အစိုးရသစ်၏ ပထမ ရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှု စတုတ္ထအကြိမ် သတင်းစာ ရှင်းလင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ရှင်းလင်းပြောကြားပြီး မေးမြန်းချက်များ ဖြေကြား

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၂၃

အစိုးရသစ်၏ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စတုတ္ထအကြိမ် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ရှင်းလင်းပြောကြားပြီး မေးမြန်းချက်များကို ဝန်ကြီးဌာနအလိုက် ကိုယ်စားလှယ်များက ဖြေကြားကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပထမ ရက် ၁ဝဝ ကာလအတွင်း ဝန်ကြီးရုံးအနေဖြင့် အဓိကလုပ်ခဲ့သည်မှာ ကဏ္ဍနှစ်ခုရှိပြီး ယင်းမှာ ဝန်ကြီးဌာနအသီးသီးမှ ပြောရေး ဆိုခွင့်ရှိသူ ပုဂ္ဂိုလ်များစုဖွဲ့၍ သတင်းထုတ်ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပွဲများပြုလုပ်ခြင်း၊ ပြောရေးဆိုခွင့်ရှိသူများအား နိုင်ငံတကာ မီဒီယာ ပညာရှင်များနှင့် ပြည်တွင်းမီဒီယာ ပညာရှင်များပါဝင်သည့် ရက်တိုလေ့ကျင့်မှု အစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် ဝန်ကြီးဌာန အလိုက် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ ဖြစ်ပါကြောင်း။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူဝန်ဆောင်မှု ရုပ်သံလွှင့်လုပ်ငန်း (Public Service Broadcasting -PSB) အဖြစ် ပြောင်းလဲနိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Channel Logo နှင့် Main Title တို့ကို Look and Feel ဖြစ်စေရေးအတွက် ပြင်ဆင် ပြောင်းလဲနိုင်ရေးကို Vizrt Company နှင့် ညှိနှိုင်းရေးဆွဲလျက်ရှိရာ မူကြမ်းရရှိပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ရုပ်သံလုပ်ငန်းလုပ်ကိုင်လိုသူ Content Provider များ ပါဝင်နိုင်ရေးအတွက် ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို မေ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး Broadcasting Law အရ ကောင်စီ မပေါ်ပေါက်မီ ကာလအတွင်း ပြင်ပမှ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်လိုသူများကို ပါဝင်ခွင့်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ Multi Channel Play Out System မှ Channelငါးခုကို လုပ်ကိုင်ခွင့်ရရှိရန် စီစဉ်ထားရှိရာ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်လိုသူများ ဆောင်ရွက်ရမည့် အစီအမံနှင့် ဌာနက ဆောင်ရွက်ပေးရမည့် အစီအစဉ်များကို ဩဂုတ် ၂၅ ရက်တွင် ခေါ်ယူဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ယင်းရှင်းလင်းဆွေးနွေးပွဲပြီးပါက စိတ်ပါဝင်စားမှု ဖော်ပြချက် အဆိုပြုလွှာ (Expression of Interest) ကို ပြန်လည်တင်ပြစေကာ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် Channel များကို ရွေးချယ်လုပ်ကိုင်ခွင့် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း။

 

လူမှုအခြေပြုဗဟိုဌာနဖွင့်လှစ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်နှင့် မြို့နယ်စာကြည့်တိုက်များ ဝန်ဆောင်မှု တိုးမြှင့်ဆောင်ရွက်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့၊ YMCA၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သရပါစာကြည့်တိုက်၊ Myanmar Book Aid and Preservation Foundation တို့နှင့်ပူးပေါင်း၍ ခရိုင်နှင့် မြို့နယ်ရုံး စာကြည့်တိုက် ၉၃ တိုက်တွင် ကွန်ပျူတာ သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများ၊ စက်ချုပ်သင်တန်းများ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ စုစုပေါင်း (၁၆၄) ကြိမ် ခမ်းနားကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ အင်းစိန်ခရိုင်ရုံး စာကြည့်တိုက်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ လူမှုအခြေပြုဗဟိုဌာန (Community Centre)ကို ဩဂုတ်၂ဝ ရက်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ကော့မှူးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မြောင်းမြခရိုင်ရုံးများကိုလည်း လူမှုအခြေပြုဗဟိုဌာနများ ဖြစ်လာအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့နယ် ရန်ကင်း၊ ပုဇွန်တောင်၊ ကျောက်တံတားနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရုံးများကို လူမှုအခြေပြုဗဟို ဌာနများ အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

စာပေဗိမာန် စာအုပ်ဆိုင်သစ်ကို မူလစာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့်ဆက်စပ်ပြီး ကုန်သည်လမ်း နှင့် (၃၇)လမ်း မြေညီထပ်ရှိ ၄၆ ပေ ထ ၃၈ ပေ အကျယ်ရှိ အခန်းကို ဇူလိုင် ၂၉ ရက်တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းအားဖြင့်စာပေ တိုက် ၇ဝဝ ကျော်မှ ထွက်ရှိလာသည့် စာအုပ်များကို တစ်နေရာတည်း၌ ဝယ်ယူနိုင်မည် ဖြစ်ပါကြောင်း၊ စာအုပ်ဆိုင်ကို မြို့လယ်ကောင်တွင် စာအုပ်များ ပြည့်ပြည့်စုံစုံ ရရှိနိုင်အောင် တိုးချဲ့ဆောင်ရွက်ခဲ့ပါကြောင်း။

