ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၅

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ  ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင် အထည်ဖော်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးက ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇) ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် အစိုးရ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမှု အခြေအနေများနှင့် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပေးချက်များကို ရှင်းလင်း တင်ပြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ကော်မတီ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေး တင်ပြကြသည်။

 

အလားတူ ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များအပေါ် လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆောင်ရွက်မည့် အစီအမံများ၊ ဒေသ၏ ပကတိအခြေအနေနှင့် လိုက်လျောညီထွေ ဆက်စပ် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ များ၊ သတင်းမီဒီယာများကို တွေ့ဆုံပြောကြားသူများ၊ အုပ်ချုပ်ရေးမှူးများ၊ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများ တိုးမြှင့်လာသည့် အခြေအနေများအပေါ် ဆောင်ရွက်မည့် အစီအမံများကိုလည်း ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။