အစိုးရသစ်၏ ပထမ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် တတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၉

အစိုးရသစ်၏ ပထမရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် တတိယ အကြိမ် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ရက် (၁၀၀) အတွင်း လုပ်ငန်းစဉ် (၇) ရပ်ကို ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းတို့မှာ ကုမ္ပဏီ မှတ်ပုံတင်ကြေးများ ပြင်ဆင် သတ်မှတ်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း စီမံကိန်း၊ ငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ အောင်ဘာလေထီ ၅၀၀ ကျပ်တန် ထီအမျိုးအစားကို တိုးချဲ့ ထုတ်ဝေ ရောင်းချနိုင်ရန် ပြင်ဆင်ခြင်း၊ တယ်လီဖုန်းပြောဆိုခအပေါ်တွင် ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ပညာရေးကဏ္ဍတွင်သုံးစွဲရန် ဆောင်ရွက်ခြင်း၊ ရန်ကုန် ဆိပ်ကမ်းနှင့် လေဆိပ်တို့တွင် မြန်မာအလိုအလျောက်နည်းသုံး ကုန်စည် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) အသုံးပြု၍ ကုန်စည် ရှင်းလင်းခြင်း၊ ဆိပ်ကမ်းတွင် ထုတ်ကုန်/သွင်းကုန် ရှင်းလင်းခြင်း လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်းနှင့် လေကြောင်းကုန်စည်သွင်းကုန် ရှင်းလင်းရေး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

လုပ်ငန်းစဉ် (၉)ရပ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်းက သာသနာရေး ဆိုင်ရာအနေဖြင့် လုပ်ငန်းစဉ် (၉) ရပ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းတို့မှာ ဝိသာခါတန်ဆောင်း အကြီးစား ပြုပြင်ခြင်း၊ ဒဂုံသီရိဘေးမဲ့ကန် ပြန်လည်တူးဖော်ခြင်း၊ ယဉ်ကျေး လိမ္မာသင်တန်းများ ဖွင့်လှစ် ပို့ချခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ ဆရာမများ၏ ထောက်ပံ့ကြေး တိုးမြှင့်ခြင်း၊ မြိုင်ကြီးငူ မြေပြဿနာ အငြင်းပွားမှုကိစ္စ ဖြေရှင်းဆောင်ရွက်ခြင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ဆောင်ရွက်ခြင်း၊ သာမဏသာရုပ္ပ မဖြစ်သော ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ခြောက် ကျောင်းကို အထက်တန်းအဆင့် တိုးမြှင့်ခြင်းနှင့် ဂေါပကအဖွဲ့များအား ကြီးကြပ် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။

 