 

စာတမ်းဖတ်ပွဲများ

နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံရေးစာတမ်း ၁၈ စောင် ဖတ်ကြားတင်သွင်းခဲ့ပြီး သုံးရက်လုံး ခန်းမ ပြည့်လျှံသည်အထိ စာချစ်ပရိသတ်များ စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခြင်း၊ မေးခွန်းများ မေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါကြောင်း၊ စာအုပ်တိုက်ပေါင်း ၁ဝ၈ တိုက်က ဆိုင်ခန်းပေါင်း ၁၇၁ ခန်း ဖွင့်လှစ်ရောင်းချခဲ့ရာ ကျပ် သိန်းပေါင်း ၁၃ဝဝ တန်ဖိုးရှိ စာအုပ် စာစောင်များ ရောင်းချခဲ့ရသည်ဟု သိရှိရပါကြောင်း၊ လေးလတစ်ကြိမ် ယခုကဲ့သို့ စာတမ်းဖတ်ပွဲနှင့် စာအုပ်အရောင်း ပွဲတော်များကျင်းပခြင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘာသာပြန်စာပေဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်း သားလူမျိုးစုစာပေများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများ ဆက်လက် ဆောင်ရွက်သွား ရန်လျာထားပါကြောင်း။

 

ဧပြီ ၁ ရက်မှစတင်၍ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ ပြောင်းလဲ ခဲ့ပါကြောင်း၊ နာမည်ကြီး စာရေးဆရာကြီးများ၏ ဆောင်းပါးစာမူများကို ဖိတ်ခေါ် ထည့်သွင်းဖော်ပြခဲ့ပြီး ယခင်က မဖော်ပြနိုင်ခဲ့သော ကာတွန်းများကိုလည်း ထည့်သွင်း ဖော်ပြခဲ့ပါ ကြောင်း၊ ဇွန် ၁ ရက်တွင် ကြားညှပ် ကြော်ငြာများကို ရပ်နားခဲ့ပါကြောင်း၊ သတင်းစာ၏ မူလ ကုန်ကျသည့် တန်ဖိုးသည် ခန့်မှန်း ၁၃၁ ကျပ် ကျသင့်သော်လည်း အကျိုးအမြတ်ကို အဓိကမထားဘဲ ဝန်ဆောင်မှုကိုသာ ဦးစားပေးခဲ့ပြီး ကျပ် ၅ဝ ဖြင့်သာ ရောင်းချဖြန့်ဝေခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။

 

ပါရဂူဘွဲ့သင်တန်းတက်ရောက်နိုင်ရေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရက်(၁ဝဝ)အတွင်း ဆောင်ရွက် ခဲ့သော လုပ်ငန်းစီမံချက်များမှာ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ရွက်ခြင်း၊ ကျောင်းသန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ် ဆောင်ရွက်ခြင်း၊ မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် (သို့) ပုဂ္ဂလိကဘဏ်များနှင့်နီးသော အခြေခံ ပညာကျောင်း ၁၇ ကျောင်းနှင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတွင်ရှိသည့် ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ် ငါးခုမှ ဆရာ၊ ဆရာမများနှင့် ဝန်ကြီးရုံးမှ စီမံ (အရာထမ်း၊ အမှုထမ်း) များ၏ လစာငွေကို ဘဏ်စာရင်းမှ အပြည့်အဝ လွှဲပြောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်ခြင်း၊ ဝါရင့်ကထိက ဆရာ ဆရာမ များအတွက် ပါရဂူဘွဲ့သင်တန်း တက်ရောက်နိုင်ရေး ဖြေလျှော့ပေးခြင်း၊ နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လေ့လာသုံးသပ်၍ စီမံကိန်းများ ချမှတ်နိုင်ရန်အတွက် ဦးတည် ဆောင်ရွက်ခြင်း၊ အခြေခံပညာ၊ အဆင့်မြှင့်ပညာ၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍများတွင် ဆရာ ဆရာမများ၊ အတန်းဝင်ရောက်ပို့ချမှုကို စစ်ဆေးအကဲဖြတ်ခြင်း Alternative Education (ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး) နှင့် ပတ်သက်၍ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။

 

ကျောင်းအဆင့်တိုးမြှင့်

၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်တွင် စုစုပေါင်း ၃၃၁၂ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေး ခဲ့ပါကြောင်း၊ ကျောင်းနေအရွယ် အသက်(၅)နှစ် ကလေးဦးရေ ၁ ဒသမ ၁၁ သန်းသာ ရှိပါကြောင်း၊ KG (သူငယ်တန်း)သို့ ဝင်ရောက်လာသည့် အသက်(၅)နှစ်အရွယ် ကလေးဦးရေ ၁ဝ ဒသမ ၇ သိန်း ဖြစ်ပါကြောင်း၊ KG(သူငယ်တန်း)အသားတင် ကျောင်းဝင်နှုန်း ၉၆ ဒသမ ၄၃ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျောင်းအပ်နှံသည့် KG(သူငယ်တန်း) ကလေးဦးရေပေါင်း ၁၃၃၉ဝ၂၇ ဦး ရှိပြီး အသက်(၆)နှစ်နှင့်အထက် KG(သူငယ်တန်း)ကလေး ဦးရေ ၂၆၈၃၃၇ ဦး ဖြစ်ပါကြောင်း။

