အိမ်ထောင်စုစာရင်း သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် မသင်္ကာသူ တရားခံ ၅ ဦး ဖမ်းဆီး ထိန်းသိမ်း၊ ဖိုးခေါင်ချောင်းကျေးရွာသား ၁ ဦး အသတ်ခံရ

Printer-friendly versionSend by email



---------------------------------------------------------------------------

ဇူလိုင် ၂၈၊ ၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ မောင်တောမြို့နယ် နယ်မြေ ၆ ကပ္ပကောင်းကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုစာရင်းသတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် ကန်တဲ့ကျေးရွာနေ မာမတ်ဒူလ္လာ (၂၅) နှစ် ပါ ၅ ဦး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၂၇ ရက် နံနက် ၅ နာရီကလည်း ဘူးသီးတောင်မြို့နယ် ၊ ဖိုးခေါင်ချောင်း ကျေးရွာနေ ဟာရှိန်း (၄၅) နှစ်သည် ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် အစွန်းရောက် အကြမ်းဖက်သမား (စိစစ်ဆဲ) ၁ ဦးမှ ဓားဖြင့် ခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။

ဟာရှိန်းအသတ်ခံရမှုနှင့်ပတ်သက်၍ ညောင်ချောင်းနယ်မြေစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)