ကမ္ဘာ့မှတ်တမ်းအမွေအနှစ် တင်သွင်းအနုပညာဦးစီးဌာန၏ မူဝါဒဆိုင်ရာအပေါ် ဆောင်ရွက်ပြီးစီးမှု များမှာ အနုသုခုမဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို မေလတွင် ကျင်းပပြီးစီးခဲ့ပြီး မြန်မာ တိုင်းရင်းသား ရိုးရာ ကြိုးတပ်တူရိယာများ သုတေသနစာအုပ် ရေးသားပုံနှိပ်ပြီးစီး၍ ပြည်သူများအား ရောင်းချလျက်ရှိ ပါကြောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ပဒေသာ ယိမ်းအက များနှင့် သီရိဝံသ ဇာတ်ကြီးတို့ကို ဇွန်လက အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ လည်းကောင်း၊ ဇူလိုင်လတွင် အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ လည်းကောင်း ပြည်သူများအား အခမဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါကြောင်း၊ UNESCO ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် ဘုရင့်နောင် ခေါင်းလောင်း ကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် တင်သွင်းခြင်း၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် မြစေတီ (ရာဇကုမာရ်) ကျောက်စာတွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အထိမ်းအမှတ် LOGO စိုက်ထူခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက် (ရန်ကုန်) လုံခြုံရေးအတွက် CCTV တပ်ဆင်ခြင်း၊ မီးသတ်စနစ်များ တပ်ဆင်ခြင်းနှင့် ဝင်းအတွင်းလျှပ်စစ် မီးသွယ်တန်းခြင်း ဆောင်ရွက် ခဲ့ပါကြောင်း ရှင်းလင်းပြော ကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသက်နိုင်ဦးက ရက် (၁၀၀) စီမံချက်ကာလတွင် ဆောင်ရွက်ခဲ့သည့် စုစုပေါင်းလုပ်ငန်း ၂၈ ခုအနက် စိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍတွင် လုပ်ငန်း ၁၇ ခု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍတွင် ခုနစ်ခု၊ သမဝါယမကဏ္ဍတွင် လေးခု ဆောင်ရွက်ခဲ့ပါကြောင်း၊ ချေးငွေကျပ် ၃၄၇၄ ဒသမ ၀၅၁ သန်းထုတ်ချေးအသေးစား အရင်းအနှီး ချေးငွေလုပ်ငန်းမှ စိုက်ပျိုး/မွေးမြူရေး အသင်းသား သစ်များအား ကျပ်တစ်သိန်းနှုန်း၊ အသင်းသားဟောင်းများအား ကျပ်တစ်သိန်းမှ ငါးသိန်းနှုန်း ထုတ်ချေးခြင်း၊ မျိုး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ သွင်းစုများပံ့ပိုးခြင်းတို့အတွက် စုစုပေါင်း ကျပ် ၁၈၂၀၂ ဒသမ ၂၈ သန်းနှင့် လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး စက်ကိရိယာများကို အသင်းသား တောင်သူ လယ်သမား ၄၈၉ ဦးသို့ Hire Purchase စနစ်ဖြင့် စက်ပစ္စည်း ၅၉၁ စီး ရောင်းချပေးရန်အတွက် ချေးငွေစုစုပေါင်း ကျပ် ၃၄၇၄ ဒသမ ၀၅၁ သန်း ထုတ်ချေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး လုပ်ငန်းများအဖြစ် ရွာပေါင်း ၅၈၄ ရွာတွင် တွင်းပေါင်း ၆၀၂ ခု တူးဖော်ခြင်းဆောင်ရွက်ခဲ့ပါကြောင်း။

 

ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့

အယ်နီညို သဘာ၀ဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်အဖြစ် အပူဒဏ်မြင့် တက်မှုကြောင့် ငါးကန်ရှိ ငါးများသေဆုံးမှု လျော့နည်းစေရန်နှင့် ရေကြီးရေလျှံမှုကြောင့် လွတ်ထွက် ဆုံးရှုံးခြင်း မရှိစေရန် နှိုးဆော်ချက်နှင့် ငါးရစ်တက်ချိန်နှင့် ငါးသားပေါက် မိုးရာသီတွင် ငါးဖမ်းခြင်း မပြုလုပ်ရန် ပညာပေး နှိုးဆော်ချက်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှ ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်း၊ ကရင် ပြည်နယ် တို့ရှိ ကျေးရွာ ၄၇၇ ရွာရှိ ငါးမွေးတောင်သူ ၁၃၈၆၁ဦးတို့အား အသိပညာပေးဟောပြောခြင်း၊ နှိုးဆော်စာဖြန့်ဝေခြင်းများ ဆောင်ရွက်ပြီးဖြစ်ရာ လုပ်ငန်းပမာဏအားဖြင့် ရာနှုန်းပြည့် ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်တို့က သစ်တောဥပဒေ အား ပြန်လည်ပြင်ဆင်ရန် အချက်များ အပြင် ပြင်ဆင်သည့် အချက်ပေါင်းမှာ (၄၁) ချက်ရှိပြီး မူလဥပဒေ၏ သုံးပုံနှစ်ပုံ ကျော် ပြင်ဆင်ခြင်း ဖြစ်သဖြင့် ပြင်ဆင်သည့်ဥပဒေ ထုတ်ပြန်မည့်အစား ဥပဒေအသစ် ပြဋ္ဌာန်းသင့်ကြောင်း ပြန်ကြားချက် အရ ပြန်လည်ပြင်ဆင်ပြုစုလျက်ရှိပါကြောင်း။

 

ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး ကြုံတွေ့ခံစားနေကြရသည့် အဓိက ပြဿနာတစ်ရပ်ဖြစ်ပြီး အဆိုးရွားဆုံးခံစားရမည့် နိုင်ငံစာရင်းတွင် ပါဝင်နေပါကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၊ ကုလသမဂ္ဂအခြေချနေထိုင်မှု အစီအစဉ်တို့၏ နည်းပညာ အကူအညီ၊ ဥရောပသမဂ္ဂ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အမျိုးသားရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်များ အပြီးသတ်မူကြမ်းကို ဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူပြီး ရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းအမျိုးသား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် များကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်း အတည်ပြုချမှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍတို့အတွက် Sectoral EIA Guidelines များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ဝန်ကြီးဌာန ကိုယ်စားလှယ်များက ပြန်လည် ဖြေကြားကြသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘတ်ဂျက်ပိုငွေနှင့်စပ်လျဉ်း၍ မေးမြန်းချက်ကို ပြန်လည်ရှင်းလင်းရာတွင် ဘတ်ဂျက်ရေးဆွဲရာတွင် ရစရာရှိသည်များကို မှန်းရသလို သုံးစရာရှိသည် များကိုလည်း မှန်းရပါကြောင်း၊ တစ်နှစ်တာ အကောင်အထည်ဖော်နေချိန်အတွင်း မှန်းဆသလို ဖြစ်မလာသည်များလည်း ရှိပါကြောင်း၊ တချို့ဆိုလျှင် ပြည်ပချေးငွေကို ရမည်ဟု မှန်းထားသော်လည်း မရသည်များ ရှိပါကြောင်း၊ ပိုလျှံငွေဖြစ်သည်ဆိုသည်မှာ ငွေကိုထုတ်ယူပြီးမှ ပြန်အပ်ခြင်း မဟုတ်ပါကြောင်း၊ စာရင်းအရ ပြန်အပ်ခြင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးရှုထောင့်မှ ပိုလျှံငွေ ပြန်အပ်ခြင်းကို လက်ခံရပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာနများကို အသေးစိတ် စိစစ်တင်ပြရန် ဆောင်ရွက် နေပါကြောင်း ဖြေကြားသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က အောင်ဘာလေထီ အစိုးရ ရောင်းဈေးနှင့် ပြင်ပပေါက်ဈေးကွာဟနေခြင်း၊ ၅၀၀ ကျပ် တန်ထီ လက်မှတ်အသစ်ထုတ်မည့် အခြေအနေ တို့နှင့် စပ်လျဉ်း၍ မေးမြန်းချက်ကို ဖြေကြားရာတွင် အောင်ဘာလေထီ အပြင်ဈေးတိုးမြင့် နေရခြင်းမှာ ယခုအခါ ထီတစ်စောင် ၂၀၀ ဖြစ်ပါကြောင်း၊ တစ်အုပ်လျှင် ၁၁ စောင်ရှိပြီး တစ်အုပ် ရောင်းမှ ကျပ် ၂၀၀ မြတ်ပြီး ငါးအုပ်ရောင်းမှ ၁၀၀၀ မြတ်မည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် လူတစ်ဦး၏ နေ့တွက်စရိတ်မှာ ၁၀၀၀ ဖြင့် မလောက်ပါကြောင်း၊ ယင်းမှာ အဓိက ပြဿနာ ဖြစ်နေ ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅) တွင်လည်း ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံး ရမည်ဟု ပါရှိကြောင်း၊ သို့ဖြစ်၍ဈေးကွက်ကို ထိန်းချုပ်၍ မရနိုင်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း ထီလက်မှတ် ဈေးနှုန်းမှာ နှစ်ဒေါ်လာနှင့် သုံးဒေါ်လာ ထိ ရှိပါကြောင်း၊ သို့ဖြစ်၍ ပထမအဆင့်အနေဖြင့် ထီလက်မှတ် ဈေးကို ၅၀၀ ကျပ်သို့ ဆွဲတင်လိုက် ခြင်း ဖြစ်ပါကြောင်း၊ တဖြည်းဖြည်း ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ ကျပ်သို့ တိုးလာမည်ဖြစ်ပါကြောင်း၊ နောင်ဆို တစ်အုပ် ရောင်းရလျှင် ကျပ် ၂၀၀၀ မြတ်မည်ဖြစ်ပါကြောင်း၊ နောင်တွင် ဈေးတင်ရန် အခွင့်အရေး နည်းလာမည် ဖြစ်ကြောင်း၊ ယင်းမှာထီဈေးကြီးခြင်းကို ဖြေရှင်းရန် နည်းလမ်းတစ်ခုဖြစ် ပါကြောင်း၊ ၅၀၀ ကျပ်တန်ထီတွင် ဝယ်လိုအားနှင့် ရောင်းလိုအား ထိန်းချုပ်နိုင်၍ ပထမဆုံးလတွင် ၂၇ လုံး ထုတ်မည် ဖြစ်ပါကြောင်း၊ ဈေးကွက်ကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ထီလုပ်ငန်းရှင် ထီလက်မှတ်ဝယ်ယူလိုသူများကို သတင်းစာက ကြေညာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် မနစ်နာစေရန် ဝယ်ယူသူထံမှ အရေအတွက်ပေါ်မူတည်ပြီး ပုံနှိပ်ခ သုံးလစာ စပေါ်ငွေရယူမည် ဖြစ်ကြောင်း၊ ၅၀၀ တန်ထီကို ကျပ် ၅၀၀ သာ ပေးချင်သူများအတွက် e-Lottery လုပ်သွားမည် ဖြစ်ပါကြောင်း၊ e–Lottery သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေကို ယခင်အစိုးရလက်ထက်ကတည်းက တင်ပြထားပါကြောင်း၊ ဥပဒေအတည်ပြုပြီးပါက နောင်တွင် e-Lottery နှင့် ထီထိုးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဘတ်ဂျက်အများဆုံးမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

