အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်သည့် ပဥ္စမအကြိမ် သတင်းစာရင်းလင်းပွဲကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၂၆

အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပဉ္စမအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

စီမံချက်ပေါင်း ၆၈ ခုရေးဆွဲဆောင်ရွက်ခဲ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရက် ၁၀၀ ကာလ အတွင်း စီမံချက်ပေါင်း ၆၈ ခု ရေးဆွဲဆောင်ရွက်ခဲ့ရာ ၃၁ ခုမှာရက် ၁၀၀ အတွင်း အပြီးဆောင်ရွက်ရမည့် စီမံချက်များ ဖြစ်ပြီး ကျန် ၃၇ ခုမှာ ရက် ၁၀၀ နောက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက်ရမည့် စီမံချက်များ ဖြစ်ပါကြောင်း၊ လုပ်ငန်းအားလုံး၏ ၇၂ ရာခိုင်နှုန်းအား ဆောင်ရွက်ပြီးစီးပြီးဖြစ်ကာ ၂၈ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးရန် ကျန်ရှိပါကြောင်း။

ပြည်သူအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း      

မူလက ခန့်ထားရန် စီစဉ်ထားသည့် သစ်လွင်ဆရာဝန်၁၀၀၀ နှင့်သွားဘက်ဆိုင်ရာ ဆရာဝန် ၄၂ ဦးအားသစ်လွင်ဆရာဝန် ၁၇၆၈ ဦးနှင့် သွားဘက်ဆိုင်ရာဆရာဝန်၈၄ ဦးအထိ တိုးမြှင့်ခန့်ထားနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့ထံမှ အတည်ပြုချက်ရယူခဲ့ပါကြောင်း၊ ပြည်သူအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်း (Community Clinic) များဖွင့်လှစ်၍ ကျေးလက်နေ ပြည်သူလူထုအတွက် ပဏာမကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းကျန်းမာရေး လှုပ်ရှားမှုများကို ပညာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခြင်းကိစ္စ၊ ကျောင်းသားများ ကျန်းမာမှ သာ Community အတွက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ အားကစားနှင့် ပူးပေါင်း၍ ဆောင်ရွက်နေ ပါကြောင်း။

ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး

သဘာ၀ဘေးလျှော့ချရေးနှင့် ကြိုတင်ပြင်ဆင် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်များကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းကိစ္စ၊ (၅)နှစ်အောက်ကလေးများ သေဆုံးမှု လျော့ကျရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး၊ဖြည့်စွက်ဆေးထိုးခြင်းနှင့် ပိုလီယိုရောဂါ ပပျောက်ရေး အတွက် လက်ရှိအသုံးပြုနေသော ပိုလီယိုရောဂါကာကွယ်ဆေးအစား ဆေးအမျိုးအစားနှစ်မျိုး ပါဝင်သော ပိုလီယို ရောဂါကာကွယ်ဆေး (Bivalent Oral Polio Vaccine) ဖြင့် ပြောင်းလဲသုံးစွဲ တိုက်ကျွေး ခြင်းကိစ္စများကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသာမက အခြားတာဝန်ရှိသည့် ဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း။

ဧည့်ကြိုစနစ်

ကျန်းမာရေးသတင်းစနစ် ဖွံဖြိုးတိုးတက်ရေးအတွက် လက်ရှိကျန်းမာရေးသတင်းစနစ်ကို လေ့လာသုံးသပ်ပြီး (၅)နှစ်စီမံကိန်းရေးဆွဲခြင်း အကြမ်းပြီးသွားပြီဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် လုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် သင်တန်းများပို့ချခြင်းနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ် သက်ရောက်မှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခြင်း၊ ရန်ကုန်နေပြည်တော်- မန္တလေး အမြန်လမ်း အရေးပေါ်လူနာတင် ယာဉ်စနစ် ထူထောင်ရေးကိစ္စများ ဆောင်ရွက်ခြင်း၊ ခုတင် (၂၀၀)နှင့်အထက် ဆေးရုံ များတွင် ဧည့်ကြိုစနစ်နှင့် ဆေးရုံဆင်းချိန်တွင် လူနာများအသံနားထောင်ခြင်း၊ ကျန်းမာရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ပြုလုပ်ခြင်း၊ လူနာနှင့် ဆွေးနွေးပြီး ရရှိလာသည့်သတင်းများသည်  မိမိတို့အတွက် အလွန်အရေးကြီးပါကြောင်း၊ ရရှိလာသည့် အချက်များကို အခြေခံ၍ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ် ခဲ့ပါ ကြောင်း။

ကူးစက်ရောဂါ ကာကွယ်တားဆီးရေး

ဆေးရုံများတွင် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးရုံစစ်ဆေးမှု ပုံစံများ ပြုလုပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဆေးရုံများသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးလုပ်သားများ၏ ကျင့်ဝတ်သိက္ခာ ပိုမိုကောင်းမွန်စေရေးအတွက် ဆေးတက္ကသိုလ်များ၊ သူနာပြု တက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန် အတန်းအားလုံးတွင် ဆေးပညာကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်၊ သုတေသနကျင့်ဝတ်နှင့်  ပြည်သူ့ ကျန်းမာ ရေးကျင့်ဝတ် သင်ခန်းစာများ သင်ယူနိုင်ရေးအတွက်သင်ရိုးညွှန်းတမ်းပြင်ဆင်ရေးဆွဲခြင်းနှင့် သင်ကြားပုံ နည်းစနစ် ပိုမိုကောင်းမွန်ရေးကို အလေးပေးဆောင်ရွက် ခဲ့ပါကြောင်း။

အရေးပေါ်လူနာတင်ယာဉ်စနစ် ထူထောင်ရေး

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်း အရေးပေါ်လူနာတင်ယာဉ်စနစ် ထူထောင်ရေးကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၁ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး စုစုပေါင်း (၆)ကြိမ် လူနာသွားရောက်သယ်ယူကာ လူနာ ခုနစ်ဦးအား အချိန်မီဆေးဝါးကုသမှုများ ပေးနိုင်ခဲ့ပါကြောင်း၊ ခုတင် (၂၀၀) နှင့်အထက် ဆေးရုံများတွင် ဧည့်ကြိုစနစ်နှင့် ဆေးရုံဆင်း Interview  ပြုလုပ်ခြင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ ဆေးရုံပေါင်း ၈၂ ရုံတွင် ဆောင်ရွက်လျက် ရှိပါကြောင်း။

