နိုင်ငံခြားသားများပါဝင်သော မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းအား ငွေကျပ်ကျပ်သန်းပေါင်း လေးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက နိုင်ငံခြားသား များပါဝင်သော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခုသည် မူးယစ်ဆေးဝါး အမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းထောက်လှမ်းမှုများ အချိန်ယူ ဆောင်ရွက်ခဲ့ရာ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့် တရုတ် (တိုင်ပေ)နိုင်ငံသား CAI JENG ZE အား ကတ်တမင်း ၁၆၀ ဂရမ်နှင့်အတူ စတင်ဖမ်းဆီး ရမိခဲ့သည်။

ထို့နောက် ၎င်းတို့ ငှားရမ်းနေထိုင်ရာ ပုဇွန်တောင်မြို့နယ်အတွင်း စုံစမ်းစောင့်ကြည့်မှုများ ပြုလုပ်စဉ် အဆိုပါ အခန်းနေသူများမှာ မူးယစ်ဆေးဝါး သိုဝှက်ထားသည့်နေရာမှ ဆိပ်ကမ်း တစ်နေရာသို့ မူးယစ်ဆေးဝါးများကို အမြန်ဆုံး သယ်ဆောင်နိုင်ရေး ကြိုးပမ်းနေကြောင်း စုံစမ်းဖော်ထုတ်သိရှိရသဖြင့် စောင့်ကြည့်မှုများပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် တွင် မင်္ဂလာတောင် ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်တွင် တရုတ် (ဟောင်ကောင်) နိုင်ငံသား HUNG CHING KIN  နှင့် တရုတ် (တိုင်ပေ)နိုင်ငံသား WANG WEI JUNG  တို့၏ ကွန်တိန်နာ မော်တော်ယာဉ်နှင့် သယ်ဆောင်လာသည့် အိုက်စ် ၁၁၁၀ ကီလိုအား လက်ရသိမ်းဆည်းရမိခဲ့သည်။

ယင်းနေ့တွင် ၎င်းတို့ မူးယစ်ဆေးဝါး သိုလှောင်ရန် ငှားရမ်းထားသည့် သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်အတွင်း နေအိမ်ကို ဆက်လက်ရှာဖွေရာ တရုတ်(တိုင်ပေ) နိုင်ငံသား LIN SHIHCHANG  နှင့် LIN CHENGCHUN  တို့အား ကတ်တမင်း ၆၂၂ ဒသမ ၃ ကီလိုနှင့် မူးယစ်ဆေးဝါးထုပ်ပိုး ကိရိယာများနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

အမှုနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များက စစ်ဆင်ရေးအသွင်ဖြင့် ဆက်လက် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း စီးပွားရေးဗီဇာဖြင့် ဝင်ခွင့်ရရှိရေးဆောင်ရွက်ပေးပြီး အမှုတွင် ဆက်စပ်ပါဝင်သူ Lucky Pioneer Co.Ltd, ‘ဒါရိုက်တာရန်နိုင်ထွန်းအား နိုဝင်ဘာ၂၁ ရက်တွင် လည်းကောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရန် ပွဲစားအဖြစ်ဆောင်ရွက်သူ မထွန်းထွန်းဝင်းအား ဒီဇင်ဘာ ၉ ရက်တွင် တာချီလိတ်မြို့၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများကို အက်ဒမန်ပင်လယ်ပြင်တွင် စောင့်ဆိုင်း သယ်ယူမည့် ပင်လယ်ကူးသင်္ဘောသို့ ဖျာပုံဆိပ်ကမ်းမှတစ်ဆင့် ငါးဖမ်းစက်လှေဖြင့် ပို့ဆောင်ရန်အတွက် စက်လှေငှားရမ်းရန် စီစဉ်ခဲ့သူ အောင်ကျော်မြင့် (ခ) ထန်လျန်ခုပ် နေထိုင်သည့် မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရှိနေအိမ်ကို ဒီဇင်ဘာ ၁၀ ရက်က ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်နေပြီး နေအိမ်မျက်နှာကြက်နှင့် ခေါင်မိုးကြားတွင် လျှို့ဝှက်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆၆၄၆၀ နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်ကို လည်းကောင်း၊ နိုင်ငံခြားသား များအတွက် မူးယစ်ဆေးဝါးများရရှိရန်နှင့် သယ်ပို့ရန်အားပေးကူညီ ဆောင်ရွက်ပေးသူ ရန်ခိုင်းကွဲ့နှင့် ဇနီး မရန်ရင်ဟွေ့တို့ နေထိုင်သည့် နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁) ကျေးရွာ ပတ္တမြားလမ်း အိမ်အမှတ်(၄၈) နေအိမ်ကို ဒီဇင်ဘာ ၁၁ ရက်ကရှာဖွေရာ ၎င်းတို့အား မတွေ့ရှိဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ၊ ၉ မမ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည် ၅၁ တောင့်တို့အား လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့ပြီး အမှုမှ တိမ်းရှောင်နေသူ ရန်ခိုင်းကွဲ့နှင့်ဇနီး မရန်ရင်ဟွေ့တို့အား ဒီဇင်ဘာ ၁၂ ရက်က လားရှိုးမြို့တွင် ဆက်လက် ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံခြားသားများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ်သန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ် ၁၀ စီး၊ ဆိုင်ကယ်တစ်စီး၊ မြန်မာငွေကျပ် ၄ ဒသမ ၈ သိန်း၊ အမေရိကန်ငွေဒေါ်လာ ၉၂၉၀၊ တရုတ်ငွေ ၆၇၀၄ ယွမ်၊ ဟောင်ကောင် ငွေ ၅၀၀၀ ဒေါ်လာ၊ ထိုင်ဝမ်ငွေ ၃၀၀ ဒေါ်လာ၊ ထိုင်းငွေ ၂၀၂ဝဘတ်၊ ဖိလစ်ပိုင် ငွေ ၆၅၀ ပီဆို၊ ရွှေထည်ပစ္စည်း ကိုးမျိုးတို့နှင့်အတူ ဖမ်းမိတရားခံတရုတ် (ဟောင်ကောင်) နိုင်ငံသား တစ်ဦး၊ တရုတ် (တိုင်ပေ)နိုင်ငံသား လေးဦး၊ မြန်မာနိုင်ငံသား လေးဦး၊ ပေါင်းကိုးဦး၊ တိမ်းရှောင် ထွက်ပြေးနေသောတရားခံ တရုတ်နိုင်ငံသားတစ်ဦး၊ တရုတ်(တိုင်ပေ) နိုင်ငံသားလေးဦး၊ ထိုင်းနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား ၁၀ ဦး၊ ပေါင်း ၁၆ ဦးတို့အား သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် အမှုများနှင့် ထည့်သွင်းအရေးယူထားရှိပြီး ၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် ပြည်တွင်း/ ပြည်ပ တားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်း များနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။