ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ပြည်သူ များအား ထောက်ပံ့ပစ္စည်းများပေးအပ်

Printer-friendly versionSend by email

 

နေပြည်တော် ဩဂုတ်  ၁၀

မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်မြို့နယ်များသို့ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သွားရောက်၍ ဘေးသင့်ပြည် သူများအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး အောင်လံမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ် ၆၁ သိန်းကို ထောက်ပံ့ကာ  အားပေးစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြည်မြို့သို့ရောက်ရှိကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ ဆည်မြောင်း တာတမံများအတွင်း ရေဝင်ရောက်မှု၊ ရေဘေးကာကွယ်ရေးတာများ ကျိုးပေါက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်ထားမှု၊ လမ်းတံတားများပျက်စီးခဲ့မှု၊ စိုက်ပျိုးမြေများ ရေလွှမ်းမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ပျက်စီးဆုံးရှုံးသွား သည့် လယ်ယာမြေများအတွက် မျိုးစပါးများ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန်မှာကြားသည်။

ထို့နောက် ပြည်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများက နှစ်အလိုက် မြစ်ရေမြင့်တက်မှု မှတ်တမ်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်မြို့ ရွှေပလ္လင်မှော်ရေဘေးကယ် ဆယ်ရေးယာယီစခန်းသို့ ရောက်ရှိပြီး ပြည်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် ဆန်အိတ် ၁၀၀၊ ငွေကျပ် ၁၈၆၃၀၅၀၀၊ ဗလာစာအုပ် ၁၀၃၆ ဒါဇင်၊ ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ဆန်အိတ် ၁၄၀နှင့် ဆီ ပိဿာ ၂၈၀ တို့ကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ထုံးဘိုမြို့ မဟာအတုလအနန္တမုနိ ရေဘေးကယ်ဆယ်ရေးယာယီ စခန်းသို့ရောက်ရှိပြီး ထုံးဘိုမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀၊ ငွေကျပ် ၃၉၇၇၄၀၀၀၊ ဗလာစာအုပ် ၃၅၄၆ အုပ်၊ ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ဆန်အိတ် ၂၈၀ နှင့် ဆီ ပိဿာ ၅၆၀ ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပန်းတောင်းမြို့သို့ ရောက်ရှိကြပြီး ဖောင်းကန်ရပ်ကွက်၊ စည်သာရပ်ကွက်၊ မင်းရပ်ရပ်ကွက် ရေဝင်ရောက်နေမှုအခြေ အနေနှင့် ပန်းတောင်းမြို့ ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကို ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယင်းနောက် ရွှေတောင်မြို့ ဗဟိုရေဘေးကယ်ဆယ်ရေး စခန်းသို့ရောက်ရှိပြီး ရွှေတောင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန် အိတ် ၁၀၀၊ ငွေကျပ် ၃၂၇၀၀၅၀၀၊ ဗလာစာအုပ် ၃၃၈၀ ဒါဇင်၊ ဧရာဝတီ ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ဆန်အိတ် ၂၅၀ နှင့် ဆီ ပိဿာ ၅၀၀ ကို ထောက်ပံ့ပေးအပ်သည်။

ဒုတိယသမ္မတသည် အဆိုပါမြို့နယ်များမှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြော ကြားရာတွင် ကမ္ဘာနိုင်ငံအသီးသီး၌လည်း ရာသီဥတုပြောင်းလဲမှုကြောင့် သဘာ၀ဘေးဒဏ်များကို ကြုံတွေ့ခံစားနေရပါကြောင်း၊ ယခုရေကြီးရေလျှံမှုဒဏ်ကို မိမိတို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခံစားနေရပါကြောင်း၊  နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ရေဘေးသင့်ပြည်သူများ၏ဒုက္ခကို နားလည်သိမြင်ပြီး ထပ်တူခံစားရပါကြောင်း၊ ဖြစ်လာသည့် အခက်အခဲဒုက္ခများကိုရင်ဆိုင်ဖြတ် ကျော်နိုင်ရန် စိတ်ဓာတ် ကြံခိုင်မှုသည် အရေးကြီးပါကြောင်း။

သဘာ၀ဘေးကို တားဆီး၍မရနိုင်သော်လည်း ဖြစ်ပေါ်လာပါက အရေးပေါ် တုံ့ပြန်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်အတွေ့အကြုံများ၊ ယခုနှစ် အတွေ့အကြုံများကို သင်ခန်းစာယူပြီး နောင်လာမည့်သဘာ၀ဘေး အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင်စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ရေတို၊ ရေရှည်စီမံချက်များချမှတ်၍ အကောင်အထည်ဖော် သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် ကျရာ အခန်းကဏ္ဍက ပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ် များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်များနှင့် ဌာနဆိုင်ရာများကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ကယ်ဆယ်ရေးကာလအလွန် ထူထောင်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးစားကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။