 

နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ ပူးပေါင်းပြီး နေပြည်တော်၊ ရွာမနှင့် မန္တလေးတို့တွင် ကျွမ်းကျင်မှုအခြေပြု ကာလတိုသက်မွေး သင်တန်းဖွင့်လှစ်ခြင်း၊ ပညာရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ညောင်ရွှေ သက်မွေးပညာသင်တန်းကျောင်းတွင် ဒေသ အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဟိုတယ်သင်တန်း၊ စိုက်ပျိုးရေးသင်တန်းများအပြင် ဒေသ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး ၁၄ ခု၊ ပြည်ထောင်စုဝန်ကြီးဌာန ၁၈ ခုတို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။

 

Alternative Education (ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး) ကို ပြည်သူများ သိရှိစေရန်နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၆ ရက် တွင် နေပြည်တော်၌ Alternative Education Forum ကို ကျင်းပပြီးစီးခဲ့ပါကြောင်း၊ အဆိုပါ Forum တွင် ကျောင်းထွက်နှုန်းများ၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးများ၊ အခြေခံစာတတ်မြောက်မှုများကို မည်သို့ ဆောင်ရွက်မည်ကို ဆွေးနွေး ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြား သည်။

 

ယာဉ်ယန္တရား တင်သွင်းခွင့်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ရက်ပေါင်း (၁ဝဝ) အတွင်း ဆောင်ရွက်သည့် လုပ်ငန်းကိုးခုမှာ National Trade Repository (ကုန်သွယ်မှုအချက် အလက်များဘဏ္ဍာတိုက်)ကို တရားဝင်လွှင့်တင်ခြင်း၊ နယ်စပ်စခန်းများတွင် သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းရန် ကျန်ရှိနေသည့် ယာဉ်ယန္တရားများကို သွင်းကုန်လိုင်စင် သက်တမ်းတိုးမြှင့်ပေးပြီး တင်သွင်းခွင့်ပြုခြင်း၊ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို ပြန်လည် သုံးသပ်ချမှတ်ပြီး ချမှတ်ထားသည့် မူဝါဒအတိုင်း နယ်စပ်ဒေသမှ လုပ်ငန်း သုံးယာဉ်ယန္တရားများကို ပြန်လည်တင်သွင်းခွင့် ရရှိရေးကိုလည်း ဆောင်ရွက်ပေးခြင်း၊ ရန်ကုန်ပို့ကုန်သွင်းကုန်ရုံးနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် တင်ပို့တင်သွင်းမည့် အမယ်ပစ္စည်းများအား ပြင်ဆင် ဖြေလျှော့တင်သွင်း ခွင့်ပြုပေးခြင်း၊ ပြည်ပမှ တင်သွင်းခွင့် ပြုထားသည့် လုပ်ငန်းသုံးယာဉ်ယန္တရားများနှင့် ပတ်သက်၍ ကုမ္ပဏီတစ်ခုလျှင် တစ်နှစ်အတွင်း ၁ဝ စီးသာ တင်သွင်းခွင့်ပြုပေးခြင်းအစား လိုင်စင်တစ်စောင်လျှင် လုပ်ငန်းသုံးယာဉ်ယန္တရား ၁ဝ စီးနှုန်းဖြင့် လုပ်ငန်းလိုအပ်ချက်အတိုင်း ပြင်ဆင်ဖြေလျှော့ခွင့်ပြု ပေးခြင်း၊ နယ်စပ်ဒေသရှိ ဒေသခံကုန်သည်ငယ်များအတွက် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် (Individual Trading Card-ITC) ဖြင့် ခွင့်ပြု ဆောင်ရွက်ပေးနေသည့် တစ်ရက်လျှင် ကျပ်သိန်း ၂ဝ နှုန်းဖြင့် ငါးရက်စာ တစ်ကြိမ်တည်း ကျပ်သိန်း ၁ဝဝ ခွင့်ပြုနေခြင်းအစား တစ်ရက် ကျပ်သိန်း ၃ဝ နှုန်းဖြင့် ငါးရက်စာ ကျပ်သိန်း ၁၅ဝ အထိ တိုးမြှင့် ဆောင်ရွက်ခွင့်ပြုပေးခြင်း၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် အွန်လိုင်း အပြည့်အဝ သုံးစွဲနိုင်သည့်စနစ် Fully Online Licencing System အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ Negative List ဖြင့် ထုတ်ပြန်ထားသည့် သွင်းကုန် H.S Code Line ၄၄ဝ၅ လိုင်းအနက် အချို့ကို ထပ်မံဖြေလျှော့ပေး ခြင်းနှင့် ပြည်ပသို့တင်ပို့ရန် ကန့်သတ်ထားသော ပို့ကုန် ၁၂ မျိုးအနက်မှ အချို့အမယ်များကို ဖြေလျှော့တင်ပို့ ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါကြောင်း။

 

ကုန်သွယ်မှုအချက်အလက်များ ဘဏ္ဍာတိုက်ကို မေ ၂၆ ရက်တွင် တရားဝင်လွှင့်တင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ကုန်သွယ်မှုအချက်အလက်များ ဘဏ္ဍာတိုက်ကို အာဆီယံနိုင်ငံများနှင့် စုစည်းချိတ်ဆက် ထားသည့် Asean Trade Repository သို့လည်း တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အာဆီယံနိုင်ငံများသို့ တင်ပို့ခြင်း၊ တင်သွင်း ခြင်းများ ပြုလုပ်ရာတွင် သက်ဆိုင်ရာနိုင်ငံက ချမှတ်ထားသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို English ဘာသာဖြင့် ကြည့်ရှု လေ့လာနိုင်မည်ဖြစ်ပါကြောင်း။

