[ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း- ၄၅] မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆောင်ရွက်ချက်များ

Printer-friendly versionSend by email

စက်တင်ဘာ ၁၁၊ ၂၀၁၇

 

မောင်တောမြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ကူညီ

 

ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာ လုပ်အားရှင်များ စုစုပေါင်း ၂၅ ဦးတို့သည် ဩဂုတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဘူးသီးတောင်မြို့မှ ရွှေပြည်တန် ရေယာဉ်ဖြင့် မောင်တောမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို စစ်တွေဆိပ်ကမ်းမှ ဘုန်းတော်ကြီးကျောင်းများသို့ ရွေ့ပြောင်းပေးရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ပါက ကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေပါကြောင်းနှင့် စစ်တွေလူမှုကွန်ယက် အဖွဲ့များနှင့်လည်း ချိတ်ဆက်ပြီး လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ သတင်းစကား

 

ဩဂုတ်လ ၂၅ ရက်နေ့ နံနက်တွင် စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် အသက်စန့်လွှတ် ခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်အတွင်းတွင် လူမှုကရုဏာလုပ်ငန်းများဖြစ်သည့် လူထု အခြေပြု ရှေးဦးပြုစုခြင်းသင်တန်းများပို့ချခြင်း၊ လူထုအခြေပြု ကျန်းမာရေးနှင့်စောင့်ရှောက်မှု ပေးခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်း များ စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စစ်တွေ၊ မြောက်ဦးနှင့် မင်းပြား တို့တွင် မြို့နယ်ရုံးခွဲများရှိပြီး ဝန်ထမ်းများနှင့် စေတနာ လုပ်အားရှင်များ၏ ဘေးကင်းလုံခြုံရေးကို အလေးထားသည့်အတွက် ရုံးခွဲများကို ဖွင့်လှစ်ထားသော်လည်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယာယီရပ်တန့်ထားပြီး အခြေအနေပေးလာပါက အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသူများကို လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီများ ဆက်လက်ပေးအပ်ရန် အသင့်ရှိနေပါကြောင်း သတင်းစကား ပေးပို့ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက “မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေနဲ့ ထိခိုက်ခံစားရသူတွေကို လူမှုကရုဏာအကူအညီတွေပေးဖို့အဆင်သင့် ရှိနေပါတယ်။ ရခိုင်က ရုံးခွဲတွေမှာ ဝန်ထမ်းနဲ့ စေတနာလုပ်အားရှင်တွေရှိသလို ဌာနချုပ်အနေနဲ့လည်း လိုအပ်လာ ရင် စေလွှတ်ဖို့အဖွဲ့ကို အဆင်သင့် ပြင်ထားပါတယ်။ နောက်ပြီး အဓိက လိုအပ်လာနိုင်တဲ့ အစားအစာ နဲ့ သောက်သုံးရေရရှိစေဖို့လဲ ကြိုတင်ပြင်ဆင် ထားပါတယ်။ ဝန်ထမ်းတွေနဲ့ စေတနာ လုပ်အားရှင် တွေရဲ့ ဘေးကင်းလုံခြုံမှုရှိရေးအတွက်လဲ စီစဉ်ဆောင်ရွက် နေပါတယ်” ဟု ပြောကြားခဲ့သည်။

 

အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ လာရောက်လှူဒါန်း

 

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူများ အတွက် ရည်ရွယ်၍ ဩဂုတ်လ ၃၀ ရက်နေ့တွင် Yathar Cho Industry Limited - Yum Yum Factory မှ မန်နေဂျာနှင့်အဖွဲ့သည် ငွေကျပ် သိန်းကိုးဆယ်ခန့် တန်ဖိုးရှိ အသင့်စား ခေါက်ဆွဲ ခြောက်ထုပ် ၅၆၁၆၀ ထုပ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲသို့ လာရောက် လှူဒါန်း ခဲ့သည်။

 

ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ဆောင်ရွက်

 

မောင်တောနှင့် ဘူးသီးတောင် မြို့တို့မှ ရေယာဉ်ဖြင့် တိမ်းရှောင်လာသောပြည်သူများအား ဩဂုတ်လ ၃၁ ရက်နေ့တွင် ရခိုင်အထူးစီမံချက်မှ ဝန်ထမ်း (၃) ဦး အပါအဝင် ကြက်ခြေနီစေတနာ့ လုပ်အားရှင် များနှင့် ကြက်ခြေနီကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက ယာယီခိုလှုံရာ စခန်းများတွင် နေရာချထား ပေးခြင်း၊ ဒဏ်ရာရ သူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် နေရပ်စန့်ခွာသူများ ယာယီနေထိုင်ရာ ဘုန်းကြီးကျောင်းများသို့ ရခိုင်အထူးစီမံချက် မှ ဝန်ထမ်း များနှင့် စေတနာ့လုပ်အားရှင်တို့က လိုအပ်ချက်များကို သွားရောက်ဆန်းစစ်ခဲ့ပြီးနောက် နေရာ အခင်းများအတွက် တာပေါ်လင်များ ခင်းပေးခဲ့သည်။

 

ထို့နောက် ICRC မှ WASH အဖွဲ့နှင့်အတူ အမျိုးသမီးများ ရေချိုးရန် အရေးပေါ် တာပေါ်လင် ရေကန်များနှင့် သောက်ရေအတွက် ဖိုင်ဘာ ရေပုံးကြီးများကိုလည်း တပ်ဆင်ပေးရန် ဆောင်ရွက် ခဲ့သည်။

 

တိမ်းရှောင်လာသော ပြည်သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော တာပေါ်လင်များ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အစားအစာတို့ကို ထောက်ပံ့နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပြီး သောက်သုံးရေ ရရှိရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

