အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အပါအဝင် နိုင်ငံတကာ လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်

Printer-friendly versionSend by email

နေပြည်တော် မေ ၁

လုပ်ငန်းခွင်ရပိုင်ခွင့်များ ပိုမိုတိုးမြှင့်ခြင်း၊ ကောင်းမွန်သင့်တော်သော အလုပ်အကိုင် အခွင့်အလမ်းများ အတွက် အားပေးခြင်း၊ လူမှုရေးအကာအကွယ်ပေးမှု တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် အလုပ်နှင့် ဆက်နွှယ်သော အကြောင်းအရာများအပေါ် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းများ ပိုမိုခိုင်မာ အားကောင်းလာစေရေးတို့အတွက် အားလုံးသော လက်တွဲဆောင်ရွက်ဖော်များကို ဖိတ်ခေါ် အပ်ပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ယနေ့ရက်စွဲပါ ကြေညာချက်အမှတ် (၁/၂၀၁၆) ဖြင့် သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရသည် အလုပ်သမားရပိုင်ခွင့်နှင့် စပ်လျဉ်းသော ပြည်တွင်း ဥပဒေများကို နိုင်ငံတကာစံနှုန်းများ၊ ကျင့်သုံးမှုများနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည် သုံးသပ်လျက် ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် အခြားသော မိတ်ဖက်များ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသည် အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် လွတ်လပ်စွာ အသင်း အပင်းဖွဲ့စည်းမှု တိုးမြှင့်ဆောင်ရွက်ရေးနယ်ပယ်များတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ထို့ပြင် သင့်တော်ကောင်းမွန်သော အလုပ်အကိုင် ရရှိစေရေး အစီအစဉ်ကို မြန်မာ နိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ပိုမိုခိုင်မာသော ကလေးအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန်နှင့် အဓမ္မ ခိုင်းစေမှုကို နယ်ပယ် အားလုံးတွင် အဆုံးသတ်နိုင်ရေးအပါအဝင် အလုပ်သမားရပိုင်ခွင့်များ ပိုမို တိုးမြှင့် ရရှိစေရေးနှင့် အကာအကွယ် ပေးရေးတို့အတွက် မိတ်ဖက်၊လက်တွဲဆောင်ရွက်ဖော်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အပါအဝင် နိုင်ငံတကာလူမှုအသိုက်အဝန်း၊ သက်ဆိုင်သူ များ အားလုံးနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုကြောင်း ဖော်ပြ ပါရှိသည်။