ခံတွင်းကျန်းမာရေး၊ မျက်စိကျန်းမာရေး

ပခုက္ကူဆေးရုံ၊ နေပြည်တော်ဆေးရုံများတွင်လည်း Riception Service ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကိစ္စနှင့် ပတ်သက်၍ ကျောင်းပေါင်း ၁၅၃၅၂ ကျောင်းတွင် ကျောင်းသားပေါင်း ၂၈၉၀၄၅၁ ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေး၊ မျက်စိ ကျန်းမာရေး အပါအဝင် အထွေထွေကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေးအတွက် ဆောင်ရွက်ခဲ့ သကဲ့သို့ သွေးလွန်တုပ်ကွေး အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ် တားဆီးရေး လုပ်ငန်းများကိုပါ အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ အစားအသောက်နှင့် ပတ်သက်၍လည်း မိမိ ကိုယ်တိုင်ဦးစီး၍ လက်ရှိရှိနေသည့် လူအင်အားနှင့် အဆင်ပြေအောင်ဆောင်ရွက်နေပါကြောင်း ရှင်းလင်း ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရက် ၁၀၀ အတွင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့် ရှင်းလင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းလုပ်ဆောင်ချက်များမှာ အချက် (၁၈)ချက်ရှိကြောင်း၊ ယင်းတို့မှာ အစိုးရသစ်တက် လာပြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက် ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၃ ယောက် ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပေးခဲ့ပါ ကြောင်း။

ပြည်တွင်းငြိမ်းချမ်းရေး

နောက်တစ်ချက်က တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အမှုရင်ဆိုင်မှုများကိုလည်း ပိတ်သိမ်းဖို့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ ရုံး ပြင်ဆင်ဖွဲ့စည်းရေးနှင့် အစိုးရအုပ်ချုပ်ရေး  ရုံးလုပ်ငန်း များ စနစ်တကျရှိရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရက် ၁၀၀ အတွင်း Myanmar Peace Center ကို NRPC အဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ရာ ရက် ၁၀၀ အတွင်း အောင်မြင်ခဲ့ပါကြောင်း။

အမုန်းတရားကင်ရှင်းစေရေးအတွက် ဥပဒေတစ်ရပ် ရေးဆွဲ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ကြောင်း၊ NRPC အောက်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်းတွင် ရခိုင်ပြည်နယ်ကိစ္စလည်းပါဝင်သလို အခြားသော အမျိုးသားပြန်လည်သင့်မြတ်ရေးများလည်း ပါဝင်ပါ ကြောင်း၊ အမုန်းတရားများ လျော့နည်းသွားအောင် ဘက်ညီမျှတသည့် ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက် လာအောင် ဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ချမှတ်ပေးသော မူဝါဒနှင့်အညီ Dialogue များ၊ လူ့အဖွဲ့အစည်းအတွင်း အမုန်းတရားကင်းရှင်းစေရေးအတွက် ဥပဒေတစ်ရပ်ရေးဆွဲရန် ဆောင်ရွက်နေ ပြီးသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ပါဝင်လာ အောင် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ် ဆောင်ရွက် ခဲ့ပါကြောင်း။

လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်

ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းကို ပြီးခဲ့သည့်ငါးနှစ်က ယာယီ ဆိုင်းငံ့ခဲ့ပါကြောင်း၊ အစိုးရသစ် တက်လာချိန်တွင် ဒါကို မေးခွန်းထုတ်ခံရကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ခြုံငုံသုံးသပ်ပြီး ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ဆိုပြီးဖွဲ့စည်းခဲ့ပါကြောင်း။

Donor Coordination Mechanisms

ထို့ပြင် Donor Coordination Mechanisms များ ပေါ်ပေါက်လာရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်  ရက်သတ္တ ပတ်အတွင်း ရန်ကုန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် Donor Community တို့ တွေ့ဆုံခဲ့ပါကြောင်း၊ အထူးသဖြင့် Donor ,Stakeholder နှင့် အစိုးရတို့ ပါဝင်သည့် Joint Mechanisms များ ပေါ်ပေါက်လာအောင် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ၎င်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံရုံး  ဝန်ကြီး ဌာန၏ ရက် ၁၀၀ လုပ်ငန်း ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း ပြောကြားသည်။

တာဝန်သိသည့် ခရီးသွားလုပ်ငန်း

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ခရီးသွားမူဝါဒကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ရန် လွှင့်တင်ထားပါကြောင်း၊ နိုင်ငံခြားငွေ ရှာဖွေပေးသည့် အမျိုးသား အဆင့်  ဦးစားပေး စီးပွားရေး ကဏ္ဍတစ်ခုဖြစ်စေရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့လုပ်ငန်းတွင် တာဝန်သိသည့် ခရီးသွား လုပ်ငန်းဖြစ်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ နေထိုင်ရာ ရပ်ရွာအားလုံး ပြန်သွားသည် အထိ ဧည့်ဝတ်ကျေပွန်ရ မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း ခရီးသွားများလည်း စိတ်ချမ်းသာစွာ၊ အန္တရာယ်ကင်းရှင်းစွာ သွားရောက်လည်ပတ်နိုင်ရန်အတွက် ရည်မှန်းချက်များ ဖော်ဆောင်ထားခဲ့ပါကြောင်း၊ သို့မှသာ ဝန်ကြီးဌာနက တာဝန်ကျေမည် ဖြစ်ကြောင်း၊ ရိုးရှင်းသည့် မြန်မာဝေါဟာရများ ကိုသာ အသုံးပြု ထားပါကြောင်း။

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

ရက် ၁၀၀ လုပ်ငန်းများကို Facebook လူမှုကွန်ရက် များတွင်ပါ ကျယ်ပြန့် စွာတင်ပြခဲ့ပါကြောင်း၊  အဓိက လုပ်ငန်းမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကို လူများကလုပ်သည့် အတွက် ဝန်ထမ်းများ လူသားအရင်းအမြစ်ဖွံ့ဖြိုးရန် အရေးကြီးပါကြောင်း၊ ဝင်ငွေ မကောင်းသေးသည့် ပြည်သူများ အလုပ်အကိုင်ရရှိရေး အတွက်၊ ကျေးရွာများတွင် ထိုက်သင့်သည့် ဝင်ငွေနှင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်ရန်အတွက် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် (Donor Community Based Toursim )ဖြစ်အောင် ရည်ရွယ်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်ရပါကြောင်း၊ PPP မှာ Private-Public Partnership  တို့အပြင် People ကိုပါ ထည့်သွင်းထားပါ ကြောင်း။

ဟိုတယ်လုပ်ငန်း

ဟိုတယ်လုပ်ငန်းများကိုလည်း လိုင်စင်ပေးခဲ့ပါ ကြောင်း၊ သတ်မှတ်ထားသည့် လိုင်စင်နှင့် ဖွင့် လှစ်မှု ရှိ/ မရှိ၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှု ရှိ/မရှိကိုလည်း စစ်ဆေးရမည်ဖြစ်ပါကြောင်း၊ ယခုအခါ လိုင်စင်မယူဘဲ ဖွင့်လှစ်နေသည့် ဟိုတယ်၊ တည်းခိုခန်းများ ရှိနေပါကြောင်း၊ ဥပဒေချိုးဖောက်မှုမရှိစေရန် သတ်မှတ်ထားသည့် ကာလ အတွင်း လိုင်စင်လျှောက်ထားစေလိုပြီး အကယ်၍ လျှောက်ထားမှုမရှိပါက အရေးယူမည့်လုပ်ငန်းများ ဆောင် ရွက်ခဲ့ပါကြောင်း။  