 

၁၁၄၆၃ စီး တင်သွင်းခွင့်ပြုပြီးဖြစ်

နယ်စပ်ဒေသမှ လုပ်ငန်းသုံးယာဉ်ယန္တရားများ တင်သွင်းရာတွင် စနစ်တကျနှင့် မှန်မှန်ကန်ကန် တင်သွင်းနိုင်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့က ပူးပေါင်းစစ်ဆေးနိုင်မည့် မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ ကုန်သွယ်ရေးဇုန်နှင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ လူစီးယာဉ်အုပ်စုဖြစ်သော (Saloon, Jeep, Station Wagon, Micro Bus, Van, MPV,SUV) များနှင့် လူနှင့်ကုန်နှစ်မျိုးလုံး တင်နိုင်သည့် (Pick Up, Double Cab) တို့မှအပ ကျန်လုပ်ငန်းသုံးယာဉ်ယန္တရားများကို မေ ၂၃ ရက်မှစ၍ တင်သွင်းခွင့် ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ စတင်ခွင့်ပြုချိန်မှ ဩဂုတ် ၁၅ ရက်အထိ လိုင်စင်စောင်ရေ ၁၁၄၃ စောင်၊ စီးရေ ၁၁၄၆၃ စီး တင်သွင်းခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ကုန်ပစ္စည်း ၁၂ မျိုးအနက်မှ ပန်းနှမ်းဆီ၊ မုန်ညင်းစေ့/မုန်ညင်းဆီ၊ နေကြာစေ့/ နေကြာဆီ၊ ဆီကြိတ်ဖတ်အားလုံးနှင့် ပုစွန်ဖွဲတို့ကို ဖြေလျှော့တင်ပို့ခွင့်ပြုမည့် ကုန်စည်အဖြစ် ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ရက် (၁ဝဝ) အတွင်း ဆောင်ရွက်ခဲ့သည့် ကဏ္ဍ (၆) ရပ်ရှိပြီး ပြည်သူ့အကျိုးပြုစက်ရုံ အလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ စက်မှုကဏ္ဍာဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ခြင်း၊ စွမ်းအင်ချွေတာရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ဆဲ စက်ရုံစီမံကိန်းများရှိ အလုပ်ရုံများအလိုက် အပြီး သတ်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။

 

မြွေဆိပ်ဖြေဆေး အလုံးရေ ၈ဝဝဝဝ ထုတ်လုပ်

မြွေဆိပ်ဖြေဆေးစက်ရုံမှ ယခင်က တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေး အလုံးရေ ၃ဝဝဝဝ ခန့်သာ ထုတ်လုပ် နိုင်ခဲ့သဖြင့် ပြည်ပမှ မှာယူတင်သွင်းခဲ့ရသော်လည်း ယခုအခါ လုံလောက်အောင် ဖြန့်ချိနိုင်ပြီ ဖြစ်ပါကြောင်း၊ ယခုအခါ တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေး အလုံးရေ ၈ဝဝဝဝ ခန့်အထိ GMP နှင့်အညီ ထုတ်လုပ်၍ တစ်နိုင်ငံလုံး၏ ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါကြောင်း။

 

အမှတ်(၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်)ကို ဩဂုတ် ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး Myanmar Conch Cement Co.,Ltd. နှင့် အကျိုးတူ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေး ကောင်းမွန်သည့် ဘိလပ်မြေများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ တစ်နေ့လျှင် တန်ချိန် ၁ဝဝဝဝ အထိ ထုတ်လုပ် နိုင်ရန် ဆောင်ရွက်ပေးနေပါကြောင်း။

 

ထုတ်လုပ်မှုနည်းပညာဖြန့်ဝေ

ဂျာမနီနိုင်ငံ GIZ နှင့်ပူးပေါင်း၍ လက်ဖက်ခြောက် နည်းပညာပံ့ပိုးခြင်းကို ပင်းတယမြို့တွင် လည်းကောင်း၊ နယ်သာလန် PUM Netherlands Senior Expert Organization နှင့်ပူးပေါင်း၍ ဆားထုတ်လုပ်မှု နည်းပညာ ပံ့ပိုးပေးခြင်းကို သံဖြူဇရပ်၊ စစ်တွေ၊ ရန်ကုန်မြို့တို့တွင် လည်းကောင်း၊ နယ်သာလန် PUM Netherlands Senior Expert Organization နှင့်ပူးပေါင်း၍ ကော်ဖီစိုက်ပျိုးမှု နှင့် ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းခြင်းကို မန္တလေးမြို့နှင့် မိုးကုတ်မြို့တို့တွင်လည်းကောင်း၊ ဆပ်ပြာထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းပေးခြင်းကို မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁ဝ ခုတွင် လည်းကောင်း၊ Foundry & Forging နည်းပညာဖြန့်ဝေခြင်းကို ပဲခူး၊ မန္တလေးနှင့် ရန်ကုန်မြို့ တို့တွင်လည်းကောင်း၊ ချည်ထည်ဆေးဆိုးခြင်း နည်းပညာဖြန့်ဝေခြင်းကိုရန်ကုန်မြို့တွင်လည်းကောင်း၊ သရက်သီးမှ Juice၊ Bar၊ Candy ထုတ်လုပ်မှုနည်းပညာဖြန့်ဝေခြင်းကို ရန်ကုန်မြို့တွင် လည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း။

