အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် ဇွန် ၂၆

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ၊ INGO၊ NGO များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့လူသားထုတစ်ရပ်လုံးနှင့် နိုင်ငံအသီးသီးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုး လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာကွန်ဗင်းရှင်းနှင့်အညီ နည်းဥပဒေများကိုလည်း ထုတ်ပြန်ခဲ့ပါကြောင်း။

 

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီစေရန် (၆)ကြိမ်တိုင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့ပါကြောင်း။

 

မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ(၂)ရပ်ကို ချမှတ်ပြီး ၁၉၉၉ - ၂၀၀၀ ခုနှစ်မှ ၂၀၁၃ - ၂၀၁၄ ခုနှစ်အထိ (၁၅)နှစ် စီမံကိန်းကို ရှမ်း၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ် များရှိ မြို့နယ်ပေါင်း (၅၁) မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး စတုတ္ထ(၅)နှစ် စီမံကိန်းကို တိုးချဲ့ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

 

၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှုပေါင်း (၈၈၀၀)ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ မီးရှို့ဖျက်ဆီးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း (၆၆၀၀၀)ကျော် ဖြစ်ပါကြောင်း။

 

ဘိန်းစိုက်ပျိုးသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုဘဝမြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမြေဖော်ထုတ်ရေး၊ ရေနှင့် စွမ်းအင်ရရှိရေး၊ ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးခြင်းနှင့် သာသနာရေးအဆောက် အဦများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အလားတူ ဒေသနှင့်ကိုက်ညီသည့် တစ်ပိုင်တစ်နိုင် သား၊ငါးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ ပြီး အစားထိုးသီးနှံများ စိုက်ပျိုးနိုင်စေရန်လိုအပ်သည့် စီစဉ်ဆောင်ရွက်ပေးခြင်း တို့ကို လည်း အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။

 

ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်း လာသည့် ဓာတုပစ္စည်းများအပေါ် သိုလှောင်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့ကို နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လမ်းလွှဲ မရောက်အောင် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

မူးယစ်ဆေးစွဲကုသရေးဌာနကြီး (၂၆) ခုနှင့် ဌာနငယ် (၄၇)ခု ဖွင့်လှစ်ပြီး မူးယစ် ဆေးဝါးဆိုင်ရာ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးစွဲလူနာ များအတွက် တစ်နေရာတည်း၌ ကုသရေးဝန်ဆောင်မှု အားလုံး ရရှိစေရန် ပြည်သူလူထု အခြေပြု One Stop Service လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်း (၁၂)ခုကို ဖွင့်လှစ်ထားရှိပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားပေးခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြင်ဆင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စေတနာ့ဝန် ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများ ဖွဲ့စည်း၍ နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကျောင်းသားလူငယ်များကို မူးယစ် ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ တိုက်ရိုက်အသိပညာပေးခြင်းနှင့် သွယ်ဝိုက်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုနှင့် ကျောင်းသားလူငယ် ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာများ တိုက်ရိုက်ရောက်ရှိစေရန် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ပတ်သက်သည့် သတင်း၊ တေးသီချင်းနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများကို ဘာသာစကားမျိုးစုံဖြင့်ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ နေ့စဉ်ထုတ်သတင်း စာများ၊ မဂ္ဂဇင်း၊ စာစောင်နှင့် ဂျာနယ်တို့မှလည်း ပညာပေးဇာတ်လမ်းများ၊ ဆောင်းပါးများနှင့် ကာတွန်းများထည့်သွင်းဖော်ပြ အသိ ပညာပေးလျက်ရှိပါကြောင်း။

 

ဒေသတွင်းနိုင်ငံများ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများ နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးကာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် ကုလသမဂ္ဂ နှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ၂၀၁၆ ခုနှစ် အကြိမ် (၃၀) မြောက် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေး၏ အကြံပြုချက်များနှင့်အညီ ဘက်ပေါင်းစုံချဉ်းကပ်မှုများ ပါဝင်သည့် ပြည်သူ့ ကျန်းမာရေးနှင့်ဖွံ့ဖြိုးမှုကို ရှေ့ရှုသော မူဝါဒသစ်တစ်ရပ်ကိုလည်း အခြေခံလူ့အခွင့်အရေးများနှင့်အညီ Road Map ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးနှင့် ထုတ်လုပ်မှု လျှော့ချရေးလုပ်ငန်းစဉ် များကို အထောက်အကူဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲမှုစစ်တမ်း တစ်ခုကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် UNODC ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင် ဆောင်ရွက်နိုင်သည့် CBT (Community Base Treatment) စီမံချက်တစ်ခုကို ရေးဆွဲလျက်ရှိသကဲ့သို့ ထိရောက်သည့်ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နည်းပြဆရာသင်တန်းများကိုလည်း စတင်ဖွင့်လှစ်ပို့ချနေပြီဖြစ်ပါ ကြောင်း။

 

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများထက် လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုင်းအဝန်းတစ်ခုအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်မှုခင်းများ၊ အန္တရာယ်များနှင့် ကြောက်ရွံ့မှုများမည်မျှထိလျှော့ချနိုင်သည်ဆိုသည့် Index များနှင့် တိုင်းတာသွားမှသာလျှင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်သော စိတ်ချလုံခြုံပျော်ရွှင်သည့် လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။

 

စီမံကိန်းများနှင့် လုပ်ငန်းစဉ်များရေးဆွဲသည့်အခါ လိုအပ်သည့်လေ့လာဆန်းစစ်မှုနှင့် အခြေခံအချက်အလက် စုဆောင်းမှုများကို စနစ်တကျဆောင်ရွက်ပြီး ပြဿနာ၏အရင်း အမြစ်ကို လက်တွေ့ကျကျဖြေလျှော့နိုင်သည့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်မှ သာမူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာတွင် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှု တရားစီရင်ရေးစသည့် အကြောင်းအရာများပါဝင် ရှုပ်ထွေးသောသဘောရှိသည့်အတွက် ဘက်ပေါင်းစုံပါဝင်သည့် ချဉ်းကပ်မှုမျိုးဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ အဖွဲ့အစည်းတစ်ခုချင်းစီမှသည် လူတစ်ဦး တစ်ယောက် ချင်းစီအထိ ကိုယ်စီတာဝန်ရှိ သည်ဆိုသည့်အသိဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။

 

ယနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် '' Listen FIRST '' ဆိုသည့်အတိုင်း မိသားစု တိုင်းအနေဖြင့် မိမိတို့ကလေးသူငယ်များ၏ ခံစားချက် များကို ဦးစွာနားထောင်ပေးပြီး ကလေးများ၏ အနာဂတ်ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး တို့အတွက် ကိုယ်စီတာဝန်ရှိသည့်ဆိုသည့်အသိဖြင့် စီမံဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်း ပံ့ပိုးကူညီပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်ပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံနှင့် ကွန်ပျူတာပိုစတာပြိုင်ပွဲများတွင် ပထမဆုရရှိသူ(၆)ဦး ကို ဆုများပေးအပ်သည်။

 

ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု့သည်။

 

၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ က ဇွန် ၂၆ ရက် ကို ကမ္ဘာ့မူးယစ် ဆေးဝါးနေ့အဖြစ်သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အဆိုပါအခမ်းအနားများ ကျင်းပခဲ့ သည်မှာ ယနေ့ဆိုလျှင် အကြိမ် (၃၀) ရှိပြီဖြစ်သည်။

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်ပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံနှင့် ကွန်ပျူတာ ပိုစတာ အလွတ်တန်းပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများနှင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအပါအဝင် ဆောင်ပုဒ်ပြိုင်ပွဲဆုရသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားများတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။