ဧည့်လမ်းညွှန်လုပ်ငန်း

ဧည့်လမ်းညွှန် လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် လိုင်စင်ယူရမည်ဖြစ်ပါကြောင်း၊ လိုင်စင် ယူထားပြီး အခွန်အခဆောင်ထားရသည့် ဧည့်လမ်းညွှန်များ မနစ်နာစေရန်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ပါကြောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လိုင်စင်မယူဘဲ လုပ်နေသူများရှိနေ ပါကြောင်း၊ ၁၉၉၃ ခုကတည်းက ပြဋ္ဌာန်းခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေထဲတွင် ပါဝင်ပြီးဖြစ်ပါ ကြောင်း၊ ဥပဒေအသစ်ကိုလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း။

ဖြေလျှော့မှုများ

ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ သွားနေချိန်တွင် ဖြေလျှော့မှုများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းရှင် များ အခက်အခဲမဖြစ်စေရန်နှင့် ဆက်စပ်လုပ်ငန်းများ၊ အလုပ်သမားများ အခက်အခဲမဖြစ်စေရန် လိုင်စင်ကြေး အတွက် ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါကြောင်း၊ လိုင်စင် လုပ်ကိုင်ရန်အတွက် သွားလာစရိတ်များကို မကုန်ကျစေရန် အွန်လိုင်းလိုင်စင်ကို ဇူလိုင် ၁ ရက်မှ စတင်ခွင့်ပြုပေးခဲ့ပါ ကြောင်း၊ လူတိုင်းအသုံးပြုနေသည့် မိုဘိုင်းဖုန်းမှတစ်ဆင့် e-licence မှတစ်ဆင့် လျှောက်ထားနိုင်ပါကြောင်း၊ လိပ်စာမှာ elicence toursm .gov. mm ဖြစ်ပါကြောင်း။

လုပ်ငန်းလိုင်စင်

ပြည်ပသို့ထွက်မည့် ပြည်သူများအတွက် လုပ်ငန်း လိုင်စင်များကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ကြီး ဌာန၏ သတင်းအချက်များကို ဖြန့်ဝေနိုင်ရန် Mobile Application  များကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ဥပဒေများ၊ data များ၊ စာရွက်စာတမ်းများ အားလုံးကို PDF ဖိုင်ဖြင့် ကြည့်ရှု နိုင်မည်ဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါ ဖော်ပြထားပြီး နောက်ပိုင်းတွင် လေယာဉ်၊ ကားထွက်ချိန်များကို ဖြည့်သွင်း မျှဝေနိုင်ရန် ကြိုးစားနေပါကြောင်း၊ နိုင်ငံခြားသားများ သိနိုင်ရန် အတွက် အင်္ဂလိပ်ဘာသာဖြင့် ဆောင်ရွက်ထားပါကြောင်း။

ပုဂံတွင် ငလျင်လှုပ်ခဲ့ပြီး သဘာ၀ဘေးများကို သိနိုင်ရန်ဖေ့ဘွတ်တစ်ခု လွှင့်တင်ထား

အခြေအနေ အားလုံးကို ပွင့်လင်းစွာ တင်ပြထားပြီးမိမိတို့ဝက်ဘ်ဆိုက် www.myanmartourism.org တွင် ပြည့်ပြည့်စုံစုံတင်ပြထားပါကြောင်း၊ မိမိတို့ Facebook လည်း ရှိပါကြောင်း၊ အီးမေးလ်လိပ်စာ အနေဖြင့် dg.dhtd.moht@gmail.com, ဖုန်း- ၀၆၇-၄၀၆၄၄၈, ၄၀၆၂၄၄ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ မကြာခင်က ပုဂံတွင် ငလျင်လှုပ်ခဲ့ပြီး သဘာ၀ဘေးများကိုသာ သိနိုင်ရန်အတွက် ဖေ့ဘွတ်တစ်ခု လွှင့်တင် ထားပါကြောင်း ပြောကြားသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအယ်လ်တူးမိန်းဂေါင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအဖွဲ့အစည်းတွေကို စနစ်တကျ ဖွဲ့စည်းမှုဆောင်ရွက်ပြီး သည့်အခါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ်အခြေခံ၍ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသည် တိုင်းရင်းသားများ ၏ စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုဘ၀မြှင့်တင်ရေးလုပ်ငန်းများ ကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ် ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

၉၀ ရာခိုင်နှုန်း ပြီးစီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အသစ် စတင်ဖွဲ့စည်းခြင်းသည် ဆောင်ရွက်ဆဲဖြစ်ပြီး ပြီးစီးမှုမှာ ၉၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် ပြီးစီးရန် ခန့်မှန်းထားပါကြောင်း၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၂) ခု၏ ရုံးချုပ်တို့ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ဦးစီးဌာန (၂) ခု၏ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်းကောင်း ဖွဲ့စည်းနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရသုံးဘဏ္ဍာငွေခွင့်ပြုချက် တင်ပြတောင်းခံခြင်း ဆောင်ရွက်ပြီး ပြည်ထောင်စုလွှတ်တော် အတည်ပြုပြီး ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအတွက် လစာစရိတ်များ၊ လိုအပ်သည့် ရုံးသုံးနှင့် အထွေထွေသုံးပစ္စည်းများ ဝယ်ယူရန်စရိတ်များနှင့် လုပ်ငန်းဆောင်ရွက်ရန်စရိတ်များ ရရှိမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဝန်ကြီးဌာန ကိုယ်စားလှယ်များက ပြန်လည် ဖြေကြားကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်သန္တာလွင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထားထားလင်း တို့က နာဂဒေသတွင် လူ ၈၀ ကျော်သေဆုံးမှု၊ ရောဂါ ထိန်းချုပ်နိုင်မှုတို့နှင့် စပ်လျဉ်းသည့် မေးမြန်းချက်ကို ဖြေကြားရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့ နယ်၊ ဒုံဟီးမြို့နယ် ခွဲရှိ ကဲဆန်ဆာလင်၊ ကဲဆန်ဘောက်လွန်၊ ကဲဆန်လုံကျန် ကျေးရွာတို့တွင် လူ ၁၃ ဦးသေဆုံးခဲ့သည်ကို ဩဂုတ် ၃ ရက်က သတင်းရရှိခဲ့ပါကြောင်း၊ လဟယ်တွင် ဆေးခန်းဖွင့်ပြီး ကုသခဲ့ပါကြောင်း၊ ထိုသို့ကုသသည့်အခါ လူနာ ၁၅ ဦးက ဝက်သက်ရောဂါလက္ခဏာဖြစ်သော အရေပြားတွင် အနီစက်ထွက်သည့် အမှတ်အသား၊ လူနာသစ် ကိုးဦးမှာ သံသယ ဝက်သက် ရောဂါလက္ခဏာတို့ကို တွေ့ခဲ့ပါကြောင်း။

ထန်ခေါ်လာမားတွင် ဝက်သက်ကပ်ရောဂါအသွင် ဖြစ်ခဲ့သည်ဟု သုံးသပ်

ထန်ခေါ်လာမားကျေးရွာရှိ လူနာ ၁၀ ဦးမှ သွေးရည် ကြည် နာမူနာကိုယူပြီး ရန်ကုန်မြို့ရှိ  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းဆိုင်ရာဌာနသို့ ပေးပို့ပြီး စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေး သည့်အခါ ခုနစ်ဦးတွင် ဝက်သက်ရောဂါအနေအထား တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ထန်ခေါ်လာမားတွင် ဝက်သက် ကပ်ရောဂါ အသွင် ဖြစ်ခဲ့သည်ဟု သုံးသပ်ခဲ့ပါကြောင်း။