တယ်လီဖုန်းခွန် ၇ ဒမသ ၅ ဘီလီယံအား ပညာရေးဝန်ကြီးဌာနအပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနတွင် သုံးစွဲရန် အစီအစဉ် ရှိ၊ မရှိ၊ ဘတ်ဂျက်အများဆုံးသုံးစွဲသည့် ဝန်ကြီးဌာနနှင့် အနည်းဆုံးသုံးသည့် ဝန်ကြီးဌာနတို့ကို သိရှိလိုကြောင်း မေးခွန်းအပေါ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပညာရေး အသုံးစရိတ်မှာ ၇ ဒသမ ၅ ဘီလီယံတိုးသည့်အတွက် စုစုပေါင်းကျပ် ၁၆၃၁ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် ၃၈၁ ဘီလီယံသာ ရှိပါကြောင်း၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ဘတ်ဂျက်မှာ ၂၀၁၆-၂၀၁၇ ခုနှစ် စုစုပေါင်း အသုံးစရိတ်၏ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိပါကြောင်း၊ ဘတ်ဂျက် အများဆုံးမှာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဖြစ်ပြီး ဘတ်ဂျက်၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဘတ်ဂျက်အနည်းဆုံးမှာ အသစ်ဖွဲ့လိုက်သည့် နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဖြစ်ပြီး ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ တယ်လီဖုန်းပြောဆိုမှုမှ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ပြည်သူလူထု တိုက်ရိုက် အကျိုးပြုမည့်ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွင် အသုံးပြုရန် ဦးစားပေး လမ်းညွှန်ထားပါ ကြောင်း၊ ပထမဆုံးစံပြအနေဖြင့် ပညာရေး ကဏ္ဍတွင် သုံးမည်ဆိုပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လာမည့် ကာလများတွင် မည်သို့သုံးစွဲမည် ဆိုသည်ကိုလည်း အခါအားလျော်စွာ ပြောကြားသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကုမ္ပဏီမှတ်ပုံတင်အရေအတွက် တိုးတက်လာခြင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကုမ္ပဏီမှတ်ပုံတင်မှုအပိုင်းတွင် မှတ်ပုံတင် ကြေးပြင်လိုက်သည့် အတွက် ယခင်ထက်တိုးတက်လာပါကြောင်း၊ ယခင်ကတစ်လလျှင် မြန်မာ နိုင်ငံသား ကုမ္ပဏီ မှတ်ပုံတင် ၅၀၀ ကျော် မှတ်ပုံတင်သော်လည်း ယခုအခါ ၁၀၀၀ ကျော် တိုးတက် လာပါကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်မှု တိုးတက်လာခြင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်လိုစိတ် တိုးတက်လာခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စီးပွားရေးမူဝါဒရေးဆွဲမှု၊ ငွေကြေးဖောင်းပွမ ှုအခြေအနေနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စီးပွားရေးမူဝါဒဆိုသည်မှာ လက်ရှိအစိုးရ၏ သက်တမ်းအတွင်း ဆောင်ရွက် သွားမည့် မူဝါဒကို ထုတ်ပြန်ခြင်း ဖြစ်ပါကြောင်း၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ ပါပါကြောင်း၊ မျှော်မှန်းချက်တွင် အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ် တိုးတက်ရမည်ဆိုသည့်အချက် ပါဝင်ပါကြောင်း၊ ယခုမူဝါဒကို ရေးဆွဲရာတွင် စီမံ/ဘဏ္ဍာဝန်ကြီးဌာနနှင့် အခြားစီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ရှင်းလင်းဆွေးနွေး ထုတ်ပြန် ခြင်းဖြစ်ပါကြောင်း။ ဒေါ်လာဈေး ငွေကြေးဖောင်းပွခြင်း ဆိုသည်မှာ အပြောင်းအလဲ ဖြစ်တတ် ပါကြောင်း၊ ပို့ကုန်များသည့်ကာလ၊ သွင်းကုန်များသည့် ကာလများတွင် ဖြစ်တတ်ပါကြောင်း၊ ကုန်သွယ်မှု တွင် လိုငွေပြနေပါကြောင်း၊ ရမည့်ဒေါ်လာထက် သုံးရမည့်ဒေါ်လာက များနေပါကြောင်း၊ သို့ဖြစ်၍ ဒေါ်လာ ဈေးတက်နေမည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်က စောင့်ကြည့်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငွေဖောင်းပွမှုဆိုသည်မှာ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပါကြောင်း၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဌာနက ဘဏ္ဍာရေးမူဝါဒနှင့် ထိန်းကျောင်းပြီး ဗဟိုဘဏ်က ငွေကြေးမူဝါဒဖြင့် ထိန်းသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