 

UNIDO နှင့်ပူးပေါင်း၍ ရက်ကန်းလုပ်ငန်းအစု အဖွဲ့အား Marketing Training ကို မိတ္ထီလာမြို့တွင် လည်းကောင်း၊ ဂျာမနီ GIZ နှင့်ပူးပေါင်း၍ လက်ဖက်ခြောက်လုပ်ငန်း အစုအဖွဲ့အား အရည်အသွေးမီ လက်ဖက်ခြောက်နည်းပညာပံ့ပိုးပေးခြင်းကို တောင်ကြီးမြို့တွင် လည်းကောင်း၊ ဂျာမနီ GIZ နှင့် ပူးပေါင်း၍ လက်ဖက်ခြောက်လုပ်ငန်းအစုအဖွဲ့အား ထင်းအစား နေရောင်ခြည်သုံးနိုင်ရန် ပံ့ပိုးပေးခြင်း ကို ပင်းတယမြို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ဝန်ကြီးဌာန ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

 

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက သတင်းထောက်များ ခန့်ထားမှု အပိုင်းနှင့်သတင်းစာတွင် တွေ့ဆုံမေးမြန်းခန်းများ ဖော်ပြရာတွင် စိစစ်ဖော်ပြခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးမြန်းချက်ကို ဖြေကြားရာတွင် သတင်းမီဒီယာလောကတွင် စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များရှိပါကြောင်း၊ ဖော်ပြချက်များအားလုံးသည် မြေပြင်တွင် သတင်းထောက်များက သွားရောက်မေးမြန်းပြီး ယင်းအပေါ် အယ်ဒီတာက မူဝါဒနှင့်အညီ စစ်ဆေးဖော်ပြခြင်း ဖြစ်ပါကြောင်း၊ မှန်ကန်ပြီး ဖြစ်နိုင်ခြေရှိပါက ဖော်ပြပါကြောင်း၊ မိမိတို့၏ သတင်းထောက်များအား ကျင့်ဝတ်များနှင့် အညီရေးသားနိုင်ရန် လေ့ကျင့်ပေးထားပါကြောင်း ဖြေကြားသည်။

 

Channel ငါးခု

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရုပ်သံလွှင့်မီဒီယာတွင် အသစ်ပေးမည့် Channel ငါးခုနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားရာတွင် Skynet အခွန် ဝင်ငွေနှင့် ပတ်သက်ပြီး လွှတ်တော်နှင့် သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ရှင်းလင်းပြီး ဖြစ်ပါကြောင်း၊ သိန်း ၄ဝဝ ဆိုသည်မှာ လက်ရှိငှားရမ်းထားမှုအပေါ် ကောက်ခံခြင်းဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် တိုးချဲ့လာသည့်နေရာများအတွက်လည်း ထပ်မံပေးသွင်းနေပါကြောင်း၊ လက်ရှိတွင် သိန်း ၂ဝဝ ထပ်မံပေး သွင်းနေပါကြောင်း၊ ယခုအခါ သိန်း ၆ဝဝ ခန့်ရှိပြီဖြစ်ပါကြောင်း၊ နောက်လေး လတွင် သိန်း ၁ဝဝဝ ကျော်ထိ တက်သွားနိုင်ပါကြောင်း။

 

သိန်း ၂ဝဝ သာ ကောက်ခံမည်

အခြေခံအဆောက်အအုံအသုံးပြုမှုအပေါ် မူတည်ပြီး ဝင်ငွေလည်း တိုးကောက်မည် ဖြစ်ပါကြောင်း၊ စာချုပ်များကိုလည်း အသေးစိတ်ပြင်ဆင်ပြီး ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ ပေးပို့ထားပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် ထပ်မံပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ အကြံပြုချက်ကိုလည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ Channel ငါးခုနှင့်စပ်လျဉ်း၍ ဩဂုတ် ၂၅ ရက်တွင် အသေးစိတ်ရှင်းလင်း သွားမည် ဖြစ်ပါကြောင်း၊ Forever နှင့် ရွှေသံလွင်ကို ယခုအသစ် Channel ငါးခု တွင် ထပ်မံပေးရန်မရှိပါကြောင်း၊ သိန်း ၂ဝဝ မှာ ဌာနမှ သေချာတွက်ချက်ထားခြင်း ဖြစ်ပြီး နောက်လိုင်းသစ် ငါးခုကိုလည်း သိန်း ၂ဝဝ သာ ကောက်ခံမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