နန်းယွန်းတွင် သံသယ ဝက်သက်ရောဂါလက္ခဏာများ မဖြစ်ပွားခဲ့

နန်းယွန်းမြို့နယ်တွင် ကွင်းဆင်းစုံစမ်းခြင်း၊ လူနာ အသစ်ရှာဖွေခြင်းနှင့် ဆေးခန်းဖွင့်လှစ်  ကုသခြင်းများ ဆောင်ရွက်ခဲ့ရာ အသက် ၁၈ နှစ်အောက် လူနာ ၁၄၈ဦးနှင့် အသက် ၁၈ နှစ် အထက် လူနာ ၃၅ ဦး စုစုပေါင်း လူနာ ၁၈၃ ဦးကိုတွေ့ရှိပြီး ကုသခဲ့ပါကြောင်း၊ ၎င်းနေရာ တွင် ဝက်သက်လက္ခဏာနှင့် အခြားကူးစက်ရောဂါ လက္ခဏာများမတွေ့ခဲ့ပါကြောင်း၊  နန်းယွန်းမြို့ နယ်တွင် သေဆုံးခဲ့သည့် လူနာများမှာ သံသယဝက်သက်ရောဂါ လက္ခဏာများ မဖြစ်ပွားခဲ့ပါ ကြောင်း၊ ဆေးခန်းလူနာများ တွင်လည်း သံသယဝက်သက်ရောဂါလက္ခဏာ  မတွေ့ခဲ့ရ ကြောင်း၊ လူနာ ခုနစ်ဦးထံမှ သွေးနမူနာ စစ်ဆေးသည့်အခါတွင်လည်း ဝက်သက်ရောဂါ မတွေ့ရသည့်အတွက် နန်းယွန်းတွင် ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှု  မရှိခဲ့ ပါကြောင်း၊ ဩဂုတ် ၆ ရက်တွင် ကူးစက်ရောဂါဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ၁၅ ဦးပါသည့် အဖွဲ့သည် ကာကွယ်ဆေးထိုးအဖွဲ့ ၁၈ ဖွဲ့နှင့်လုပ်ငန်းများ ဆောင်ရွက်ပါကြောင်း။

တစ်အိမ်တက်ဆင်း လူနာရှာဖွေခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့

ကလေးပေါင်း ၁၅၀၅၄ ဦးကို ဝက်သက်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျေးရွာများတွင် တစ်အိမ် တက်ဆင်း လူနာရှာဖွေခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက် သည့်အခါ ဆေးခန်းကို လာပြသည့် လူနာပေါင်း  ၁၅၉၆ ဦးရှိပါ ကြောင်း၊ လဟယ်မြို့နယ် ထန်ခေါ်လာမား ကျေးရွာတွင် လူနာသစ် ၉ ဦးတွေ့ခဲ့ပါကြောင်း၊ ဝက်သက်နှင့် အခြား ပြင်းထန်ရောဂါဖြစ်ပွားသူ မရှိပါကြောင်း၊  တီဘီရောဂါ အထူးကုဆရာဝန်ကြီးများက ကျေးရွာ တော်တော်များများတွင် တီဘီ ကာကွယ်ရေး၊ စောစီးစွာ ဆေးကုသမှုခံယူရေး တို့နှင့် ပတ်သက်ပြီး ကျန်းမာရေးပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း။

ဖွံ့ဖြိုးတိုးတက်မှု မရှိ

ထိုဒေသများသည် ဖွံ့ဖြိုးတိုးတက်မှုမရှိပါကြောင်း၊ အစားအသောက် ရိက္ခာနည်းပါးပါကြောင်း၊ ထို့ကြောင့် ရောဂါများဖြစ်ပွားလာသောအခါ ရောဂါဒဏ်ကိုလည်း မခံနိုင်ပါကြောင်း၊ ထို့ကြောင့် ကလေးငယ်များအား ဗီတာမင်နှင့် အာဟာရမှုန့်တိုက်ကျွေးခြင်း၊ နှစ်နှစ်မှ ကိုးနှစ် ကလေးငယ် များကို သန်ကျဆေးတိုက်ခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ကုသရေးဦးစီးဌာနမှ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီး များပါဝင်သည့် ဆေးအဖွဲ့များက ကျေးရွာများသို့ ကွင်းဆင်းကုသခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ နေရာဒေသအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် မော်တော်ဆိုင်ကယ်များဖြင့် သွားရပါ ကြောင်း၊ ယခုအချိန်တွင် နန်းယွန်းနှင့် အဆက်အသွယ်ရအောင် ဝန်ကြီးဌာန အနေဖြင့် အိုင်ကွန်စကားပြောစက်များ ပေးပို့ရန် ဆောင်ရွက်ထားပါကြောင်း။

ဘာသာစကား မပေါက်

မြို့နယ် သုံးမြို့နယ်တွင် လျှပ်တစ်ပြက် ကာကွယ်ဆေးထိုးသည့်အစီအစဉ်ကို နှစ်တိုင်း သုံးလတစ်ကြိမ် ထိုးနှံ ပေးပါကြောင်း၊ တောင်ပေါ်ဒေသသို့ သွားရောက်ထိုးနှံသည့် အစီအစဉ် ရှိသော်လည်း အားနည်းချက်အနေဖြင့် ဒေသခံ ဘာသာစကားမပေါက်ခြင်း၊ သွားသည့်အချိန် တွင် ကလေးများကို မတွေ့ခြင်း၊ ဆိုင်ကယ်ငှားရမ်းခ သိန်းဂဏန်းနှင့်ချီ၍ ပေးရခြင်း၊ ညအိပ်မနေနိုင်ခြင်း စသည်တို့ရှိပြီး နှစ်ရှည်လများ ဆိုးကျိုးများကြောင့် ယခုလို ဝက်သက် ရောဂါ ကပ်အသွင်ဖြစ်ပွားရခြင်းဖြစ်ပါကြောင်း။

အသက်နှင့် ရင်းပြီးသွားခဲ့ရ

ကာကွယ်ဆေးထိုးနှံရန် သွားရောက်သည့် ဆရာမမှာအသက်နှင့်ရင်းပြီး သွားခဲ့ရပါကြောင်း၊ လမ်းမရှိဘဲ လမ်းကိုဖော်ပြီး သွားခဲ့ရပြီး ဆေးအထိုးမခံသည့် ကလေးများလည်းရှိပါကြောင်း၊ အခက်အခဲအမျိုးမျိုး တွေ့ရပါကြောင်း၊ သေဆုံးမှုနှင့် ပတ်သက်ပြီး လဟယ်မြို့နယ်တွင် ဇွန်လမှ ဩဂုတ်လအထိ သေဆုံးမှုမှာ ၂၈ ဦး၊ ထန်ခေါ်လာမား ကျေးရွာတွင် ၂၄ ဦး၊ တခြားကျေးရွာတွင် လေးဦးသေဆုံးပြီး နန်းယွန်းတွင် မေလမှ ဩဂုတ်လအထိ သေဆုံးသူ ၄၀ ဟု သတင်းရရှိပါကြောင်း။