မြစိမ်းရောင်စီမံကိန်း

မြစိမ်းရောင်စီမံကိန်းနှင့်စပ်လျဉ်း၍ ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက မြစိမ်းရောင် စီမံကိန်း၏ရည်ရွယ်ချက်မှာ ကျေးလက်နေ ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး အတွက် ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ကို ရေးဆွဲ ခဲ့ပါကြောင်း၊ ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းသည် အရင်းအနှီးလိုအပ်နေပါကြောင်း၊ သို့ဖြစ်၍ ယခုစီမံကိန်းကို ရေးဆွဲခဲ့ပါကြောင်း၊ ကျေးရွာတစ်ရွာ သိန်း ၃၀၀ မတည်ပေးခြင်း ဖြစ်ပါကြောင်း၊ ယင်းငွေကို ကျေးရွာကော်မတီကစိစစ်ပြီး မြို့နယ်ကော်မတီမှ ကွင်းဆင်း စစ်ဆေး၍ ထုတ်ချေးပေး ပါကြောင်း၊ ကျေးရွာပေါင်း ၇၇၂၃ ရွာ ကျော်ပါကြောင်း၊ အစိုးရငွေမှာ ၁၆ ဘီလီယံ ဖြစ်ပါကြောင်း၊ ယင်းငွေမှာ နိုင်ငံတော်က မပိုင်ပါကြောင်း၊ ရရှိသည့် အတိုးများမှာ ကျေးရွာများမှ ပိုင်ပါကြောင်း ဖြေကြား သည်။

 

လျှပ်စစ်မြစ်ရေတင်လုပ်ငန်း

လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ရပ်ဆိုင်းမည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ရေအသုံးချရေးနှင့် ဆည် မြောင်းဦးစီးဌာနတာဝန်ရှိသူက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများစီးပွားရေးအရဆိုလျှင် အရှုံးပေါ် ပါကြောင်း၊ သို့သော်လည်း ဆင်းရဲနေသည့် ကျေးလက်တောင်သူလယ်သမားများအတွက် စိုက်ပျိုး သီးနှံရေ ရရန် အတွက် ယခုလုပ်ငန်းကို ထူထောင်ထားခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးအရ လုပ်ဆောင် ထားခြင်း မရှိပါကြောင်း၊ မြစ်ရေတင်လုပ်ငန်းတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ ဒီဇယ်မြစ် ရေတင်လုပ်ငန်းတို့မှာ စီးပွားရေးအရ တွက်ခြေမကိုက်ပါကြောင်း။

 