Community Center

ယခုအစိုးရလက်ထက် စာကြည့်တိုက်များနှင့် စပ်လျဉ်းပြီး Community Center ဆောင်ရွက်သွား မည့်ကိစ္စ၊ ယင်းအတွက် ဘတ်ဂျက်သုံးစွဲမည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးမောင်ဖေကဖြေကြားရာတွင်စာကြည့်တိုက် ၄၁၄ ခုကို အောင်မြင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခင်က စာကြည့်တိုက်များသည် ရုံးသဘောဆန်သည့်အတွက် ပြည်သူများ လာရောက်မှု နည်းပါးပါကြောင်း၊ ယင်းစာကြည့်တိုက်များကို ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် Community Center အဖြစ် တစ်ခုပြီးတစ်ခု စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ အင်းစိန်တွင် Community Center ကိုဖွင့်လှစ်ပေးထားပြီဖြစ်ပါကြောင်း၊ နောင်နှစ်လခန့်တွင် မြောင်းမြ၊ နတ်မောက်တို့တွင်လည်း တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်မြို့များတွင်လည်း ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပုဂ္ဂလိကရုပ်သံလိုင်း၊ FM လိုင်းများ လျှောက်ထားလာမှုအပေါ် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ Cross Ownership နှင့် ပတ်သက်ပြီး ပြင်ဆင်ချင်သည့် အချက်များကို စုဆောင်းထားပြီး ဖြစ်ပါကြောင်း၊ ရုပ်သံလိုင်းများ အသစ်ထပ်တိုး လာမှုနှင့်စပ်လျဉ်း၍ ရုပ်မြင်သံကြား ဥပဒေပြဋ္ဌာန်းပြီးပါက ယင်းဥပဒေအရ ပေါ်ပေါက် လာမည့် ကောင်စီကသာ လိုင်စင်လျှောက်ထားမှုကို ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ယင်းဥပဒေ မပေါ်ပေါက်မီလုပ်ငန်း ဆောင်ရွက်လိုသူများ ဆောင်ရွက်နိုင်ရန်အတွက် စဉ်းစားပေးသည့်အနေဖြင့် ဩဂုတ် ၂၅ ရက်တွင် ရုပ်သံလိုင်း ငါးခုကို ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

သတင်းထောက်များ၏ အခက်အခဲ

သတင်းထောက်များအနေဖြင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် မီဒီယာလုပ်ငန်း ဆက်သွယ် ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရမှုနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်းထောက်များ၏ အခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြားပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပို့ကုန်သွင်းကုန် ညီမျှရန်

ပို့ကုန်၊ သွင်းကုန်ညီမျှရန်နှင့် အရည်အသွေးမြင့်မားရန်အတွက် ဝန်ကြီးဌာန၏ ရေရှည် အစီအမံများနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် တာဝန်ရှိသူတို့က လာမည့် ကာလများတွင် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် အပိုင်းလိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန်များတင်ပို့နိုင်ရေးအတွက် မဟာဗျူဟာ စီမံကိန်း တစ်ရပ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိစေရန် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ကုန်သွယ်မှု ဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမှကာကွယ်နိုင်ရန် သက်ဆိုင်ရာ ဒေသများမှ ဒေသအာဏာပိုင် များနှင့် တာဝန်ရှိသူများအား သတင်းပေးခြင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အဆင့်လိုက် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

ပို့ကုန်ကဏ္ဍ ခုနစ်ခုရှိ

အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပို့ကုန်ကဏ္ဍလျော့ကျနေခြင်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင်  ပို့ကုန်ကဏ္ဍ ခုနစ်ခုရှိပါကြောင်း၊ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန် ထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန် ပစ္စည်းကဏ္ဍတို့တွင် တိုးတက်ပါကြောင်း၊ ကျောက်စိမ်းနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လျော့ကျသွား ပါကြောင်း၊ သစ်အချောထည်ကဏ္ဍတွင် တိုးတက်လာပါကြောင်း၊ ပို့ကုန်ကဏ္ဍတွင် ယမန်နှစ်ကထက် အနည်းငယ်လျော့သွားပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း လွန်ခဲ့သည့် လေး၊ ငါးနှစ်လောက်မှ တိုးတက် လာခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

 

သင်ယူမှုအခွင့်အလမ်း

ပညာရေးစနစ် အကြိမ်ကြိမ်ပြုပြင်ပြောင်းလဲနေခြင်းနှင့်ပတ်သက်၍ အစမ်းသပ်ခံပညာရေး ပုံစံ မဖြစ်စေရန် မည်သို့ဆောင်ရွက်နေကြောင်း သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်းသည် ပညာရေး ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ လူငယ်များကို သင်ယူမှုအခွင့်အလမ်း များပေးပြီး ဆောင်ရွက်သည့်အခါတွင် သင်ယူမှု အခွင့်အလမ်းကို လူတိုင်းပါဝင်နိုင်စေရန်၊ လူတိုင်း အကျုံးဝင်စေရန်၊ မျှတမှုရှိစေရန် ဆောင်ရွက်ရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ပညာရေး အရည်အသွေး မြင့်မားစေရန် ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်ရပါကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်အခါမှ စမ်းသပ် ဆောင်ရွက်ခြင်းမျိုး မရှိပါကြောင်း၊ ပြည်သူများအကျိုးရှိစေရန်၊ ကျောင်းသားကျောင်းသူများ အရည်အသွေး မြင့်မားစေရန်၊ ကျောင်းမထွက်သွားစေရန်၊ သင်ယူမှုအခွင့်အလမ်း မြင့်မားစေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ကြီး တစ်ခုလုံးအတွက် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ စမ်းသပ်နေခြင်း မဟုတ်ပါကြောင်း ဖြေကြားသည်။

 