၈၅ ရာခိုင်နှုန်းကျော် လွှမ်းခြုံကာကွယ်ဆေးထိုးခဲ့

လောလောဆယ် ကပ်အသွင်ဖြစ်ပွားသေဆုံးမှု ထပ်ပြီးမရှိပါကြောင်း၊ ဝက်သက်ရောဂါ ဖြစ်ပွားမှုကိုလည်း ထိန်းချုပ်နိုင်ပါကြောင်း၊ လဟယ်မြို့နယ်တစ်မြို့နယ်လုံး ကိုလည်း လောလောဆယ် ၈၅ ရာခိုင်နှုန်းကျော် လွှမ်းခြုံ ကာကွယ်ဆေးထိုးခဲ့ပါကြောင်း၊  ပွင့်လင်းရာ သီတွင် ကာကွယ်ဆေး ၁၀ မျိုး ဆက်ပြီးထိုးသွားရန် အစီအစဉ်ရှိပါကြောင်း။

ကျန်းမာရေး အသိပညာ အလွန်နည်းပါး

ယင်းဒေသတွင် ကျန်းမာရေးအသိပညာ အလွန် နည်းပါးပါကြောင်း၊ ရောဂါကာကွယ်နိုင်ရန် အတွက် ၂၀ ရာခိုင်နှုန်းသာရှိပါကြောင်း၊ အမှန်မှာ ၉၀ ရာခိုင်နှုန်းရှိရမည်ဖြစ်ပါကြောင်း၊ ဘာကြောင့်နည်းသလဲဆိုလျှင် ထိုဒေသသို့ သွားရောက်မည့် ဝန်ထမ်းမရှိပါကြောင်း၊ သွားရေးလာရေး အလွန်ခက်ခဲသဖြင့် သတင်း အချက်အလက်မရ ပါကြောင်း၊ ယင်းသို့သော ဧရိယာမျိုး အများကြီးရှိပါကြောင်း၊ ဂြိုဟ်တုဖုန်းများ ပေးထား ရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ ဆောလျင်စွာ သွားနိုင်လျှင် ယခုလောက် သေဆုံးမည်မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

စရိတ်မျှပေးကျန်းမာရေး

စရိတ်မျှပေးကျန်းမာရေး၊ ပြည်သူများနှင့် ဆက်ဆံရေး မကောင်းသည့် အပိုင်း၊ ဆေးရုံသန့်ရှင်းမှု မရှိသည့်အပိုင်းများ၊ ကလေးဖျက်ချမှုတို့နှင့် စပ်လျဉ်း၍ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားရာတွင် ကျန်းမာရေးဆေးကုသမှုတွင် စရိတ်မျှပေး ကျန်းမာရေးကို ဖော်ဆောင်နေပါကြောင်း၊ ဆေးရုံမှ ဆေးဆိုင်များ ပိတ်လိုက် သည့်အတွက် ပြဿနာများစွာ ရှိနေပါကြောင်း၊ ဆေးရုံတွင် ဆေးရောင်းသည့် ဆိုင်များ ပြန်လည်ထားရှိရန် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ ၁၀ ရာခိုင်နှုန်းသာ အမြတ်ယူ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆေးရုံမှ မပေးနိုင်သည့်ဆေးများကို ဝယ်ယူရမည်ဖြစ်ပါ ကြောင်း။

အခြေခံဆေးများနှင့် အခြေခံ Service များကိုသာ ပံ့ပိုးပေးနိုင်သေး

ဆေးကုသရာတွင် ဆေးအဆင့်အမျိုးမျိုးရှိပါကြောင်း၊ လူတိုင်းကို ပေးနိုင်သည်မှာ အခြေခံ ဆေးများနှင့် အခြေခံ Service များကိုသာ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်မှုများ ကို စရိတ်မျှပေးသည့်အနေဖြင့် လူနာက  မျှပေးရမည်ဖြစ်ပါကြောင်း၊ တတ်နိုင်သမျှ လျော့ကျအောင် ဆောင်ရွက်နေပါကြောင်း၊ ကိုယ်ဝန် ဖျက်မှုမှာ ရောဂါရှိလျှင် ဖျက်ချမှုကို တရားဝင် ခွင့်ပြုပေးထားပါကြောင်း၊ ထောက်ခံ ချက်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ အပြင်တွင် လုပ်ဆောင်နေခြင်းများမှာ ကျင့်ဝတ်နှင့်မညီဘဲ တခြားအဖွဲ့ အစည်းများ၊ တခြားသူ များက လုပ်ဆောင်နေသည့် သဘောရှိပါကြောင်း၊ သိလျှင် တရားဝင်အရေးယူ၍ ရပါ ကြောင်း၊ တရားဝင်ခွင့်ပြုထားခြင်းမရှိပါကြောင်း။

မနိုင်မနင်း ဆောင်ရွက်နေရ

ဦးစီးဌာနမှ တာဝန်ယူသည့် ဆေးရုံ စုစုပေါင်း ၁၁၃၂ ရုံ ရှိပါကြောင်း၊ ဆရာဝန် နှစ်ထောင်နီးပါး  ခန့်ရန် ကြိုးစား နေပါကြောင်း၊ ဆေးရုံအားလုံးသည် ဆရာဝန် နှစ်ထောင် ခန့်ပြီးသည့်တိုင် ပြည်သူများကို စောင့်ရှောက်ရန် ရာထူး နေရာ ၅၀၀၀ ကျော် ရှိနေသေးပါကြောင်း၊ သူနာပြု တစ်သောင်းငါးထောင်ကျော် ရှိပါကြောင်း၊ လူနာ နှစ်စဉ် ပြင်ပရော အတွင်းပါများပြားနေပါ ကြောင်း၊ သင်္ဃန်းကျွန်း ခုတင် ၃၀၀ ဆေးရုံတွင် လူနာ ၃၀၀ ကျော်က အသုံးပြု နေပြီး လူနာသာမက လူနာစောင့်များပါ အသုံးပြုနေပါကြောင်း၊ Overload ဖြစ်နေပြီး သန့်ရှင်းရေး၊ ကုသရေးပါ မနိုင်မနင်းဆောင်ရွက်နေရပါကြောင်း၊ ကုသမှုအရည် အသွေးရော သန့်ရှင်းရေးပါ အကောင်းဆုံးဆောင်ရွက်နေပါကြောင်း။

ဆက်ဆံရေးကောင်းခြင်း မကောင်းခြင်းမှာ လူပုဂ္ဂိုလ်နှင့်သာ သက်ဆိုင်ပါကြောင်း၊ အလုပ်တာဝန်များသည့် အခါ ဖြစ်ပွားလေ့ရှိသည့် ကိစ္စဖြစ်ပါကြောင်း၊ ဆေးရုံဆင်းသည့်အခါ ရှိသည့်အခက်အခဲများကို မေးမြန်းပြီး အလုပ် တာဝန်များခြင်းကို အပြစ်မဖို့ဘဲ ပြင်သင့်သည် များကို ပြင်ဆင်ရန် ဆောင်ရွက်နေပါကြောင်း၊ ခုတင် ၁၀၀ ဆေးရုံများတွင် ဧည့်ကြိုစနစ် လုပ်ထားပါကြောင်း၊ ဆေးရုံဆင်း သည့်အခါ အခက်အခဲများကို မေးမြန်းပြီး ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျန်းမာရေးပညာပေးမှုများ ဆောင်ရွက်နေ

