နျူကလီးယားအဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှုပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့်အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ၁၉၅၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နည်းပညာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

 

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသည့် နျူကလီးယား ဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံ များအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှု ပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ဒေါက်တာမျိုးသိမ်းကြီးက ၂ဝဝ၅ ခုနှစ်တွင် ကျင်းပသည့် သံတမန်များ ညီလာခံ၌ နျူကလီးယားဒြပ်ပစ္စည်းသာမက နျူကလီးယား အဆောက်အအုံများကိုပါ ရုပ်ပိုင်းဆိုင်ရာ အကာ အကွယ် ပြုရန် နျူကလီးယားဒြပ်ပစ္စည်းများအား ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ပြု မှုပဋိညာဉ်ကို ပြင်ဆင် ဖြည့်စွက်သည့် ပဋိညာဉ်အား အတည်ပြုချမှတ်ခဲ့ပါကြောင်း၊ ပဋိညာဉ်၏အမည်ကိုလည်း နျူကလီးယား ဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် ပြုမှု ပဋိညာဉ်အဖြစ် ပြောင်းလဲခဲ့ပါကြောင်း။

 

နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက် အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် ပြုမှု ပဋိညာဉ်တွင် မြန်မာနိုင်ငံအနေဖြင့် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် နောက်မှအတည်ပြု ပါဝင်ခြင်း နည်းလမ်းဖြင့် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် ပြုမှုပဋိညာဉ်တွင် အတည်ပြုပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု မည့် နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ရေးကို ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ နျူကလီးယား ဒြပ်ပစ္စည်းအား တရားမဝင် ကူးသန်း ရောင်းဝယ်ခြင်းကို ထိန်းချုပ်နိုင်ခြင်း၊ နျူကလီးယား ဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံများ အပေါ် အကြမ်းဖက်မှုများနှင့် ဆက်နွှယ်နေသည့် ပြစ်မှုများကို ကာကွယ်နိုင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အပြစ်ပေးခြင်းတို့အတွက် ထိရောက်မှုရှိသော အစီအမံများကို ချမှတ်လိုက်နာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ခြင်း၊ နျူကလီးယား လက်နက် မပြန့်ပွားရေးကို ပံ့ပိုးရာတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး၌သာ စိတ်ဆန္ဒရှိကြောင်း ပြသနိုင်ခြင်း၊ နျူကလီးယား လုံခြုံရေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ရရှိလာနိုင်မည် ဖြစ်ခြင်း၊ နျူကလီးယားဒြပ်ပစ္စည်း သို့မဟုတ် နျူကလီးယား အဆောက်အအုံတစ်ခုခုကို အဖျက်အမှောင့် သဘောဖြင့် ခြိမ်းခြောက်သည့်ကိစ္စရပ်၊ ထိုအဖျက်အမှောင့် လုပ်ရပ်ကြောင့် ဓာတ်ရောင်ခြည် သက်ရောက်ခံရသည့် အခြေအနေဖြစ်ပွားခဲ့လျှင် IAEA (သို့မဟုတ်) သက်ဆိုင်ရာ နိုင်ငံ၏ သံတမန်လမ်းကြောင်း မှတစ်ဆင့် သို့မဟုတ် အခြားသောနည်းလမ်း တစ်ရပ်ရပ်ဖြင့် သတင်းပေးပို့မှုကို ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နျူကလီးယား ဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှု ပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက် အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှုပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင် နိုင်ငံ အဖြစ် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး ပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက အတည်ပြုပါဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ IAEA မှ ကျင်းပသည့် ညီလာခံတွင် မြေပြင်အခြေစိုက် နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်ထားသည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နျူကလီးယား စက်ရုံများ၏ အမြင့်ဆုံးအဆင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအမံများ ထားရှိရန် ရည်ရွယ်၍ နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေးပဋိညာဉ်ကို အတည်ပြုချမှတ်ခဲ့ရာ ၁၉၉၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် စတင် အာဏာသက်ဝင်ခဲ့ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် ယင်းပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် နောက်မှ အတည်ပြုပါဝင်ခြင်း နည်းလမ်းဖြင့် ပါဝင်မည်ဖြစ်ကြောင်း။

 

နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေးပဋိညာဉ်တွင် အတည်ပြုပါဝင်ပါက နျူကလီးယား စက်ရုံများ တည်ဆောက်လည်ပတ်မှုမှထွက်ရှိလာသည့် ဓာတ်ရောင်ခြည် ဆိုင်ရာဘေးအန္တရာယ်ကို စောင့်ကြည့် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခြင်း၊ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးချနေသော ဆေးကုသရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများတွင် ဘေးအန္တရာယ်ကင်း ရှင်းရေး၊ မတော်တဆဖြစ်မှုကြောင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများ သဘာဝပတ်ဝန်းကျင်သို့ ထုတ်လွှတ်မှုကို ဟန့်တားကာကွယ်နိုင်ခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှုကို အစဉ်အမြဲထိန်းသိမ်းထားခြင်းဖြင့် အချိန်နှင့် ဘဏ္ဍာငွေ သက်သာခြင်း၊ ယုံကြည်စိတ်ချမှုကိုလည်း ထိန်းသိမ်းနိုင်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချရေး တွင်သာ စိတ်ဆန္ဒရှိကြောင်း ပြသနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး ပဋိညာဉ် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ပါဝင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်သွင်းကြောင်း ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေးပဋိညာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြည်ထောင် စုအစိုးရအဖွဲ့မှ ပေးပို့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင် သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာကို ဖတ်ကြား တင်ပြရာ ပြည်ထောင်စု လွှတ်တော်နာယကက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာအတည်ပြု ထုတ်ပြန်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် ရှင်းလင်း တင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ အတည်ပြုထုတ်ပြန်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းပြင်ဆင် ခြင်းနှင့် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄) ဦးက ဆွေး နွေးခဲ့ကြသည်။