ပညာရေးဝန်ထမ်းများ လစာတိုးပေးရန် ကိစ္စ

ပညာရေးဝန်ထမ်းများ၏ လစာအား တိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ရရှိနိုင်မည့် ဝင်ငွေပေါ်တွင် မူတည်၍ တိုးပေးရန် လျာထားပါကြောင်း၊ မိမိဌာနတွင် ဝန်ထမ်းအင်အား လေးသိန်းကျော် ရှိပါကြောင်း၊ တိုးပေးလိုက်လျှင် လည်း လိုအပ်လာမည့် ငွေကြေးပမာဏသည် အလွန်ကြီးမားသည့် အတွက် တိုးပေးနိုင်ရန် စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

အလွတ်ကျက်ပညာရေးစနစ်

အလွတ်ကျက်ပညာရေးစနစ်ကို ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ ဆောင်ရွက် နေသည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက သင်ကြားသည့် နေရာတွင် အချက်သုံးချက်ရှိပါကြောင်း၊ ပထမအဆင့်မှာ မှတ်မိခြင်းဖြစ်ပါကြောင်း၊ ဒုတိယအဆင့်မှာ နားလည်ခြင်းအဆင့်ကို သွားရမည်ဖြစ်ကြောင်း၊ တတိယအဆင့်ကိုရောက်မှသာ မှတ်မိထားသည်များနှင့် နားလည်ထားသည့်အရာများကို ပြန်လည်အသုံးချနိုင်သည့်အဆင့်သို့ သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ကြိမ်တည်းဖြင့် နားလည်ခြင်း အပိုင်းသို့မဟုတ် အသုံးချခြင်း အပိုင်းကို သွား၍မရပါကြောင်း၊ အဆင့်သုံးဆင့်ဖြင့် သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ ရည်မှန်းချက်မှာ ပြန်လည် အသုံးချနိုင်သည့် အဆင့်အထိ သွားနေခြင်းဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲများမှ ရရှိသည့် ရလဒ်များနှင့်စပ်လျဉ်း၍ အစီအရင်ခံစာ ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခွင့်ပြုရန်ပုံငွေအရ လုပ်နိုင်သည်များကို စီမံကိန်းအစီအစဉ်အရ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပညာရေးမြှင့်တင်မှုကဏ္ဍများတွင် သုံးစွဲမည်

တိုးတက်လာသည့် ပညာရေးအသုံးစရိတ်များကို မည်သည့်ကဏ္ဍများတွင် သုံးစွဲနေသည်၊ ဆရာ ဆရာမများအား လစာတိုးပေးမည့် အသုံးစရိတ်ကို မည်သည့်ဝင်ငွေဖြင့်သုံးစွဲသွားမည်ကို သိရှိ လိုကြောင်း မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တယ်လီဖုန်းကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်မှုမှ တစ်လစာရရှိခဲ့ပါကြောင်း၊ ပညာရေးမြှင့်တင်မှု ကဏ္ဍများတွင် သုံးရန်စီစဉ်လျက် ရှိပါကြောင်း၊ ထို့ပြင် အခြေခံပညာကဏ္ဍ လိုအပ်သည့် နေရာများတွင် သုံးစွဲဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

လျှောက်ထားသူအရေအတွက်နှင့် လက်ခံနိုင်သည့် အရေအတွက်ပေါ်မူတည်၍ ကန့်သတ်ခွဲဝေ

၁ဝ တန်းအမှတ်စာရင်းအပေါ်မူတည်၍ အင်ဂျင် နီယာ၊ ဆရာဝန် စသည့် လိုင်းများကွဲသွားပါကြောင်း၊ ထို့ကြောင့် ဝင်ခွင့်စနစ်ကို ပြုပြင်ပြောင်းလဲရန် ရှိ၊ မရှိ မေးမြန်းချက်အပေါ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်က ယခုလောလောဆယ် အခြေအနေအထိ တက္ကသိုလ်ဝင်စာပေးပွဲ တစ်ခုတည်းဖြင့် ဆုံးဖြတ်ပါကြောင်း၊ အခြေခံပညာ ၁ဝ တန်းအဆင့်စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဝင်ခွင့်စာမေးပွဲနှစ်ခုကို တစ်ပေါင်းတည်းကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်အသီးသီးဆက် တက်သည့်အခါ အမှတ်ဖြင့် ခွဲခြင်းမဟုတ် ပါကြောင်း၊ ကျောင်းသားများက ၎င်းတို့ တက်ချင်သည့်တက္ကသိုလ်၊ ကောလိပ်ကို လျှောက်ထားပါကြောင်း၊ ထိုသို့လျှောက်ထားရာတွင် လက်ခံမည့်ဦးရေထက် ကျော်လွန်လျှောက်ထား ပါက အမှတ်များသည့် သူကိုသာ ရွေးချယ်လိုက်ခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားသူ အရေအတွက်နှင့် လက်ခံနိုင်သည့် အရေအတွက်ပေါ် မူတည်၍ ကန့်သတ်ခွဲဝေခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်များ လွတ်လပ်စွာ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ရလာသည့်အခါ တက္ကသိုလ်များက သီးခြားတက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကျင်းပပြီး ဆောင်ရွက်လာရန် ရှိပါကြောင်း ဖြေကြားသည်။

 

