ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဌအဖြစ် မစ္စတာကိုဖီအာနန်အား ခန့်အပ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၂၆

ယနေ့ကျင်းပသော အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၌ မစ္စတာ ကိုဖီအာနန်ကို ဥက္ကဋ္ဌအနေဖြင့် ခန့်အပ်ပြီး ဖွဲ့စည်းလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားရာတွင် မစ္စတာ ကိုဖီအာနန်အား ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၌ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မီဒီယာများတွင် ဝေဖန် နေကြပါကြောင်း၊ တချို့ နိုင်ငံရေး ပါတီများက Statement ထုတ်ပြီး ကန့်ကွက်နေမှုရှိပါကြောင်း၊ အဓိက စိုးရိမ်ပူပန်မှုမှာ အမျိုးသား လုံခြုံရေးနှင့် အမျိုးသားရေး အချက်ကို ထောက်ပြပြီး ကန့်ကွက်ကြသည်ကိုတွေ့ရပါကြောင်း၊ ယင်းအတွက် စိုးရိမ်မှုကိုလည်း မိမိတို့ လက်ခံ ပါကြောင်း၊ ရခိုင်ပြည်နယ်ကော်မရှင်နှင့် ပတ်သက်သည့် ဆောင်းပါးများလည်း တွေ့ရပါကြောင်း။

 

MOU ထိုးရမည်

ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းသည့်အခါ အဓိကမှာ ၎င်းတို့ကို မည်မျှ MANDATE (လုပ်ပိုင်ခွင့်) ပေးထားသလဲ ဆိုသည်ကို ပြန်ကြည့်ရန်လိုပါကြောင်း၊ ကော်မရှင်နာမည်မှာ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ဖြစ်ပါကြောင်း၊ ယင်းမှာလည်း မဖွဲ့စည်းရသေးပါကြောင်း၊ ဖွဲ့စည်းသည့်အခါတွင်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ကြားတွင် MOU ဖြစ်ပါကြောင်း၊ ယခုလောလောဆယ် MoU ကို ရှေ့နေချုပ်ရုံးသို့ ပို့ထားပါကြောင်း၊ ရှေ့နေချုပ်ရုံးက အကြောင်း ပြန်ကြားချက် ပေးပို့ထားပြီး ထိုအပေါ်တွင်မှ မစ္စတာ ကိုဖီအာနန်ရောက်လာသည့်အခါ ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

 

စစ်အေးတိုက်ပွဲ အကျိုးဆက်

ကိုဖီအာနန်နှင့် ပတ်သက်၍ ရေးသားနေသည်များကို မိမိတို့ ဖတ်ကြည့်ပါကြောင်း၊ ကိုဖီအာနန်က ဘယ်လိုလူမျိုးလဲ ဆိုသည်ကို သူ၏ရာဇဝင်ကို ပြန်ကြည့်ရန်လိုပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် လုပ်နေသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်ကို မစ္စတာ ကိုဖီအာနန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လက်ထက်က ချမှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းသည် ၂၀၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့ပါကြောင်း၊ ထိုသို့ ပေးစဉ်တွင် နိုဘယ်ဆုကော်မတီက ကိုဖီအာနန်နှင့် ကုလသမဂ္ဂ အဖွဲ့ချုပ်ကို သီးခြားခွဲထုတ်လိုက် ပါကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ပေးခြင်းမဟုတ်ဘဲ ကိုဖီအာနန်ကို ပေးခြင်းဟုဆိုကာ ကြေညာပြီးပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ၎င်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှစ်ဆက် တာဝန် ထမ်းဆောင်ခဲ့ပါကြောင်း၊ တစ်ကမ္ဘာလုံး တွင် သူလုပ်ခဲ့သည့် Project များ ရှိပါကြောင်း၊ ဆီးရီယားကိစ္စ ပြဿနာသည် ကိုဖီအာနန်ကြောင့် ဖြစ်ခြင်းမဟုတ်ပါကြောင်း၊ အာဖဂန်နစ္စတန်တွင် ဘုရားစေတီတော်များ ဒုံးကျည်နှင့်ပစ်သည့် ကိစ္စ မှာလည်း ကိုဖီအာနန်နှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိပါကြောင်း၊ ယင်းမှာ အမေရိကန်နှင့် ဆိုဗီယက် တို့၏ စစ်အေးတိုက်ပွဲ အကျိုးဆက်ဖြစ်ပါကြောင်း။

 

စံလေးခုသတ်မှတ်

မိမိတို့က စံ (Criteria) လေးခုသတ်မှတ်ထားပါကြောင်း၊ ထိုကော်မရှင်တွင် ပါဝင်သည့်သူများသည် ဘက်လိုက်မှုကင်းရမည်၊ လူအများက လေးစားသောသူဖြစ်ရမည်၊ အတွေ့အကြုံရင့်ကျက်သူ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားသူဖြစ်ရမည် ထိုစံလေးခုဖြင့် ပြည်တွင်းမှ ခြောက်ဦးနှင့် ပြည်ပမှ သုံးဦး ပေါင်းကိုးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း။

