မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁၇

မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်အရှေ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်က မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာနေ စိန်မြင့်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈၀၀ နှင့် ဆေးခြောက် ၇၅ ဂရမ်ကိုလည်းကောင်း၊ အလားတူ မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်က မဟာအောင်မြေမြို့နယ်နေ စိုးဝင်း၏နေအိမ်မှ ဘိန်းဖြူ ၁၂ဒသမ ၅ ဂရမ်၊ အိုက်စ် ၂ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈ ပြား၊ ဘိန်းဆီခဲ ၆၀ ဂရမ်တို့ကိုလည်းကောင်း သိမ်းဆည်းရမိပြီး သတင်းကွင်းဆက်အရ ဖေဖော်ဝါရီ ၁၆ ရက်က ဘိုင်ကြီး နေထိုင်သည့် ၎င်း၏ မိခင်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၅ ပြား၊ ဘိန်းဖြူ ၅ ဂရမ်၊ အိုက်စ်၃၁၀ ဂရမ်၊ ဘိန်းဆီခဲ ၈၃၂ ဂရမ်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ဘိုင်ကြီးနေထိုင်သည့် ပုသိမ်ကြီးမြို့နယ် စည်သာယာကျေးရွာရှိ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ ဇော်ဝင်းထွဋ်၊ သိန်းအောင်၊ အိုက်ရွှေတို့လေးဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား၁၇၀၈၅၈ ပြား၊ ဘိန်းဖြူ ၃၄၈ ဂရမ်၊အိုက်စ် ၁ ဒသမ ၀၅ ကီလို၊ ဘိန်းဆီခဲ၇၅၀ ဂရမ်၊ အက်တက်စီဆေးပြား ၃၄ ပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃၀၀၀ပြား၊ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်၈၃ တောင့်၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်နှစ်စီးတို့ကို လည်းကောင်းသိမ်းဆည်းရမိသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်က ကျိုင်းတုံမြို့နယ် ဆွန်စပ်ကုန်းကျေးရွာမှဟိုနောင်ဆင်ကျေးရွာသွား လမ်းမပေါ်တွင် ကျထူကို ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၄ ပြား သိမ်းဆည်းရမိပြီးသတင်းကွင်းဆက်အရ ကျိုင်းတုံမြို့နယ် ပန်ကုလားကျေးရွာနေ ဇာခရိ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၂၁၆၀၀ နှင့် ဘိန်းစိမ်း ၁ ဒသမ ၀၅ ကီလို၊ငွေကျပ် ကျပ် ၁ ဒသမ ၃ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။