ကလေးဖျက်ချမှုနှင့်ပတ်သက်၍ မေးသွားသည့် မေးခွန်း အလွန်ကောင်းပါကြောင်း၊ ဘာကြောင့် ဖြစ်ရ သည်ဆိုသည်ကို စဉ်းစားလျှင် အဖြေထွက်လာမည်ဖြစ်ပါ ကြောင်း၊ တားဆေးကို ဘယ်အချိန်သောက်ရမည်ကို မသိ သည့်အတွက်  ကိုယ်ဝန်ရပြီးမလိုချင်သည့် အခါ ဖျက်ချခြင်းများ ဖြစ်ပေါ်လာပါကြောင်း၊ ကျန်းမာရေး ပညာပေးမှုများ ဆောင်ရွက်နေပါ ကြောင်း၊ ဖြစ်ပွားသည့်အမျိုးသမီးများတွင် ကိုယ်ဝန်ရှိမှုနှင့်ပတ်သက်ပြီး အသိပညာမရှိသည့် အတွက် ပြဿနာဖြစ်ရခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။ နာဂဒေသတွင် သေဆုံးသူအရေ အတွက် ကွာခြားနေမှု၊ အစားအသောက်များနှင့် ပတ်သက်၍ ထိန်းချုပ် ဆောင်ရွက်နေမှုကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဖြေကြားရာတွင် သေဆုံးသူအရေ အတွက် ကွာခြားရခြင်းမှာ ရေတွက်သည့် လနှင့် ရရှိသည့်အချက်အလက်များအပေါ်မူတည်ပြီး ကွာနေခြင်းဖြစ်ပါကြောင်း။

စနစ်တကျထိန်းကျောင်းရန် အစီအစဉ်များချမှတ်ထား

အစားအသောက်များနှင့် ပတ်သက်ပြီး လမ်းဘေး ဈေးသည်များကို ထိန်းချုပ်ရန်လိုပါကြောင်း၊ FDA သည် အသင့်စား အစားအသောက်များနှင့် သက်ဆိုင်ပါကြောင်း၊ လမ်းဘေး အစားအသောက်များကို ထိန်းချုပ်နိုင်ရန်အတွက် စည်ပင်၊ အဆင့်ဆင့်သော ပြည်သူ့ ကျန်းမာရေး အဖွဲ့များ ရှိပါကြောင်း၊ အဆင့်ဆင့်သော အသင်းအဖွဲ့တွေရှိပါကြောင်း၊ ဥပမာအားဖြင့် လက်လီရောင်းချသူများ အသင်းကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အဆင့်ဆင့်သော အသင်းများနှင့် ပေါင်းစပ်ပြီး အစားအသောက်များကို စနစ်တကျ ထိန်းကျောင်းရန် အစီအစဉ်များ ချမှတ်ထားပါ ကြောင်း၊ မသန့်ရှင်းသော အစားအစာများနှင့် ပတ်သက်၍ ပညာပေးအခန်းကဏ္ဍကို တိုးချဲ့သွားမည်ဖြစ်ပါကြောင်း၊အစားအသောက်နှင့် ဆေးဝါးများ၊ လူသုံးကုန်၊ အလှကုန် များဆိုပြီး FDA တွင် တာဝန်အပိုင်းကြီး သုံးပိုင်းရှိကြောင်း။

သတ်မှတ်ထားသည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည်

တာဝန်ရှိသူများက နိုင်ငံတကာဆေးပညာဘွဲ့ယူလာပြီး ပြည်တွင်းပြန်လာသူများ ဆမ ပြန်လျှောက်သည့်အခါ အခက်အခဲများရှိနေမှု၊ ဆေးထိုးအပ်ကိုင်ဆောင်ခွင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက် ကိစ္စများနှင့် ပတ်သက်၍ မေးခွန်းကို ဖြေကြားရာတွင် ကုသမှုကျွမ်းကျင်လျှင် ဆမထုတ်ပေးမည် ဖြစ်ပါကြောင်း၊ ပါရဂူများလာလျှင်လည်း ဘွဲ့လက်မှတ်မှအစ စစ်ဆေးပါ ကြောင်း၊ နိုင်ငံရပ်ခြားမှ ဆရာဝန်ဘွဲ့ရသူများသည် မြန်မာ နိုင်ငံတွင် ဆေးကုသခွင့် လိုင်စင်ရလိုလျှင် သတ်မှတ်ထားသည့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရမည်ဖြစ်ပါကြောင်း၊ မြန်မာဆေးကောင်စီမှ အောင်မြင်သည်ဟု သတ်မှတ်လျှင် ဆေးကုသခွင့် လိုင်စင် ထုတ်ပေးပါကြောင်း၊ ပြည်ပဆေးတက္ကသိုလ်တွင် သွားရောက်သင်ကြား ပြီး မြန်မာနိုင်ငံတွင် အလုပ်သင်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ကိစ္စကို ပြန်လည်စဉ်းစားဆောင်ရွက်နေပါကြောင်း။

ဆေးထိုးပိုင်ခွင့်

ဆေးထိုးအပ်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆေးကောင်စီမှ  သတ်မှတ်ချက်ရှိပါ ကြောင်း၊ မှတ်ပုံ တင်ရှိသူများသာ ဆေးကုသခွင့်ရှိပါကြောင်း၊ လက်ထောက် ကျန်းမာရေးမှူးနှင့် သူနာပြုဆရာမများ၊ သားဖွားဆရာမများသည် ဆေးထိုးပိုင်ခွင့်ရှိပါကြောင်း၊ သို့ရာတွင် ဆေးထိုး မှုနှင့် ကုသမှုသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဆောက်အအုံအသိုင်းအဝိုင်းနှင့် ဆက်နွှယ်နေမှ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ဘတ်ဂျက် အနေဖြင့် ကျန်းမာ ရေးအတွက်က ဘီလီယံ ၈၅၀ ရှိပြီး အားကစားမှာ ၁၉ ဘီလီယံ ရှိပါကြောင်း ဖြေကြားသည်။

လူများများသိအောင် လုပ်နိုင်လေခရီးသွားဧည့်သည် များများလာလေဖြစ်မည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က မိမိတို့နိုင်ငံ၏ သဘာဝအလှ တရားများကို ဧည့်သည်များစိတ်ဝင်စားရန်နှင့် Eco Tourism လုပ်ငန်းများ ဖွံ့ဖြိုးလာရန်အတွက် ဘာတွေ ပြင်ဆင်ထားသည်ကို သိလိုကြောင်း မေးမြန်းမှုကို ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ သာယာလှပမှုကို အများသိအောင် ကြေညာရမည်ဖြစ် ပါကြောင်း၊ လူများများ သိအောင် လုပ်နိုင်လေ အကျိုးကျေးဇူးအဖြစ် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ များလာမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနက လုပ်ဆောင်နေ

