ဘူးသီးတောင်မြို့နယ်၌ ပေါက်ကွဲမှုဖြစ်ပွားသောနေရာ၌ အလောင်း ၅ လောင်းတူးဖော်တွေ့ရှိ

Printer-friendly versionSend by email

မေ၁၅၊၂၀၁၇



ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာ၏ အနောက်ဖက် တောစပ်၌ မေ ၄ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။



လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးအတွက်ကင်းလှည့်ဆောင်ရွက်ခဲ့ရာ မေ၇ ရက်မွန်းလွဲ ၁ နာရီခွဲတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအားတွေ့ရှိခဲ့သည်။



အဆိုပါနေရာ တောစပ်ပတ်ဝန်းကျင်တွင် ယာယီတဲဆောက်လုပ်နေထိုင်ခဲ့သည့် နေရာ ၂ နေရာ၌ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်ယမ်းနံ့များရရှိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာမှန်ကန်ကြောင်းစစ်ဆေးသိရှိရ၍ သေဆုံးသူ၊ဒဏ်ရာ ရရှိသူများနှင့်ပါဝင်ပတ်သက်သူများအား ဆက်လက်စုံစမ်းခဲ့သည်။



လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ မေ ၁၃ ရက်ညနေပိုင်းတွင် သဲနီကျေးရွာ၏အနောက်မြောက်ဘက် တောင်ခြေရင်း၌ တူးဖော်စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား အလောင်း ၂ လောင်းနှင့်အတူ တင်းမေ ၃ ရပ်ကွက်နေ မော်လဝီ အဒူကော်ရိန်၊ ကျောင်းတောင် အလယ်ရွာနေ မော်လဝီယာဆိမ့် နှင့် စာကိုင်းကျေးရွာနေ ဇူပိုင် တို့ ၃ဦး အား တူးဖော်တွေ့ရှိခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံသို့ပို့အပ်ခဲ့သည်။



ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေ၊လုပ်ထုံး၊လုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးစီစဉ်လျက်ရှိကြောင်းသိရသည်။





(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)