ယင်းလုပ်ငန်းများမှာ တောင်သူလယ်သမားများ ရေရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ရက်၁၀၀ စီမံချက်တွင် ပါဝင်သည့် မြစ်ရေတင်လုပ်ငန်း လေးခု၊ ဧက ၁၆၀၀ မှာ ယခင်ပေးနေကြသော နွေသီးနှံဧက ၅၈၀၀၀ အပြင် ထပ်မံတိုးတက်ရရှိအောင် ဆောင်ရွက်ပေး ခြင်း ဖြစ်ပါကြောင်း၊ မြစ်ရေတင် ၁၇၀ ကို ဖျက်သိမ်း မည်ဆိုသည်ကို ပြောပြီးဖြစ်ပါကြောင်း၊ တောင်သူများကလည်း ကိုယ်ပိုင်စက်များဖြင့် တစ်ပိုင်တစ်နိုင် ကိုယ်ထူကိုယ်ထဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် ယခုရှိသည့် မြစ်ရေတင် ၃၇၉၃ ခု အနက် ဒီဇယ်မြစ်ရေတင် အသေးစား ၁၇၀ ကို ပယ်ဖျက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်သည့် လျှပ်စစ်မြစ်ရေတင်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆက်လက်ဆောင်ရွက်ပြီး တောင်သူများထံမှ ရေဖိုး ကောက်ခံသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Exim Bank မှ ဒေါ်လာသန်း ၇၀၀ ချေးငွေနှင့်စပ်လျဉ်း၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က China Exim Bank  မှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း အတိုးယူပြီး ကျေးလက်နေ တောင်သူများအား ၁၈ ရာခိုင်နှုန်းဖြင့် ချေးပေးပါကြောင်း၊ ၁၈ ရာခိုင်နှုန်း ဖြစ်သည့်အတွက် အတိုးနှုန်းများ များသည် ဆိုသော်လည်း ပြင်ပအတိုးနှုန်းထက် သက်သာပါကြောင်း၊ ပထမ ဒေါ်လာ သန်း ၇၀၀ ချေးယူရေးနှင့် လက်မှတ်ထိုးထားသော်လည်း ဒေါ်လာသန်း ၄၀၀ ဖြင့် ဆောင်ရွက်ရာတွင် လုံလောက်သည့်အတွက် နောက်ထပ် ဒေါ်လာ သန်း ၃၀၀ ချေးယူရန် မလိုအပ်သေးပါကြောင်း ဖြေကြားသည်။

 

စာရင်းကောက်ယူသွားမည်

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ရေမြုပ်သွားသည့်အတွက် ပျက်စီးဆုံးရှုံး သွားသော လယ်မြေများအတွက် အရန်မျိုးစပါး ဖြန့်ဝေနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြည်ထောင်စုရန်ပုံငွေမှ စပါး တင်း ၇၀၀၀၀၊ စိုက်ပျိုးရေးဦးစီးဌာန ရန်ပုံငွေမှ စပါးတင်း ၆၀၀၀၀ စုစုပေါင်း စပါးတင်း ၁၃၀၀၀၀ တို့ စုဆောင်း ထားပါကြောင်း၊ ထို့ပြင် လုပ်ကွက်ကြီး တောင်သူများ၊ လုပ်ငန်းရှင်တောင်သူများ၊ သီးနှံမျိုးစေ့ ရောင်းဝယ်သူများမှ သိုလှောင်ထားမှုများမှာ အရန်စပါး တင်းသုံးသိန်းခွဲရှိပါကြောင်း၊ လောလောဆယ် အရန်မျိုးတင်း၄၈၀၀၀၀ ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး ရေမြုပ်နေရာများ ပြန်လည်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တင်း ၁၀၀၀၀၊ တိုင်းဒေသကြီးရန်ပုံငွေမှ တင်း ၁၀၀၀၀ သိုလှောင်ထားပြီး ဖြစ်ပါကြောင်း၊ ရေပြန်ကျသွားသည့် အချိန်တွင် တိတိကျကျ စာရင်းကောက်ယူ သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယခုနှစ် စိုက်ပျိုးစရိတ်တစ်ဧကလျှင် တစ်သိန်းခွဲ ချေးပေးထားသော်လည်း ရေကြီးနစ်မြုပ် သွားသည့် ဒေသများ၌ လယ်ယာမြေများအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်၊ မည်သို့ စာရင်းကောက်ယူ သွားမည် ဆိုသည်နှင့်စပ်လျဉ်း၍ မေးမြန်းချက်ကို စ်ိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယအမြဲတမ်း အတွင်းဝန်က ရေကြီးနစ်မြုပ်သည့်ဒေသများမှ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ နစ်မြုပ်မှု၊ ပျက်စီးဆုံးရှုံးမှုစာရင်းတို့ကို အချိန်နှင့် တစ်ပြေးညီ နေ့စဉ်ကောက်ခံလျက်ရှိပါကြောင်း၊ ရေကြီး နစ်မြုပ်မှုကြောင့် အမှန်တကယ် ပျက်စီး ဆုံးရှုံးသွားကြောင်းကို ကျေးရွာကော်မတီမှတစ်ဆင့် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ လျှောက်ထား ရမည် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးသို့ တင်ပြရမည်ဖြစ်ပြီး တိုင်းဒေသကြီးမှတစ်ဆင့် ရုံးချုပ်သို့ ရောက်ရှိလာပါက ချေးငွေပြန်ဆပ်ကာလကို ရွှေ့ဆိုင်းပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