ထိုသို့လုပ်ရန်အတွက် မီဒီယာများ၊ TV များ၊ ရုပ်သံလွှင့်များမှ ကြေညာခြင်းများ၊ တခြား နိုင်ငံများတွင် လိုက်လံ ၍ ဏမသာသအငသည လိုက်လံဆွေးနွေးခြင်းများ၊ ဟောပြောခြင်း များ၊ တခြားနိုင်ငံများတွင် ကျင်းပသည့် ခရီးသွားမြေပုံများ၊ Travel Show များ သွားပြခြင်းများ အားလုံး အများကြီး လုပ်ရမည် ဖြစ်ပါကြောင်း၊ သည်လုပ်ငန်းစဉ်အားလုံးကို ဝန်ကြီး ဌာနက လုပ်ဆောင်နေပါကြောင်း၊ အရင်ကလည်း လုပ်ခဲ့ပြီး ယခုဒီထက်တိုး၍ လုပ်နေပါကြောင်း၊ အချိန်တစ်ခု ရောက်လာသည့်အခါ မြန်မာအကြောင်း ကမ္ဘာက များများသိပြီး ဧည့်သည် များများ ပိုလာမည်ဖြစ်ပါကြောင်း။

ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ

ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများမှာ ဧည့်သည်များ များလာမည်ဖြစ်သည့်အတွက် အိမ်သာ၍ ဧည့်လာခြင်း ဖြစ်သဖြင့် အိမ်ရှင်နိုင်ငံကလည်း မိမိ၏ တာဝန် ဝတ္တရားများ ကျေပွန်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံခြားသားများ တွင်သာ do and don’t မဟုတ်ဘဲ ပြည်သူများဘက်ကလည်း နိုင်ငံခြားသားများအပေါ် နွေးထွေးပျူငှာသည့်၊ ဧည့်ဝတ် ကျေပွန်သည့် လုပ်ငန်းစဉ်များရှိရန်အတွက် လုပ်ရ မည့်အပြင် နိုင်ငံခြားသားများနေထိုင်မည့် ဟိုတယ်များ၊ မော်တော်ကားများ၊ လေယာဉ်ပျံများ၊ စားမည့် စားသောက်ဆိုင်များကလည်း အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးနိုင်ရန် လုပ်ရဦးမည်ဖြစ်ပါကြောင်း၊ Quality Service များ ဖြစ်ရန်အတွက် သင်တန်းများ ပေးခြင်း၊ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ရမည်ဖြစ်ပါကြောင်း၊ တချို့ သောနေရာများတွင် သက်ဆိုင်ရာ facility များ ဖြည့်စွက် ပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်း လုပ်၍ ရသည်မဟုတ်ဘဲ ဆက်စပ်နေသည့် ဌာနများအားလုံးနှင့် ပေါင်းစပ်လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဝန်ကြီးဌာနတွင် ဓာတ်လှေကားတပ်ဆင်ထားမှု

ဝန်ကြီးဌာနတွင် ဓာတ်လှေကားတပ်ဆင်ထားမှုနှင့် ပတ်သက်၍သိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်က ယနေ့ ဓာတ်လှေကား များ၊ စက်လှေကား များသည် နိုင်ငံတကာတွင် အလွယ် တကူအသုံးပြုနေသည့် facility များပင် ဖြစ်ပါ ကြောင်း၊ ယင်းသို့တပ်ဆင်မှုအတွက် ဘတ်ဂျက်တွင် မပါဝင်ပါကြောင်း၊ သို့သော် လုပ်ငန်းဆောင်ရွက် နိုင်ရန် အလှူရှင် ပေါ်ပေါက်လာသည့်အတွက် အဆိုပါအဖွဲ့၏ လှူဒါန်းမှုဖြင့် တပ်ဆင်ရန် သက်ဆိုင်ရာအထက်အဖွဲ့အစည်းများကို တင်ပြပြီး ခွင့်ပြုချက်အရ တပ်ဆင် ခဲ့ခြင်းဖြစ်ပါကြောင်း၊ဓာတ်လှေကားသည် နိုင်ငံတော်ပိုင် တစ်နည်းအားဖြင့် ဝန်ကြီးဌာနပိုင် ပစ္စည်းအဖြစ် ဌာနပိုင်စာရင်းထဲ ထည့်သွင်းမည်ဖြစ်ကြောင်း၊ အလှူရှင်မှာ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ်က လှူဒါန်းခြင်းဖြစ်ပြီး ကုန်ကျငွေမှာ ခန့်မှန်းခြေ ဒေါ်လာ သုံးသောင်းခန့် ဖြစ်ပါကြောင်း ဖြေကြားသည်။

အခန်းများ ဆက်လက်ငှားရမ်းလုပ်ကိုင်နေ

ကျိုက်ထီးရိုးစေတီတော်တွင် ရိုးရိုးလေးဟိုတယ်ကခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ထားသည့် အတွက် လိုင်စင်ဖျက်သိမ်းထားသော်လည်း လက်ရှိတွင် အခန်းများ ဆက်လက်ငှားရမ်းလုပ်ကိုင်နေမှုကို သိရှိမှု ရှိ/မရှိနှင့် သိပါက ဘယ်လိုဆက်လက် အရေးယူ မည် ဆိုသည်ကို သိလိုကြောင်းမေးမြန်းချက်ကို ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ခွင့်ပြုချက်မယူဘဲ ဟိုတယ်ခန်းများ တိုးချဲ့ဆောက်လုပ်ထားခြင်း ဖြစ်သည့်အတွက် လုပ်ငန်း လိုင်စင်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ အကြောင်းကြား စာကို ရရှိသည့် တည်းခိုခန်း၊ ဟိုတယ် ပိုင်ရှင်က လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လိုက်နာခြင်း ရှိ/မရှိကို ပြန်လည်စိစစ်မည်ဖြစ်ပါကြောင်း၊မှန်ကန်ခြင်း ရှိ/မရှိ စိစစ်ပြီး လိုက်နာခြင်း မရှိပါက တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ခရီးသွားလာမှု တိုးတက်အောင် လုပ်ဆောင်ထားမှုများ