ပြည်ပသွားရန် စီစဉ်ဆောင်ရွက်မှု

ပြည်ပသွားရန်အရွေးခံထားသည့် ဆရာ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများအား မည်သို့ စီစဉ်ဆောင်ရွက် သွားမည်ကိုသိရှိလိုကြောင်း မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မိမိတာဝန်ယူစဉ်ကာလတွင် ပြည်ပသို့သွားနေသူ ၈၆ ဦး ရှိပါကြောင်း၊ ယခင်က အင်္ဂလိပ်ဘာသာတစ်ခုတည်းပေါ်တွင် မူတည်ပြီးရွေးထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ၏ လိုအပ်ချက်အရ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာဘာသာရပ် အလိုက်ရွေးသည့်အခါ အင်္ဂလိပ်စာအပြင် အခြား ဘာသာရပ်များလည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံး ဖြစ်စေရန် လိုအပ်ချက်များ အပေါ်မူတည်၍ ဘာသာရပ် ကျွမ်းကျင်မှုနှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအရ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် က ပြန်လည်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံလုပ်ငန်းများ

အရှုံးပေါ်နေသည့်နိုင်ငံပိုင် စက်ရုံလုပ်ငန်းများအား မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က စက်မှုဝန်ကြီးဌာနတွင် လက်ရှိအရှုံးပေါ်နေသည့် စက်ရုံများရှိပါကြောင်း၊ အရှုံးပေါ်နေသည့် ကျောက်ဆည်ရှိ မှန်စက်ရုံ၊ ပုသိမ်ရှိ မှန်စက်ရုံနှင့် ကျောက်ဆည်ရှိ အဆင့်မြင့်မီးခံအုတ်ထုတ်စက်ရုံတို့ကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဆိုလာထုတ်လုပ်မည့် စီမံကိန်းကို စီးပွားရေးတွက်ခြေမကိုက်သဖြင့် ရပ်ဆိုင်းခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ ၄၇ ရုံရှိရာမှ သုံးရုံကို ငှားရမ်းလိုက်ပြီး စီမံကိန်းတစ်ခု ရပ်ဆိုင်း လိုက်သည့်အတွက် ၄၄ ရုံသာ ကျန်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနအောက်တွင် စုစုပေါင်း စက်ရုံ ၁ဝ၃ ရုံ ရှိပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ ၄၄ ရုံနှင့် ကျန် ၅၉ ရုံမှာ အကျိုးတူ တစ်ရုံ၊ ဖက်စပ် နှစ်ရုံနှင့် ပုဂ္ဂလိကသို့ ငှားရမ်းသည့်စက်ရုံ ၅၆ ရုံဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပွင့်လင်း မြင်သာစွာဆောင်ရွက်

ပုဂ္ဂလိကသို့ စက်ရုံများ လွှဲပြောင်းငှားရမ်းရာတွင် ပွင့်လင်းမြင်သာမှုရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကမှ ငှားရမ်းတော့မည်ဆိုပါက စိတ်ဝင်စားမှု ရှိ၊ မရှိ သတင်းစာများတွင် ကြော်ငြာထည့်သွင်းပါကြောင်း၊ တင်ပြလာသည့် ကုမ္ပဏီများ၏ ရေရှည်စီမံချက်တွင် မည်သို့ရှိသည်ကို တွေ့ဆုံဆွေးနွေးပါကြောင်း၊ ကုမ္ပဏီ၏ နည်းပညာ အင်အား၊ ငွေကြေးအင်အား အခြေအနေနှင့် ဝန်ထမ်းများ၏အခြေအနေကိုပါ ထည့်သွင်း တွက်ချက်ပြီး စောင့်ကြည့်ပါကြောင်း၊ ယခုအခြေအနေများ ပေါ်မူတည်ပြီး စီးပွားရေးကော်မတီကို တင်ပြပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပါကြောင်း ဖြေကြားသည်။

 

စီးပွားရေးကော်မတီ

အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က စီးပွားရေး ကော်မတီတွင် မည်သည့်ပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက် နေသည်ကို သိရှိလိုကြောင်း မေးမြန်းချက်ပေါ် စီးပွားရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများနှင့် အတွင်းရေးမှူး အဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပါဝင်ဆောင်ရွက်ပါကြောင်း ဖြေကြားသည်။

 

ပန်ဒါအထည်စက်ရုံကိစ္စ

အလုပ်ရှင်၊ အလုပ်သမားအကြား ပြဿနာဖြစ်ပွားနေသည့် ပန်ဒါအထည်စက်ရုံ ကိစ္စနှင့်ပတ်သက်၍ စက်ရုံရှိ အလုပ်သမားများသည် ကုမ္ပဏီဝန်ထမ်းဖြစ်သည့်အတွက် အလုပ်သမားဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဩဂုတ် ၂၆ ရက်တွင် ပလိပ်မြို့ကို သွားရောက်ပြီး ဖြေရှင်းပေးရန် ရှိပါကြောင်း၊ အလုပ်သမားများသည် စက်မှုဝန်ကြီးဌာန၏ ဝန်ထမ်းဟောင်းများဖြစ်သည့်အတွက် ၎င်းတို့လည်း မထိခိုက် မနစ်နာစေရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်ဘက်တွင်လည်း စီးပွားရေးအရ ဆက်ပြီး သွားနိုင်စေရန် တည်ဆဲဥပဒေများနှင့်အညီ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် လမ်းကြောင်းအတိုင်း သွားရောက် ဖြေရှင်းပေးရန် စီစဉ်ထားပါကြောင်း ဖြေကြားသည်။