ်လုံးကို နေပြည်တော် ရွှေနံ့သာရပ်ကွက်တွင် စတင်စမ်းသပ်ဆောက်လုပ်နေပါကြောင်း၊ ၎င်းနမူနာပုံစံရရှိပါက တစ်နိုင်ငံလုံးတွင် ဆက်လက် ဆောက်လုပ် သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဆောက်လုပ်ဆဲအခန်းပေါင်း ၂၂၀၀ ကို ယခုလေးလ အတွင်း အပြီးတည်ဆောက်ခဲ့ပါကြောင်း၊ အဆိုပါအိမ်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် အိမ်ရာအမှန်တကယ် လိုအပ်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရောင်းချ ပေးသွားမည် ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာများကို ပုဂ္ဂလိကပိုင်းနှင့် အစိုးရပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး ငါးနှစ်တာကာလအတွင်းအခန်းပေါင်း ၁၈၀၀၀၀ ခန့် ဖော်ထုတ်သွားရန်အတွက် မြေနေရာ ရှာဖွေနေ ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် အခန်းပေါင်း ၈၀၀၀ အတွက် မြေနေရာ ရရှိပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

 

အမြန်လမ်းအတွက် နိုင်ငံတကာမှ အကူအညီများ တောင်းခံထား

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန်က အမြန်လမ်းမကြီး၏ ပင်မ စီမံချက်အရ ကားကြီး၊ ကားငယ်အကုန်အသုံးပြုနိုင်မည့် ခြောက်လမ်းသွားလမ်းအဖြစ် တည်ဆောက် သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း ပြီးစီးပါက လမ်းဘေးအကာ အရံများ အပါအဝင် လမ်းမကြီးတစ်လျှောက်ကို အပြည့်အဝ ထိန်းချုပ်သွားမည့်အပြင် ကျေးရွာချင်းဆက် လမ်းများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ယခုငါးနှစ်အတွင်း ရန်ကုန် နေပြည်တော် အမြန်လမ်းပိုင်းကို ပင်မစီမံချက်အတိုင်း တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ တောင်းခံထားပါကြောင်း ဖြေကြားသည်။

 

ရန်ကုန်-မန္တလေးလမ်းဟောင်း အဆင့်မြှင့်တင်ရေး

ထို့ပြင် ရန်ကုန်-မန္တလေးလမ်းဟောင်းအဆင့်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်-မန္တလေး လမ်းဟောင်း ကို လေးလမ်းသွားအဆင့်မြှင့်တင်ရန် ဆောင်ရွက်မည့်ကုမ္ပဏီများရှိပါကြောင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်း ကို ပြည်သူများအတွက်ခြောက်လမ်းသွား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးမည့် ကုမ္ပဏီများ ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ရန်ကုန်-မန္တလေးလမ်းဟောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များပြီးစီးမည်ဟု မျှော်လင့်ပါကြောင်း၊ အဆိုပါအဆင့်မြှင့်တင်မှုလုပ်ငန်းများကို ကုမ္ပဏီခုနစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀ စီမံချက်အတွင်း သာမက စီမံချက်အလွန်တွင်လည်း ပြည်သူ့လိုလားချက်များကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရေဘေးသင့်ဒုက္ခသည်များ လုံလုံလောက်လောက် စားသောက်နိုင်အောင် စီမံထားရေဘေးသင့် ဒေသများသို့ ထောက်ပံ့ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ရေဘေးသင့် ဒေသများကို ထောက်ပံ့ရေးပစ္စည်များ ပေးပို့ရာတွင် အနီးဆုံးဒေသမှဝယ်ပြီး မြန်မြန် ဆန်ဆန် ထောက်ပံ့ပေးပါကြောင်း၊ ရေဘေးသင့်ပြည်သူများကိုမျှမျှတတ လုံလုံလောက်လောက် စားသောက်နိုင်ရေး စီမံထားပါကြောင်း၊ ဆန်ကို ဒေသပေါက်ဈေးအတိုင်း ဝယ်ယူ ထောက်ပံ့ ပေးပါကြောင်း၊ ဘတ်ဂျက်အနေဖြင့် လုံလောက်မှု ရှိပါကြောင်း၊ ထပ်မံလိုအပ်ပါကလည်း နိုင်ငံတော်မှ ထပ်မံဖြည့်တင်းပေးရန် အစီအစဉ်ရှိပါကြောင်း။

 

နာဂဒေသအတွက် အာဟာရဖြည့်စွက်ဆန်များဝယ်ယူပို့ဆောင်

 နာဂဒေသမှာ အာဟာရချို့တဲ့မှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဟာရဖြည့်စွက်ဆန်ဝယ်ယူပြီး တပ်မတော် လေယာဉ်ဖြင့် ဟုမ္မလင်းမြို့သို့ ဩဂုတ် ၁၆ ရက် နေ့လည်ပိုင်းမှာ ပို့ဆောင်ခဲ့ပါကြောင်း၊ ၎င်းမှတစ်ဆင့် လဟယ်မြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ပေးပို့လျက်ရှိပါကြောင်း၊ သဘာ၀ဘေးဖြစ်လာပါက တပ်မတော်၊ အစိုးရအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။