 

ပြည်ပပညာရှင်များ ဘာကြောင့်ပါရသည်

ဒုတိယအချက်အနေဖြင့် ပြည်ပပညာရှင်များဘာကြောင့်ပါသလဲ ဆိုလျှင်ရခိုင်ပြည်နယ် ပြဿနာမှာ ယခု အစိုးရတက်လာသည့်အချိန်တွင် ပထမဆုံးမေးခွန်းထုတ်ပြီး စောင့်ကြည့်ခံရသည့် ပြဿနာ ဖြစ်ပါကြောင်း၊ ပဋိပက္ခမှာ သိမ်မွေ့မှု၊ နက်နဲမှု၊ ကျယ်ပြန့်မှုနှင့် ထိလွယ်ရှလွယ်ရှိပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်ကိစ္စ အများကြီးရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာပြည်တွင်းမှ လူများနှင့် လုပ်ခဲ့ပါကြောင်း၊ လုပ်ခဲ့သည့်အချိန်တွင် ထိုကော်မရှင်က အကြံပြုချက်များ ထွက်လာပါကြောင်း၊ ထိုသို့ ထွက်လာသည့် နေရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းက မည်သို့ အသိအမှတ်ပြုသလဲဆိုသည်ကို ပြန်သုံးသပ်ရန်လိုပါကြောင်း။

 

ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းရင်း

နောက်တစ်ချက်မှာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုကော်မရှင်ဖွဲ့သည့်ထုတ်ပြန်ချက်တွင် အချက် တစ်ချက် ပါဝင်ပါကြောင်း၊ ယင်းမှာ ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်း နိုင်ငံနှင့် နောက်ခံ အကြောင်းရင်းဆက်နွှယ်မှုများကို သုံးသပ်ရန်ဆိုပြီး ပါရှိပါကြောင်း၊ ယင်းကို ဝေဖန်သုံးသပ်သူများအနေဖြင့် ထောက်ပြထားမှုမရှိပါကြောင်း၊ နိုင်ငံတကာ ပညာရှင်များဘာကြောင့် ပါဝင်ရသလဲဆိုလျှင် ဥပမာ ရခိုင် သမိုင်းပညာရှင် ဒေါက်တာအေးချမ်း အပါအဝင် ရခိုင်စာပေ ပညာရှင်များ ရှိပါကြောင်း၊ ရာဇဝင်က ဒီလိုဖြစ်သည်၊ ဒီသမိုင်းက ဒီလိုရှိ သည်ဆိုပြီး ပြောခဲ့ပါကြောင်း၊ ယခုလည်း ပြောနေပါကြောင်း၊ ယင်းကို လက်ခံသလားမေးလျှင် အဖြေမထွက်ပါကြောင်း၊ မြန်မာအစိုးရကိုယ်တိုင်က ပြောလည်း လက်ခံသလား၊ အဖြေထွက်သလားဆိုသည်ကို မိမိတို့ စဉ်းစားရန် လိုပါကြောင်း။

 

ကော်မရှင်၏ လုပ်ပိုင်ခွင့်

ကော်မရှင်နှင့် ပတ်သက်၍ ဘာလုပ်ပိုင်ခွင့်များ ပေးထားသလဲ ဆိုသည်မှာ အဓိကအချက် ဖြစ်ပါကြောင်း၊ ဤကော်မရှင်က ဘာလုပ်ပိုင်ခွင့် ရှိသလဲဆိုလျှင် သူ၏ MANDATE က ရှာဖွေတွေ့ရှိ ချက်များ၊ အကြံပြု ချက်များ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံ အစိုးရထံ တင်ပြရန် ဆိုသည့် အချက် ဖြစ်ပါကြောင်း၊ ယင်းမှာ သူ့ကို ပေးထားသည့်၊ သူ့ကို ပေးမည့် လုပ်ပိုင်ခွင့် ဖြစ်ပါကြောင်း။

 

နိုင်ငံတကာ ဖိအား

နောက်တစ်ချက်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဆိုသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အစိုးရကော်မတီရှိပါကြောင်း၊ နောက် ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ ပါဝင်ပတ်သက်မှုရှိပါကြောင်း၊ မည်သို့ပင် ငြင်းဆန် စေကာမှု နိုင်ငံတကာ၏ ဖိအားရှိပါကြောင်း၊ နိုင်ငံတကာ ပါဝင်ပတ်သက်မှုများ ရှိပါကြောင်း၊ OIC အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပါဝင်ပတ်သက်မှုများ အထင်အရှား တွေ့မြင်နိုင်ပါကြောင်း။

 

 

ပေးထားသည့် တာဝန်လေးချက်

ဤအဖွဲ့၏ လုပ်ပိုင်ခွင့်မှာ အကြံပြုချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရထံ တင်ပြရန်ပင် ဖြစ်ပါကြောင်း၊ ဘာလုပ်ပါဆိုပြီးဤကော်မရှင်က ပြော၍မရပါကြောင်း၊ ဤကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို အစိုးရ လုပ်ရမှာလား၊ မလုပ်ဘူးလား ဆိုသည်ကို မေးခွင့် ရှိပါကြောင်း၊ အကယ်၍ မလုပ်လျှင် ဘာဖြစ်မလဲ၊ လုပ်လျှင် ဘာဖြစ်မလဲ ဆိုသည့်အချက်များ ရှိပါကြောင်း၊ သူ့ကို ပေးထားသည့် တာဝန်မှာ လေးချက် ရှိပါကြောင်း။