ပုဂံဒေသတွင် ငလျင်လှုပ်မှုကြောင့် ဘုရားစေတီပုထိုးများ အတော်များများပြိုပျက်သွားသည့် အတွက် ခရီးသွား လာခွင့် အနေအထားဘယ်လိုရှိမည်၊ မြန်မာနိုင်ငံသို့ ခရီးသွားလာမှု များပြား လာရန်အတွက် ဝန်ကြီးဌာနက ဘယ်လိုအဆင့်မြှင့်တင်ပြီး  ခရီးသွားလာမှု တိုးတက်အောင် လုပ်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က မြန်မာနိုင်ငံ ငလျင်သတင်းကို ပြည်ပတွင်လည်း အထိုက်အလျောက် စိတ်ဝင်စားမှု ရှိနိုင်ပါကြောင်း၊ သို့သော် ပြိုပျက်မှုမှာ ဥပမာ အီတလီနိုင်ငံနှင့် နှိုင်းယှဉ်လိုက်လျှင် မိမိတို့ တစ်ရက် တည်းနီးပါး ငလျင်လှုပ်ခဲ့သော်လည်း သူတို့တွင် လူပေါင်း များစွာ သေဆုံးခဲ့ သော်လည်း မိမိတို့တွင် ဆယ်ဂဏန်း ကျော်သည်အထိ မဖြစ်ပေါ်ခဲ့သလို နိုင်ငံခြားသား သေဆုံးမှု လည်း ခုချိန်ထိမရှိခဲ့ပါကြောင်း၊ငလျင်လှုပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ပုံရိပ်အပေါ် ဆိုးရွားသွားမည့် အခြေအနေ မရှိနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဈေးကွက် ရောင်းချနေသည့် အဖွဲ့အစည်းများအား  ရှင်းလင်းချက်များ ယမန်နေ့က ထုတ်ပြန်ခဲ့ပါ ကြောင်း၊ပုဂံတွင် ခရီးစဉ်ဒေသကို အန္တရာယ်မရှိအောင် လမ်းညွှန် များ လုပ်ထားပါကြောင်း၊ နိုင်ငံခြားသားများကိုလည်း ချက်ချင်းသတင်းပေးနိုင်ရန် ဘာသာစကား ကျွမ်းကျင်သူနှင့် သတင်းအချက်အလက်များ ထုတ်ပြန်ပေးထားပါကြောင်း၊ ပုဂံငလျင်လှုပ်ခြင်းကြောင့် မကြာခင် ရောက်လာမည့် ခရီးသွားရာသီတွင် ကြီးမားသည့် အဆုံးအရှုံးထိခိုက်မှု၊ ခရီးသည်လျော့ပါး သွားမှုမရှိနိုင်ဟု သုံးသပ်ပါကြောင်း။

ADB က ၂၀၁၈ နောက်ပိုင်း ဒေါ်လာ ၄၅ သန်းခန့်ကိုထောက်ပံ့ပေးမည့် အစီအစဉ်ရှိ

Culture  Tourism တစ်ခုတည်းမကဘဲ Tourism Type များစွာရှိပါကြောင်း၊ တီထွင်နိုင်သလောက် ရှိနေ သည့် ခရီးသွားများဖြစ်သည့်အတွက် တီထွင်နိုင်သလောက်သော ခရီးသွားလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံအတွင်းမှာ ဆောင်ရွက်နိုင်စွမ်းရှိပါကြောင်း၊ ADB သည် နောက် မကြာခင် ၂၀၁၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံကို ခရီးသွား ကဏ္ဍနှင့်ဆက်စပ်သည့် လုပ်ငန်းစဉ်များအားလုံးအတွက် ဒေါ်လာ ၄၅ သန်းခန့်ကို ထောက်ပံ့ပေးမည့် အစီအစဉ်များလည်း ကမ်းလှမ်းချက်များရှိပါကြောင်း ဖြေကြားသည်။

ဝန်ကြီးဌာနအသစ်

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအယ်လ်တူးမိန်းဂေါင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှာ အသစ်ဖြစ်သည့်အတွက် အခက်အခဲများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းရင်းသား ဒေသများတွင် ကလေးများ တိုင်းရင်းသားဘာသာစကားကို တရားဝင်သင်ကြားခွင့်တို့နှင့် ပတ်သက်သည့်မေးခွန်းကို ဖြေကြားရာတွင် ဝန်ကြီးဌာနအသစ်ဖြစ်သည့်အတွက် ဝန်ထမ်းမရှိ၊ ဘတ်ဂျက်မရသေးစသည်ဖြင့် အခက်အခဲများ ရှိသော်လည်း လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဝန်ကြီးမှာ UPDJC အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း၊ မွန်အမျိုးသားဝတ်စုံ ပေါ်ပေါက်လာရေးအတွက် ကမကထပြုလုပ်သည့် အဖွဲ့တွင်လည်း ဝန်ကြီးနိုင်သက်လွင်က အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းရင်းသားစာပေ သင်ကြားခွင့်

စာပေ၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသား ဒေသများမှ ကလေးများ တိုင်းရင်းသား စာပေသင်ကြား ခွင့် မရရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ လွှတ်တော်တွင် မေးမြန်းသည့်အခါ ပညာရေးဝန်ကြီးဌာနက ဖြေကြားပြီး သက်ဆိုင်ရာမီဒီယာများလည်း သိရှိပြီးဖြစ်ပါကြောင်း၊ သည်ကိစ္စကို ပညာရေးဝန်ကြီးဌာနက ထဲထဲဝင်ဝင် ဆောင်ရွက်နေပါကြောင်း၊ စိန်ခေါ်မှုများ လည်းရှိပါကြောင်း၊ မိမိတို့နိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ အင်မတန်များပြားပါ ကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင် ရွက်ရမည်ဟု ပါရှိပြီးဖြစ်ပါကြောင်း။

အများသုံးဘာသာစကား

မြန်မာနိုင်ငံတွင် ဗမာစကားသည် အများသုံးဘာသာ စကားဖြစ်ပါကြောင်း၊ မိမိသည် ကချင်လူမျိုး ဖြစ်ပါကြောင်း၊ အကယ်၍ မိမိ ဗမာစကားမတတ်လျှင် ယခုအခမ်းအနားသို့ လာရောက်၍မရနိုင်ပါကြောင်း၊ မည်သူ့ကိုမျှလည်း Communicate လုပ်လို့ မရနိုင်ပါကြောင်း၊ တိုင်းရင်းသားလူငယ်လေးများ ပြည်ထောင်စု အတွင်း ဝင်ဆံ့လာနိုင်ရေးအတွက် အခြေခံ ပညာမူလတန်းအဆင့်တွင် စသင်ကြားသည့်အခါ ကျောင်းစာကို လိုက်နိုင်အောင် လုပ်ရ ပါကြောင်း၊ နဂိုကမှ ဗမာစကားမတတ်လျှင် ဘာသာရပ်ဆိုင်ရာ နားမလည်သည့်အတွက် ပိုဆိုးနိုင်ပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးများ နိုင်ငံခြားသွားပြီး ပညာသင်သည့်အခါ ဘာသာရပ် ကို နားမလည်လျှင်၊ အင်္ဂလိပ်လိုမတတ်လျှင် သင်ကြားရခက်ခဲသည့်သဘောမျိုးနှင့် အတူတူပင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဘာသာစကားတတ်သည့် ဆရာမက ကလေးများအား သူတို့ဘာသာစကားဖြင့် သင်ကြား နိုင်သလို ဗမာလိုလည်း ညှပ်ပြောနိုင်မည် ဖြစ်ပါ ကြောင်း၊ ထိုအခါ ဗမာစကားကို နားရည်၀ပြီး မူလတန်း အဆင့်မှ အလယ်တန်းသို့ ဆက်တက်နိုင်ပါကြောင်း၊ ယင်းမှ တစ်ဆင့် အင်္ဂလိပ်လို ဆက်သင်နိုင်မည် ဖြစ်ပါ ကြောင်း ဖြေကြားခဲ့သည်။