မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာ



(၂ဝ၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့)



ယနေ့သည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်နှင့်အညီ က္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားများ ကျင်းပနေကြမည်ဖြစ်ပါသည်။



၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးချိန်မှစ၍ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့များသည် အခမ်းအနားများကို ယနေ့တွင် အကြိမ်(၃ဝ)မြောက် ကျင်းပနေမည်ဟု ယုံကြည်ပါသည်။

အလားတူ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင်လည်း ယခင်နှစ်များ နည်းတူ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲများကို တစ်ပြိုင်တည်းကျင်းပနေကြမည် ဖြစ်ပါသည်။



အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို အထူးအလေးထားပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ၁၉၉၈ ခုနှစ်မှစ၍ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ဆောင်ပုဒ်အလွတ်တန်းပြိုင်ပွဲများနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲများနှင့် ကွန်ပျူတာပန်းခ်ျီပြိုင်ပွဲများမှ ဆုရရှိသူများကို နှစ်စဉ်ကျင်းပသည့် အခမ်းအနားများတွင် ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များသည် ယနေ့တွင် ဆုများချီးမြှင့်နေကြမည်ဖြစ်ပါသည်။



ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ယှဉ်ပြိုင်ကြသည့် ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူ ၃၂၄၆ ဦးမှ ဆုရရှိသူ ၁ဝ၇ ဦးအား ဆုချီးမြှင့်မည် ဖြစ်ပါသည်။



မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းပေးထားသော ဒေသဆိုင်ရာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အ္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များ ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ အစိုးရမဟုတ်သောအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာ ရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။



နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ်နှစ်ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှုပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲ ရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစားထိုး စိုက်ပျိုးရေးနှင့် အစပျိုး ဓာတုပစ္စည်းများ ထိန်းချုပ်ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်အောက်တွင် လည်း ဆေးကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းသားလူငယ်များအား အသိပညာပေးရေး၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။



တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့သည် ဒေသအလိုက်အထူးစစ်ဆင်ရေး ၁၇ ခုကို ၂ဝ၁၃ ခုနှစ် မေလမှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ခဲ့ပြီး အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ ဘိန်းစိုက်ပျိုးရာဒေသ များတွင် လမ်းတံတားလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမြေဖော်ထုတ် ရေးလုပ်ငန်းများ၊ ရေရရှိရေးနှင့် စွမ်းအင်လုပ်ငန်းများ၊ ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံများ၊ သာသနာရေးနှင့် လူနေအဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ဝင်ငွေရရှိရေးအတွက် ဒေသနှင့်ကိုက်ညီသည့် တိရ္ဆာန်မျိုးများ မွေးမြူစေခြင်း၊ ဖြန့်ဖြူးခြင်းတို့အပြင် ဆေးဝါးကုသပေးခြင်းနှင့် နည်းပညာများ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဘိန်းစိုက်ပျိုးမှုကိုမှီခိုခြင်းမှ ကင်းဝေးစေရန် အစားထိုးသီးနှံများဖြစ်သည့် နှစ်ရှည်ပျိုးပင်နှင့် နှစ်ချင်းသီးနှံမျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ “ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၊ နည်းပညာများ ဖြန့်ဖြူးခြင်း၊ စံပြနှင့်စမ်းသပ်ကွက်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေဖော်ထုတ်ပေးခြင်းလုပ်ငန်းများကို ဒေသခံတောင်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။



ထို့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် အစပျိုးဓာတု ပစ္စည်းများ လမ်းလွဲရောက်မှုမရှိစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် လိုအပ်ချက် အတိုင်းသုံးစွဲနိုင်ရေးတို့အတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် “ဓာတုပစ္စည်းများသိုလှောင်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့ကို နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုကို စနစ်တကျကုသနိုင်ရေးအတွက် မူးယစ်ဆေးစွဲ ကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုတို့ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး မူးယစ် ဆေးစွဲသူများအတွက် ကုသရေးနည်းလမ်းတစ်ခုဖြစ်သည့် မက်သဒုံး အစားထိုး တိုက်ကျွေးရေးဌာန ၄၆ ခု ကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုများသည့် မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။



ထိုသို့ဌာနအခြေပြုဆေးကုသရေးလုပ်ငန်းများအပြင် ပြည်သူလူထု အခြေပြု ဆေးကုသရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး ဆေးစွဲလူနာများအတွက် တစ်နေရာတည်း၌ ကုသရေး ဝန်ဆောင်မှုအားလုံးရရှိစေရန် One Stop Service လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။



မူးယစ်ဆေးဝါးသုံးစွဲမှုသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်သည့်အတွက် အောင်မြင်စွာကုသ၍မရဘဲ ပြန်လည်ထူထောင်ရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်မှသာ မူးယစ်ဆေးဝါး သုံးစွဲမှုမှ လွတ်ကင်းနိုင်မည်ဖြစ်ပါသည်။



ထို့ကြောင့် မူးယစ်ဆေးစွဲကုသပြီးသူများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များသင်ကြား ပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကိုပါ ပြန်လည်ထူထောင်ရေး အဖွဲ့မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများဖွဲ့စည်း၍ ဆောင်ရွက် လျက်ရှိပါသည်။



မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကျောင်းသားလူငယ်ဘဝမှစတင်၍ တိုက်ရိုက်အသိပညာပေးခြင်း၊ သွယ်ဝိုက်အသိပညာပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိပြီး ကျောင်းအဆင့် မူးယစ်ဆေးဝါး အသိပညာပေးရေးအဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်များ၊ ဆောင်ပုဒ်များ ဖြန့်ဝေခြင်း၊ ကျောင်းသင်ခန်းစာ များတွင် ထည့်သွင်းသင်ကြားခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆရာ၊ ဆရာမများ အား အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများပို့ချခြင်းတို့ ဆောင်ရွက်လျက် ရှိပါသည်။



ပြည်သူများအား အသိပညာပေးရေးကဏ္ဍတွင်လည်း ပြည်သူလူထုနှင့် ကျောင်းသား လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ တိုက်ရိုက် ရောက်ရှိစေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးအစီအစဉ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တိုင်းရင်းသား ဘာသာတို့ဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။

မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းရန် ဒေသတွင်းနိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး သဘောတူ စာချုပ်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။



မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးနှင့် ထုတ်လုပ်မှုလျှော့ချရေး လုပ်ငန်းစဉ်များ ကို အထောက်အကူဖြစ်စေရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းတစ်ခုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် UNODC၏ နည်းပညာအကူအညီနှင့် ဆောင်ရွက်လျက်ရှိပါသည်။



မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းမှတစ်ဆင့် နိုင်ငံတော်အတွက် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးတွင် အလွန်တန်ဖိုးရှိသည့် အချက်အလက်များ ရရှိလာမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းပြီး အောင်မြင်မှု ရရှိစေရန် ကြိုးစားဆောင်ရွက်စေလိုပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုအား ကုသ၍ရသော ရောဂါတစ်ခုအဖြစ် ယုံကြည်ပြီး ဆေးစွဲသူများကို လူသားချင်း စာနာထောက်ထားမှုအပြည့်ဖြင့် ခွဲခြားဆက်ဆံ ခြင်းကင်းစွာ ကုသမှုအခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်ပါသည်။



အသိပညာပေးရေး ကဏ္ဍအနေဖြင့် ဆေးသုံးစွဲမှု စတင်ဖြစ်ပေါ်လာရစေသည့် အကြောင်းအရင်းများကို သိရှိစေရန် ဆောင်ရွက်ပြီး သမားရိုးကျအသိပညာပေးမှု မျိုးထက် အသိတရားနှင့် ဗဟုသုတရရှိစေမည့် ထိရောက်သည့် အသိပညာပေး လုပ်ငန်းကို ရွေးချယ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။



ထို့အတူ တားဆီးနှိမ်နင်းရေးကဏ္ဍအနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိန်းဂဏန်းများထက် လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း မူးယစ် ဆေးဝါးနှင့် ဆက်နွှယ်သည့်မှုခင်းများ၊ အန္တရာယ်များ၊ ကြောက်ရွံ့မှုများ မည်မျှ လျှော့ချနိုင်သည်ကို Index များနှင့် တိုင်းတာမှသာလျှင် မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်သော စိတ်ချလုံခြုံပျော်ရွှင်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။



စီမံကိန်းများ၊ လုပ်ငန်းစဉ်များရေးဆွဲရာတွင်လည်း လိုအပ်ချက်များ၊ လေ့လာ ဆန်းစစ်မှုများ အခြေခံအချက်အလက်စုဆောင်းမှုများကို စနစ်တကျဆောင်ရွက်ပြီး ပြဿနာ၏အရင်းအမြစ်ကို ဖြေလျှော့နိုင်သည့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင်applicable ဖြစ်သော လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်မှသာ မူးယစ် ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။



မူးယစ်ဆေးဝါးမှုခင်းများသည် နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်သည့် မှုခင်းများနှင့် ဆက်စပ်လျက်ရှိပြီး ကုန်သွယ်မှုလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ ဆန့်ကျင်ဘက်ရလဒ်အဖြစ် မူးယစ်ဆေးဝါးအပါအဝင် တရား မဝင် ကုန်ပစ္စည်းများသယ်ဆောင်ရောင်းဝယ် မှုခင်းများသည် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အမြတ်ထုတ်ဆောင်ရွက်လာကြသည့်အတွက် တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အရှိန်အဟုန်မြှင့် တားဆီးဆောင်ရွက်ရမည် ဖြစ်ပါသည်။



နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးအန္တရာယ်ကိုလျှော့ချရန် အစိုးရဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နည်းတူ ပြည်သူလူထုများမှလည်း ဘုံပြဿနာအဖြစ်ခံယူပြီး အဖွဲ့အစည်းတစ်ခု ချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဖြစ်ပါသည်။



ဤနှစ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော “Listen FIRST” ဆိုသည့် အတိုင်း လူငယ်များ၏ ပြောကြားမှုကို ဦးစွာနားထောင်ပေးပြီး ၎င်းတို့၏ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးစသည်တို့ကို ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။