ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၃

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟို ကော်မတီသည် ဒေသတွင်း ပြန်လည်နေရာချထား ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ အကောင်အထည်ဖော်မှုဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် CMP အထည်ချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ရန် အတွက် စီမံဆောင်ရွက်လျက်ရှိရာ ကနဦးဆောင်ရွက် ချက်အနေဖြင့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်တွင် အထည်ချုပ်စက်ရုံငယ်တစ်ခုကို တည်ထောင်ပြီး လုပ်ငန်းစတင် လည်ပတ်လျက်ရှိရာ ရခိုင်တိုင်းရင်းသူ အမျိုးသမီးဝန်ထမ်းအင်အား တစ်ရာကျော် အလုပ်အကိုင်ရရှိလျက်ရှိသည်။

 

ရန်ကုန်မြို့နှင့် အခြားဒေသများတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသော ရခိုင်တိုင်းရင်းသားများ မိမိတို့ဒေသတွင် ပြန်လည်အလုပ်လုပ်ကိုင်ခွင့် ရရှိခြင်းဖြစ်သည်။ အမျိုးသမီးများအတွက် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေမြို့နယ် ကျားမသောက် ကျေးရွာ၌ လက်ရက်ကန်းစင်တစ်ရာဖြင့် ကျွမ်းကျင်မှုသင်တန်းပေးပြီး အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင် ပေးလျက်ရှိသည်။

 

ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ စတင်အကောင် အထည်ဖော်နိုင်ရန် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် မတ် ၂၄ ရက်မှ မတ် ၂၆ ရက်အထိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တောမြို့နယ်များသို့ သွားရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး လိုအပ်သော လမ်းပြုပြင်ခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ နေအိမ်များပြုပြင်ခြင်းနှင့် ဖြည့်ဆည်းဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။