 

လူတိုင်းအတွက် အမြဲကူညီ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများ၊ စေတနာလုပ်အားရှင် များသည် မောင်တောနှင့် ဘူးသီးတောင်မြို့များမှ စစ်တွေမြို့သို့ တိမ်းရှောင် လာသောပြည်သူများအား ယာယီခိုလှုံရာ စခန်းများတွင် နေရာချ ထားပေးခြင်း၊ ဒဏ်ရာရသူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

 

စက်တင်ဘာလ ၂ ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများ၊ စေတနာလုပ်အားရှင် များသည် မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့များမှ စစ်တွေမြို့သို့ တိမ်းရှောင်လာသော ပြည်သူများအား ယာယီခိုလှုံရာ စခန်းများတွင် နေရာချထားပေးခြင်း၊ ဒဏ်ရာရသူများအား စစ်တွေ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ကယ်ဆယ်ရေးဦးစီးဌာန၏ ချိတ်ဆက်မှုဖြင့်မောင်တောမြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် အရေးပေါ်အိမ်သာများ ဆောက်လုပ်ရန်အတွက် တာပေါ်လင်များ ထောက်ပံ့ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

စက်တင်ဘာလ ၃ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တောမြို့များမှ စစ်တွေမြို့သို့ အမြန်ရေယာဉ် များဖြင့် တိမ်းရှောင် လာသောပြည်သူများကို ရခိုင်အထူးစီမံချက်မှ ဝန်ထမ်းများ နှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များက ယာယီခိုလှုံရာ စခန်းများတွင် နေရာချထားပေးခြင်း၊ ဒဏ်ရာရသူများအား စစ်တွေ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ဆောင်ရွက် ပေးခဲ့သည်။

 

ထို့ပြင် တာပေါ်လင်ဖြင့် ပြုလုပ်သော ရေကန်များကို ဓမ္မာရာမ ကျောင်းတွင် ၂ ကန်နှင့် မဏိရတနာ ကျောင်းတွင် ၁ ကန် ပြုလုပ်ပေးခဲ့ပြီး အဓိဌာန်ဘုန်းကြီး ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ခဲ့သည်။

 

မြောက်ဦးမြို့ ၊ လောကမာန်အောင်ဘုရား ဓမ္မာရုံတွင် နေရပ်စန့်ခွာ (၃၀)ဦးရောက်ရှိလာပြီး မြောက်ဦး ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်လှ ဦးဆောင်သော အဖွဲ့တို့မှ အလှူငွေများဖြင့် ဆန်၊ ခြင်ထောင်၊ ဓာတ်ဆားထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

စက်တင်ဘာ ၅ ရက်နေ့တွင် မင်းပြားမြို့နယ်၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် CBHFA စီမံချက်မှ ထောက်ပံ့သော ဓါတ်ဆားထုတ်(၃၀၀)ကို ဘူးသီးတောင်၊ မောင်တောမှ နေရပ်စန့်ခွာ ရွှေ့ပြောင်း လာသောအိမ်ထောင်စု(၅၃)စု၊ ကျား(၆၅)၊ မ(၁၀၇)၊ စုစုပေါင်း(၁၇၂)ဦးအတွက် ထောက်ပံ့ ပေးခဲ့သည်။

 

စက်တင်ဘာလ ၆ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တောမြို့များမှ စစ်တွေမြို့သို့ အမြန်ရေယာဉ် များဖြင့် တိမ်းရှောင် လာသောပြည်သူများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ယာယီခိုလှုံရာ စခန်းများတွင် နေရာချထားပေးခြင်း၊ ဒဏ်ရာရသူများအား စစ်တွေ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုအကူအညီများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် အဓိဌာန်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန် ၁ ဦး၊ သူနာပြု ၂ ဦးတို့နှင့်အတူ ကြက်ခြေနီစေတနာလုပ်အားရှင် ၂ ဦး တို့သည် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်။

 

သံတွဲခရိုင် နှင့် တောင်ကုတ်မြို့နယ်တို့မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် မအီမြို့ရှိ ဆွေမျိုးများ နေအိမ်သို့ ရောက်ရှိနေသည့် မောင်တောမြို့နယ်မှ နေရပ်စန့်ခွာရွှေ့ပြောင်းလာသော အိမ်ထောင်စု (၉)စု၊ လူဦးရေ(၄၂)ဦးတို့ကို လိုအပ်သည်များ ကူညီနိုင်ရန် သွားရောက်ခဲ့ပြီး Family Kit (၉)ခု၊ Hygiene Kit (၉)ခုနှင့် Dignity Kit (၉)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ

 

စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်တွေ့ဆုံကာ ပြည်နယ် အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လူမှုကရုဏာလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် တွင်း ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းများကိုသာမက အကြမ်းဖက်မှုများကြောင့် ထိခိုက် ခံစားရသူများကို လူမှုကရုဏာဆိုင်ရာ အကူအညီများအား ထိထိ ရောက်ရောက်ပေးနိုင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပစ္စည်းများပေးအပ်

 

စက်တင်ဘာလ ၈ ရက် သံတွဲခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး(ဒုတိယတန်း) ဦးသန်းထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင် (၄)ဦးသည် သံတွဲခရိုင်၊ သံတွဲမြို့၊ ဒေါ်မြကျေးရွာ သို့ နေရပ်စန့်ခွာ တိမ်းရှောင်လာသူ အိမ်ထောင်စု ၆ စုအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်းများသွားရောက် ပေးအပ် ခဲ့ပါသည်။

 

(သတင်းထုတ်ပြန်ရေးကော်မတီ)