ကျေးရွာသား ၁ ဦးပျောက်ဆုံး၊ တစ်ဖက်နိုင်ငံသို့ပို့မည့် ကျွဲ၊ နွား ၂၉ ကောင်နှင့်အတူ မသင်္ကာသူ ၉ ဦး ဖမ်းဆီးရမိ၊ မြို့မ ကညင်တန်း အနောက်ရွာနေ အဒူဟာမီ အား ဖမ်းဆီးစစ်ဆေး

Printer-friendly versionSend by email

 

ဇူလိုင် ၂၉၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၁ ချွတ်ပြင်ကျေးရွာနေ ဦးသန်းဌေး ၃၇ နှစ် ပါ ၃ ဦးသည် ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီတွင် မေယုတောင်အနီး ခရုကောက်ရန် ထွက်ခွာသွားရာ ၎င်းတို့ ၃ ဦးအနက် ဦးတင်မောင်ဝင်း ၃၇ နှစ် ပါ ၂ ဦးသည် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ခရုကောက်ရန် အတူသွားခဲ့သူ ဦးသန်းဌေးသည် ဇူလိုင်၂၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်အထိအိမ်သို့ ပြန်ရောက်မလာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် လိုက်လံရှာဖွေလျက်ရှိကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၈ ရက် နံနက် ၄ နာရီကျော်တွင် ကုလားတန်မြစ်အတွင်း တပ်မတော် ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် မြောက်မှတောင်သို့မောင်းနှင်လာသည့် မသင်္ကာဖွယ် စက်လှေတစ်စီးအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူမှုကြောင့် အဆိုပါ စက်လှေသည်ထွက်ပြေးခဲ့၍ လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ စက်လှေကို ပေါက်တောမြို့နယ် သဲခုံရွာ အနောက်ဖက် ၁ မိုင် ၂ ဖာလုံခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

အမည်မရှိ ဖမ်းဆီးရမိသည့် စက်လှေကိုစစ်ဆေးရာ လှေအတွင်း၌ ပေါက်တောမြို့နယ် စစ်ကဲပြင်ကျေးရွာနေ နိုလူလောက်(ခ) နိုနို ၅၅ နှစ် ပါ ၉ ဦးနှင့်အတူ တစ်ဖက်နိုင်ငံသို့ပို့မည့် ကျွဲ ၁၀ ကောင်၊နွား ၁၉ ကောင် စုစုပေါင်း ကျွဲ၊နွား ၂၉ ကောင်တို့ကိုတွေ့ရှိ၍ ဖမ်းဆီး သိမ်းဆည်းခဲ့သည်။

ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၈ ရက်ည ၁၀ နာရီတွင် သတင်း အရ မောင်တောမြို့နယ် မြို့မကညင်တန်း အနောက်ရွာနေ အဒူဟာမီ ၃၆ နှစ် ၏ နေအိမ် အား ဝင်ရောက်ရှာဖွေခဲ့သည်။

နေအိမ်အတွင်း ရှာဖွေစစ်ဆေးရာ ပိန်းပင်ခြုံ အတွင်းမှ အရှည် ၅ပေ ၁ လက်မခန့်ရှိ တစ်ဖက်ချွန် သုံးမတ်လုံး သံချောင်း ၁ချောင်း၊ အရှည် ၆ ပေ ၃ လက်မခန့်ရှိ တစ်ဖက်ချွန်ငါးမူးလုံး သံချောင်း ၁ ချောင်း၊ ၁၀ လက်မသစ်သားရိုးတပ် အသွား ၂ ပေ ၄လက်မခန့်ရှိ အဖျားချွန် ဓား ၁ ချောင်း၊ ၈ လက်မ သစ်သားရိုးတပ် အသွား ၁ ပေခန့်ရှိ ဓား ၁ ချောင်း၊ ၉ လက်မသံရိုးတပ် အသွား ၁ ပေ ၉ လက်မခန့်ရှိ အဖျားချွန် အသွားထက် ဓား ၁ ချောင်းနှင့် လက်ကိုင်ရိုးမပါ အရိုးအသွား ၂ ပေ ၅ လက်မခန့်ရှိ အဖျားချွန် အသွားထက် ဓား ၁ ချောင်း တို့အားတွေ့ရှိ၍ သိမ်းဆည်းရမိခဲ့သည်။

အိမ်ရှင် အဒူဟာမီအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)