တန်ခိုးကြီး ဘုရားများရှိ ဂေါပကအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်က ဂေါပကအဖွဲ့များ ပြုပြင် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ယခင် ရွှေတိဂုံစေတီတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂေါပက အဖွဲ့ဝင် ၁၃ ဦးထဲမှ ငါးဦးကို အနားယူခွင့်ပြုလိုက်ပြီး ယာယီဂေါပကအဖွဲ့ဝင် ငါးဦးကို အသစ်ပြန်လည် ပြင်ဆင်ပြီး ခန့်အပ် ထားပါကြောင်း၊ ယာယီဂေါပကအဖွဲ့ဝင်များသည် သက်တမ်း တစ်နှစ်ပြည့်သည့် အခါ အချိန်ပြည့် ဂေါပကအဖွဲ့ဝင်များ ဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ကျိုက်ထီးရိုးစေတီတော်နှင့် ပတ်သက်၍ လည်း ဝန်ကြီးဌာနအနေဖြင့် အစည်းအဝေးများ ကျင်းပ၍ညှိနှိုင်းမှုများ ပြုလုပ်ပြီး လုပ်ငန်းစဉ်များ ချမှတ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

 

ချစ်ကြည်ညီညွတ်ရေး

မြိုင်ကြီးငူတွင် ဖြစ်ပွားခဲ့သော မြေပြဿနာနှင့်ပတ်သက်၍ ဒုတိယအမြဲတမ်း အတွင်းဝန်က ယင်းကိစ္စ နှင့် ပတ်သက်၍ ပြေလည်စေရန် ပြည်ထောင်စုဝန်ကြီး သွားရောက်၍ ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ညှိနှိုင်းခဲ့ရာ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များက ကျေနပ်ပြီး တိုင်ကြားမှုမရှိသည့်အတွက် လက်ရှိတွင် ဆိုင်းငံ့ထားသည့် အနေ အထား ဖြစ်ပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို အလေးထား ဆောင်ရွက် နိုင်စေရန် ဘာသာရေး ပဋိပက္ခများကို သာသနာရေးဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားသည်။

 

ပုဂံဒေသအား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ရေး ဆောင်ရွက်နေမှုနှင့် ပုဂံဒေသရှိ ဥပဒေနှင့် ငြိစွန်းသော ဟိုတယ်အဆောက်အအုံများအား မည်သို့စီမံဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ယူနက်စကိုသို့ ဝင်ရောက်ခြင်းမှာ ကမ္ဘာ့အသိအမှတ်ပြု နေရာတစ်ခု သတ်မှတ်ခြင်း ဖြစ်ပါကြောင်း၊ ယူနက်စကို ဝင်ရောက်နိုင်ရေးအတွက် ဆွေးနွေးပွဲများ အဆက်မပြတ် လုပ်နေပါကြောင်း။

 

ခွင့်ပြုချက်များ ထုတ်ပြန်ထား

ဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ်ဒေသထဲတွင် အဆောက်အအုံဆောက်လုပ်မည် သို့မဟုတ် စီးပွားရေး ဆိုင်ရာလုပ်ငန်းများ လုပ်မည်ဆိုလျှင် ကြိုတင်ဆောင်ရွက်ရန် ခွင့်ပြုချက်များ ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေကြောင်းအရ အဆိုပါနယ်မြေဒေသမှဟိုတယ်များ၊ မိုတယ်များ၊ တည်းခိုခန်းများ ဆောက်လုပ်ရန် ခွင့်ပြုချက်ပေး၍ မရပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုအပ်ပါကြောင်း၊ သို့သော်လည်း ၂၅ လုံးကဆောက်လုပ်ပြီးဖြစ်နေသည့်အတွက် လုပ်ငန်းရှင် များလည်း ဆုံးရှုံးမှုမရှိစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းနိုင်စေရန် ဆိုသည့် အနေအထားဖြင့် ပြည်ထောင်စုဝန်ကြီးက မူဝါဒအရ စဉ်းစားပေးမည်ဟု ပြောကြား ခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

