ဝတ်ပြုကိုးကွယ်ဆောင်အား တရားမဝင် လွှဲပြောင်း ပေးအပ်သူများနှင့် မီးရှို့ဖျက်ဆီးခဲ့သူများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ခွင့်ပြုချက်မဲ့ ကျူးကျော် ဆောက်လုပ်ထားသော ဘာသာရေး အဆောက်အအုံများနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ၌ ခွင့်ပြုချက်မဲ့ ကျူးကျော် ဆောက်လုပ်ထားသော ဘာသာရေး အဆောက်အအုံများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

 

နေပြည်တော် ဩဂုတ် ၃

၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ နိုင်ငံတော်ပိုင် မြေလွတ်မြေလပ်နှင့်မြေရိုင်း ၀ ဒသမ ၅၀ ဧကရှိ မြေနေရာတွင် ခွင့်ပြုချက်မဲ့ အစ္စလာမ် ဝတ်ပြု အဆောက်အအုံ အပါအဝင် အဆောက်အအုံ လေးလုံး ကျူးကျော်ဆောက်လုပ်ထားခဲ့ပါသည်။

 

၂။ ၁၉၈၅ ခုနှစ်တွင် ၎င်းမြေနေရာကို လုံးခင်းကျေးရွာနေ ဦးရဲမောင် (အစ္စလာမ်) ဘာသာဝင်၏ တောင်းဆိုချက်အရ လုံးခင်းကျေးရွာအုပ်စု၊ ပြည်သူ့ကောင်စီဥက္ကဋ္ဌဦးခင်မောင်(ကွယ်လွန်)မှ ဦးရဲမောင် (ကွယ်လွန်) အစ္စလာမ်ဘာသာဝင်အား ယာယီအိမ်ဆောက်ခွင့်ပြုပေးခဲ့ပြီး ၎င်းကွယ်လွန်ပါက အလို အလျောက် ပျက်ပြယ်မည်ဟု ဝန်ခံကတိဖြင့် နေထိုင်ခွင့်ပြုခဲ့သည့်မြေနေရာဖြစ်ပါသည်။

 

၃။ အဆိုပါမြေနေရာကို ဥရုချောင်းတံတား စတင်တည်ဆောက်ခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ မှစ၍ လုပ်ငန်းခွင်သို့ ဝင်ထွက်သွားလာမှု မရှိအောင် အကာအရံများ ပြုလုပ်ထားပြီး အင်ဂျင်နီယာ ဦးဆန်နီသိန်းသည် အစ္စလာမ်ဘာသာဝင်ဖြစ်၍ ၎င်းတို့ဘာသာအတွက် ဂေါပကအဖွဲ့များနှင့် ပူးပေါင်း ပြီး ၎င်းမြေအတွင်း အဆောက်အအုံများ ဆောက်လုပ်၍ ဝတ်ပြုဆောင်အဖြစ် အသုံးပြုခဲ့ပါသည်။

 

၄။ အဆိုပါအဆောက်အအုံများမှာ သွပ်မိုးအုတ်စီ၊ ကွန်ကရစ်ခင်း၊ တစ်ထပ် ယာယီဝတ်ပြုဆောင် တစ်ဆောင်၊ နှစ်ခန်းသွပ်မိုး၊ ထရံကာ တစ်ထပ် အဆောက်အအုံတစ်လုံး၊ သွပ်မိုး၊ အုတ်စီ၊ သွပ်ကာ နှစ်ထပ်ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံးနှင့် တံတားဆောက်လုပ်စဉ် တံတားအင်ဂျင်နီယာ ယာယီ နေထိုင်ခဲ့သည့် သွပ်မိုး၊ ထရံကာ မြေစိုက်ယာယီအဆောက်အအုံတစ်လုံး စုစုပေါင်း အဆောက် အအုံ လေးလုံးအား ၎င်းတို့ဘာသာအတွက် တရားမဝင်အသုံးပြုခဲ့ပါသည်။

 

၅။ ၎င်းအဆောက်အအုံများ ဆောက်လုပ်ခဲ့မှုကို ဥရုချောင်းတံတားကြီးကို ဖွင့်လှစ်သည့် ၂၈-၃-၂၀၁၆ ရက်နေ့တွင် လူအများ ဖြတ်ကူးသွားလာသည့် အချိန်မှသာ ၎င်းမြေနေရာပေါ်တွင် ဘာသာရေး အဆောက်အအုံများ ထင်ထင်ရှားရှားတွေ့မြင်ရသဖြင့် ဒေသရှိ သံဃာတော်များ၊ ကျေးရွာနေ အများ ပြည်သူတို့မှ ကန့်ကွက်တားမြစ်ခြင်းနှင့် သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြဆောင်ရွက်ခဲ့၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီဖြစ်စေရေး မြို့နယ်အုပ်ချုပ်ရေးမှူးက အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

