အစွန်းရောက်အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ်တဲများ အနီးမှ လူအသုံးအဆောင်ပစ္စည်းများတွေ့ရှိ

Printer-friendly versionSend by email

 

ဇူလိုင် ၃၁၊၂၀၁၇

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်ကျေးရွာသား ဦးသန်းဌေးသည် မေယုတောင်အနီး ခရုကောက်သွားရာမှ ပျောက်ဆုံးနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသား များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၀ ရက် နံနက် ပိုင်းမှစတင်၍ မေယုတောင်ကြော ပတ်ဝန်းကျင် တစ်ဝိုက် လိုက်လံရှာဖွေခဲ့ရာ မွန်းလွဲပိုင်းတွင် အစွန်းရောက်အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ် တဲများတွေ့ရှိခဲ့ပြီး တဲဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လူအသုံးအဆောင်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

တွေ့ရှိသည့်ပစ္စည်းများမှာ မိုးကာလိပ်စိမ်း အသစ် ၁ လိပ်၊ အလျား ၁၂ ပေ၊ အနံ ၆ ပေရှိ မိုးကာစရောင်စုံ ၁၂ ထည်၊ ပေ ၁၀၀ ရှိနိုင်လွန်ကြိုး ၁ခွေ၊ ပေါက်ပြား ၄ လက်၊ ဆန် ၅ အိတ်၊ ဆီ ၇ ပိသာ၊ ငါးနီတူခြောက် တစ်ပိသာပါအထုပ် ၅ ထုပ်၊ ငြုတ်သီးမှုန့် တစ်ပိသာထုပ် ၁ ထုပ်၊ ရွှေကြက်တံဆိပ် ဟင်းခတ်အမွှေး ၆ ဘူး၊ ကွမ်းသီး ၃ ပိသာ၊ ကော်ဖီမစ်ပေါင်ထုပ် ၁၈ ထုပ်၊ WFP တံဆိပ်ပါ Hight Energy Biscuits 75 g ဘီစကစ် အထုပ် ၁၀၀ ပါ ၁ဖာ၊ စတီးထမင်းစားပန်ကန် ၁၅ ချပ်၊ ကြွေရည်သုတ် ထမင်းစားပန်းကန် ၁၀ ချပ်၊ စတီးဇလုံအသေး၂ လုံးနှင့် ခြုံစောင် ၄ ထည်တို့ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စစ်တွေမြို့ အခြေစိုက်ထားသည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) ရုံးခွဲမှ တာဝန်ရှိသူများသည် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဘီစကစ်နှင်အာဟာရမှုန့် စသည့် လူသားချင်းစာနာမှုဆိုင်ရာ ရိက္ခာများကို ရခိုင်ပြည်နယ်အတွင်းရှိ IDP Camps များတွင် ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

မသင်္ကာဖွယ် တဲများနှင့်အတူ လူအသုံးအဆောင်ပစ္စည်းများတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)