ရခိုင်ပြည်နယ်အခြေအနေနှင့် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား တွေ့ဆုံရှင်းလင်း

Printer-friendly versionSend by email

ရန်ကုန် ဧပြီ ၁၁

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ရန်ကုန်မြို့ အခြေစိုက် သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အခြေအနေနှင့် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားသည်။

 

ရှင်းလင်းပွဲတွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံ ပေးပုဂ္ဂိုလ်က မကြာသေးမီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားချက်များကို ကိုးကား၍ ရခိုင် ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်နှင့် သန္နိဋ္ဌာန် ချမှတ်ထားမှုများ၊ အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ် ရည်မှန်းချက်နှင့် ဦးတည်သည့် လမ်းကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ်အရေးကိစ္စ၏ သိမ်မွေ့ နက်နဲသော သဘောသဘာဝနှင့် စိန်ခေါ်မှုများကို ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာတွင် အဓိက အရေးကြီးသည့် ယုံကြည်မှုတည်ဆောက်ရေး၊ ဆင်းရဲနွမ်းပါးမှုနှင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ခြင်းကို ဖြေရှင်းရေးနှင့် ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရေးတို့အတွက် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းသည်။

 

ထိုအခြေအနေတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မှာ နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီခြင်းမရှိသဖြင့် နိုင်ငံတော်အစိုးရက လက်ခံခြင်း မပြုခဲ့ကြောင်း ကိုလည်း ထည့်သွင်းပြောကြားသည်။

 

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အခြေခံအဆောက်အအုံ၊ လျှပ်စစ်မီးရရှိမှု စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကိုပြောကြားခဲ့ပြီး လက်ရှိ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက မြန်ဆန်စွာ အကောင်အထည်ဖော်မှုအခြေအနေများကို အလေးထား ရှင်းလင်းပြောကြားသည်။ နိုင်ငံတော်အစိုးရက ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်အများအပြားကို အချိန်မဆိုင်းဘဲ ထိရောက်စွာ အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်းနှင့် အချို့ ကိစ္စရပ်များကို ဒေသန္တရအခြေအနေနှင့် လိုက်လျောညီထွေဆက်စပ် ဆောင်ရွက်မည် ဖြစ်သော်လည်း လျင်မြန်စွာတိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားသည်။

 

အစီရင်ခံစာပါ အကြံပြုချက်များအနက် လတ်တလော အကောင်အထည်ဖော်လျက်ရှိသော ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့ရှိ IDP စခန်းများ ပိတ်ရေးအတွက် စီစဉ်လျက်ရှိခြင်း၊ မီဒီယာများလွတ်လပ်စွာ သွားရောက် သတင်းရယူနိုင်ရေး၊ ICRC မှ အကျဉ်းထောင်များအား သွားရောက်ခွင့်ရရှိရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေး၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပိုမိုတိုးတက်မြန်ဆန်စေရေးတို့အတွက် ဆောင်ရွက်နေခြင်း စသည့်အပြုသဘော ဆောင်သော တိုးတက်မှုများကို ပြောကြားသည်။

 

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုရှိခဲ့သည့် နေရာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ခရိုင်သို့ သွားရောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ကြောင်း ထင်ရှားသည့် သက်သေအထောက်အထားများရှိပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

 

ပြည်သူလူထုအကြား အကြမ်းဖက်မှုလုပ်ရပ်များကို မည်သည့်အခြေအနေမျိုးတွင်မဆို လက်ခံနိုင်ခြင်း မရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်မှုမျိုးစေ့ချရန် ကြိုးပမ်းမှုသည် ဒေသတွင်းသာမက ဒေသပြင်ပအထိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ထားပြောကြားသည်။

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များအား ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်းနှစ်ရပ်လုံးအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်ရှိွကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူအားလုံး၏ ငြိမ်းချမ်းရေး၊ သဟဇာတရှိရေး၊ တရားမျှတရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရမှ အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းကို နားလည် သဘောပေါက်မှု၊ အပြုသဘော ဆောင်သော ထောက်ခံကူညီမှုများ ဆက်လက်ပေးအပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။