 

ဘုန်းတော်ကြီးသင်ကျောင်းများအား ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်တင်ပြပြီး ခွင့်ပြုချက်ရပါက ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ဆရာ ဆရာမများ၏ ထောက်ပံ့ကြေး တိုးမြှင့်မှုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

မြစ်ဆုံနှင့်ပတ်သက်၍ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမြင်ကို မေးမြန်းရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက မြစ်ဆုံစီမံကိန်းကိုသုံးသပ်ရန် နိုင်ငံတော်က ကော်မတီတစ်ခု ဖွဲ့စည်းလိုက်ပါကြောင်း၊ မြစ်ဆုံကိစ္စသည် သက်ဆိုင်ရာဒေသခံ ပြည်သ ူများ၏ဆန္ဒ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်မှုအပေါ်မူတည်ပြီး စဉ်းစားသုံးသပ်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ကော်မတီမှ သုံးသပ်ချက်ထွက်ရှိလာသည့်အချိန်အထိ စောင့်ဆိုင်းရ မည်ဖြစ်ကြောင်း၊ ထွက်ရှိလာမည့် သုံးသပ်ချက်များသည် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး၊ လူမှုစီးပွား ထိခိုက်မှုအနည်းဆုံး အဖြေတစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဖြေကြားသည်။

 

ဖားကန့်မြေစာပုံပြိုမှု

ဖားကန့်မြေစာပုံပြိုမှုအပေါ် အရေးယူဆောင်ရွက်မှုကိစ္စနှင့် စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန်က ဖားကန့်တွင် လုပ်ကွက်အသစ်များ မချတော့ကြောင်း၊ လုပ်ကွက်သက်တမ်းတိုးခြင်းကိုလည်း ရပ်တန့်မည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ တူးဖော်ရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လုံးခင်း၊ ဖားကန့်တွင် မြေစာပုံများကို သတ်မှတ်ထားသည့် လှေကားထစ်ပုံစံအတိုင်း စနစ်တကျ ပုံရန် ကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် မြေစာပုံများ စနစ်တကျစုပုံခြင်းရှိ၊ မရှိ စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ၁၁ ဖွဲ့ဖြင့် စစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း၊ စနစ်တကျမစွန့်ပစ်သည့် ကုမ္ပဏီများတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ပြီး ဒေသခံ အဖွဲ့အစည်းများအား သတင်းပေးကြရန် တွေ့ဆုံဆွေးနွေး ခဲ့ပါကြောင်း၊ ရေမဆေးသမားများနှင့် ပတ်သက်၍လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ၎င်းတို့အတွက် အလုပ်အကိုင် ဖန်တီးပေးရေး ကဏ္ဍကိုလည်း ထည့်သွင်း စဉ်းစား ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ပိတ်သိမ်းသွားသည့် ကျောက်မျက်လုပ်ကွက်အရေ အတွက်အား သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်က သက်တမ်းကုန်သည့် လုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မပြုလုပ်တော့ ပါကြောင်း၊ လောလောဆယ် လုပ်ကွက်ပေါင်း ၂၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ သက်တမ်း မကုန်သေးသည့် လုပ်ကွက်များသာ ဆက်လက်လုပ်ကိုင်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

သစ်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ ခိုးယူသည့်တရားမဝင် သစ်များသည် တရုတ်နိုင်ငံသို့ အများဆုံး ရောက်ရှိကြောင်း၊ တရားဝင်တင်ပို့မှုတွင် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ပါကြောင်း၊ သစ်အချောထည် တင်ပို့မှုတွင် လက်ရှိတင်ပို့နေသည့် ပမာဏ၏ ၁၂ ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်ပါကြောင်း ဖြေကြားသည်။

 

ဖားကန့်ရေမဆေးကျောက်တူးသမားများနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း မေးခွန်းအပေါ် ရေမဆေးကိစ္စသည် ကြီးမားသည့်အင်အားစုနှင့် ကြီးမားသည့်ပြဿနာကြီး တစ်ခု ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဖြေရှင်းရန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းအဖြေရှာပြီး ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဒေသခံများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေကြားသည်။