 

၆။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၅-၆-၂၀၁၆ ရက်နေ့၊ ၀၈း၃၀ နာရီအချိန် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အစ္စလာမ်ဝတ်ပြုကျောင်းဆောင် ဂေါပကအဖွဲ့ဝင် ၂ ဦးတို့ တွေ့ဆုံ ဆွေးနွေး၍လည်းကောင်း၊ ၎င်းကိစ္စအား ၂၈-၆-၂၀၁၆ ရက်နေ့၊ ၁၄း၀၀ အချိန်တွင် ထပ်မံ၍ ဆွေးနွေးခဲ့ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ နိုင်ငံပိုင် မြေလွတ် မြေလပ်နှင့် မြေရိုင်းကျူးကျော်မှုဆိုင်ရာဥပဒေအရ အရေးယူရန်နှင့် မလိုက်နာပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

 

၇။ ယင်းသို့ဆုံးဖြတ်ခဲ့မှုအပေါ် အစ္စလာမ်ဝတ်ပြုကျောင်းအဖွဲ့မှ ကျောက်ရိုး စီမြေ ၀ ဒသမ ၂၀ ဧကပေါ်ရှိ တိုးချဲ့အဆောက်အအုံ သုံးလုံးကို ၎င်းတို့ အစီအစဉ်ဖြင့် ဖျက်သိမ်းပေးခဲ့သော်လည်း အလှူရှင်များ ရေစက်ချလှူဒါန်းထားသည်ဟုဆိုသည့် ဧရိယာ ၀ ဒသမ ၃၀ ဧကပေါ်ရှိ မူလ အဆောက်အအုံကိုမူ ဘာသာရေးအယူအဆအရ ဖျက်သိမ်းရန် ငြင်းဆန်ခဲ့သဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နေစဉ် ၎င်းအဆောက်အအုံအား ၁-၇-၂၀၁၆ ရက်နေ့၊ ၁၅း၄၈ အချိန်တွင် လူတစ်စုက မီးရှို့ ဖျက်ဆီးခဲ့ပါသည်။

 

၈။ မီးရှို့ဖျက်ဆီးခံထားရသော ခွင့်ပြုချက်မဲ့ အစ္စလာမ်ဝတ်ပြုကျောင်း မြေနေရာအား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၁၃၃ အရ ဒေသအာဏာပိုင်က ဒေသန္တရအမိန့်ထုတ်ဆင့်လျက် ကန့်သတ် နယ်မြေ ဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၏ အခြားအမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီ တားမြစ် ဧရိယာအဖြစ် သတ်မှတ်ထားရှိပါသည်။

 

၉။ ဘာသာအသီးသီးမှ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်မှု နှင့်ပတ်သက်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၂၄ ကျောင်းကိုလည်း ၂၀-၂-၂၀၁၄ ရက်နေ့မှ စ၍ ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ထပ်မံကျူးကျော်သည့် ဘုန်းကြီးကျောင်းများကိုလည်း နိုင်ငံတော် သံဃမဟာနာယကသို့ လျှောက်ထား၍ ဥပဒေအတိုင်း စိစစ်အရေးယူလျက်ရှိပါသည်။

 

၁၀။ အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်း ၁၇၃ ကျောင်းကို လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျူးကျော် ဘုန်းကြီးကျောင်း ၈၆ ကျောင်းကို လည်းကောင်း၊ ကိုးကွယ်ရာဘာသာ အသီးသီး၏ ကျူးကျော်ဘာသာရေး အဆောက်အအုံ များကို လည်းကောင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားရှင်းလင်းလျက်ရှိပါသည်။

 

၁၁။ အဆိုပါ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် ဝတ်ပြုကိုးကွယ်ဆောင်အား တရားမဝင် လွှဲပြောင်းပေးအပ်သူများကိုလည်းကောင်း၊ ဝတ်ပြု ကိုးကွယ်ဆောင်အား မီးရှို့ဖျက်ဆီးခဲ့သူများကိုလည်းကောင်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)