[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၄၃] မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီးက ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင် ရှုတ်ချ၊နိုင်ငံတော်တည်ငြိမ်ရေးနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားရန် ပူးပေါင်း ဆောင်ရွက်ရန် အစ္စလာမ်

Printer-friendly versionSend by email

စက်တင်ဘာ ၁၀၊ ၂၀၁၇

 

၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီးမှ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ သဘောထား ကြေငြာချက်နှင့် အစ္စလာမ် ဘာသာဝင်များသို့ အထူးအသိပေး ပန်ကြားခြင်း တို့ကို ထုတ်ပြန်ခဲ့သည်။

 

အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ သဘောထားကြေညာချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့် အချိန်ကမှ လက်ခံခဲ့ခြင်း မရှိပါ၊ လုံးဝဆန့်ကျင်ပါကြောင်း။

 

အစ္စလာမ့် တရားတော်တွင် အပြစ်မဲ့ ပြည်သူများ ထိခိုက် နစ်နာ စေသည့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါကြောင်း။

 

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများ အားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါကြောင်း။

 

အကြမ်းဖက်မှု များကြောင့် နေရပ်စန့်ခွာနေကြရသူ အပြစ်မဲ့ ပြည်သူများ အားလုံး အတွက်လည်း စိတ်မကောင်း ဖြစ်ရပါကြောင်း၊

 

ထိုအကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချပါကြောင်း။

 

၎င်း အကြမ်းဖက် အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ပြင်ဆင်ဆေင်ရွက်လျှက်ရှိကြောင်း နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသဖြင့် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရပါကြောင်း။

 

ယခုကဲ့သို့သော အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပြသနာ ဖြစ်အောင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများမှ လှုံ့ဆော် ရေးသားနေသည်များကိုလည်း အစိုးရ အနေဖြင့် ကြပ်မတ် ကာကွယ် တားဆီးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

အကြမ်းဖက်မှုကို နှိမ်နင်းရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာမှု မရှိအောင် အထူး ဂရုပြု ဆောင်ရွက်အပ်ပါကြောင်း။

 

အကြမ်းဖက် လုပ်ရပ်များကို ကာကွယ်တားဆီးရန် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် အစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူများ အားလုံးနှင့် အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အထူးအသိပေး ပန်ကြားခြင်းတွင် အချက်(၃)ချက် ပါဝင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၌ မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များသည် နိုင်ငံတော်အား အစဉ်ကျေးဇူးသစ္စာ စောင့်သိရိုသေကာ ဘာသာပေါင်းစုံ၊ နိုင်ငံသား ပြည်သူများနှင့် အေးအတူပူအမျှ ချစ်ကြည် ရင်းနှီးစွာ နေထိုင်ကြကြောင်း။

 

အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများနှင့် အစ္စလာမ် ဘာသာဝင်များသည် အကြမ်းဖက် လုပ်ရပ်များကို လက်မခံဘဲ ဆန့်ကျင်ရှုတ်ချ၍ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားရလေအောင် နိုင်ငံသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

 

ယခုအခါ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာတစ်ခုနှင့် တစ်ခုအကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ဘာသာရေး ပုတ်ခတ်စော်ကားမှုများ၊ လှုံ့ဆော်မှုများ၊ လုပ်ကြံ သတင်းလွှင့်မှုများ ဆောင်ရွက်လာသည်ကို တွေ့ရှိနေရကြောင်း။

 

ယင်းလုပ်ရပ်များကို အစ္စလာမ် ဘာသာဝင်များ အနေဖြင့် လက်ခံယုံကြည်ခြင်း၊ ဖြန့်ဝေခြင်း၊ စိတ်လိုက်မာန်ပါ တုန့်ပြန်ခြင်းများ မပြုလုပ်ကြပါရန်နှင့် မိမိတို့ ပတ်ဝန်းကျင်တွင် အဖျက် အမှောက် လုပ်ရပ်များ မသင်္ကာဖွယ်ရာ တွေ့ရှိပါက နီးစပ်ရာ အစိုးရ အုပ်ချုပ်ရေး အဖွဲ့များသို့ အချိန်မှီ အသိပေး အကြောင်းကြားပါရန် ပန်ကြားထားသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွင် အိုလမာ-အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့ မ-မ-လ ဌာနချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ် တို့ ပါဝင်သည်။

 

(သတင်းထုတ်ပြန်ရေး ကော်မတီ)