 

ယင်းတို့မှာ ရခိုင်ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများကိုအာမခံချက်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှုဆ်ိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် အခြေခံ ဝန်ဆောင်မှုများ ရရှိရေး၊ ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးရေး၊ အခွင့်အရေး များနှင့် ပြန်လည် ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့ အစည်းအဆောက်အအုံများ တည်ထောင် ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာအပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကို သုံးသပ်ရေးတို့ ဖြစ်ပါကြောင်း။

 

ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေကို လိုက်နာရသည်

ပေးထားသည့် လုပ်ငန်းတာဝန်အားလုံးက လေးချက်၊ လုပ်ပိုင်ခွင့်က အကြံပြုတင်ပြရန်ဖြစ်ပါကြောင်း၊ မေးခွန်းထုတ်သည်မှာ ဥပမာ ၁၉၈၂ ဥပဒေ နှင့် မညီညွတ်ဘဲ ဘင်္ဂါလီအသိုင်းအဝိုင်းကို နိုင်ငံသား ပေးရန် ပြောလာလျှင် ယင်းကို လုပ်ရမည်လားဆိုသည့် မေးခွန်းများရှိပါကြောင်း၊ တကယ်ဆိုလျှင် အစိုးရတွင် လိုက်နာရသည့် ဖွဲ့စည်းပုံအခြေခံနှင့် တည်ဆဲဥပဒေရှိပါကြောင်း၊ အစိုးရတွင် စည်းမျဉ်းစည်းကမ်းများ ရှိပါကြောင်း၊ ယင်းတို့နှင့် ညီလျှင်လုပ်ဆောင်၍ ရပါကြောင်း၊

 

အကြံပြုချက်များ

၁၉၈၂ ဥပဒေနှင့်မညီဘဲ အစိုးရက နိုင်ငံသားပေး၍ မရပါကြောင်း၊ ယင်းမှာ ထိလွယ် ရှလွယ် ကိစ္စ ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ ထိုအဖွဲ့၏ အကြံပြုချက်များကို မလိုက်နာလျှင် ဖိအားပေးမလား ဆိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ အစိုးရနှင့် ပတ်သက်ပြီး အကြံပြုချက်များနှင့် ပတ်သက်၍ ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်က ကဏ္ဍအလိုက် အကြံပြုချက်များပေးခဲ့ပြီး စီးပွားရေးကဏ္ဍတွင် လေးချက်၊ အာဟာရ အစားအစာ ဖူလုံမှု သုံးချက်၊ အမိုးအကာ အခြေအနေ နှစ်ချက်၊ ကျန်းမာရေးစောင့်ရှောက်မှု နှစ်ချက်၊ ပညာရေးအခြေအနေ နှစ်ချက်၊ အထွေထွေ နှစ်ချက်၊ တရားရေး ဆိုင်ရာ အကြံပြုချက် ၁၉ ချက်၊ နှစ်ဖက် အသိုင်းအဝိုင်း င်ြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် အကြံပြုချက် အချက် ၂၀၊ သတင်းထုတ်ပြန်ရေးနှင့် ပတ်သက်၍ အကြံပြုချက် ငါးချက် စုစုပေါင်း ၅၉ ချက် ရှိခဲ့ ပါကြောင်း၊ အစိုးရက ထို ၅၉ ချက်စလုံး လုပ်ရန်လည်း မလိုပါကြောင်း၊ အကြံပြုချက်များ အပေါ်အစိုးရက သုံးသပ်ပါကြောင်း၊ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား သုံးသပ်ပြီးလုပ်ဆောင်ပါကြောင်း၊ ယခု အကြံပေး ကော်မရှင်နှင့် ပတ်သက်ပြီးလည်း အလားတူပင် ဖြစ်ပါကြောင်း၊ အကြံပြုချက်တိုင်းကို လုပ်ရမည်ဆိုသည့် MANDATE မရှိပါကြောင်း ဖြေကြားသည်။

 

မြစ်ဆုံ စာချုပ် ကိစ္စ

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြစ်ဆုံနှင့်ပတ်သက်၍ ချုပ်ထားသည့် စာချုပ်ကို ပြည်သူလူထုထံ ချပြရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ ဖြေကြားရာတွင် မြစ်ဆုံနှင့် ပတ်သက်၍ ကော်မရှင်၏ လုပ်ငန်းစဉ် မပြီးသေးပါကြောင်း၊ ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးသည့် အခါ သူတို့၏ အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် စာချုပ်အပါအဝင် ပြည်သူလူထု သိသင့်သိထိုက် သည်များကို သိလာရမည် ဖြစ်ပါကြောင်းဖြေကြားသည်။