လုပ်ငန်းသုံးယန္တရား ပိုမိုတင်သွင်းခွင့်ပြုခြင်းနှင့့်် ကန့်သတ်ကုန်အချို့ ကင်းလွတ်တော့မည့် စီးပွား/ကူးသန်း၏ ရက် ၁၀၀

Printer-friendly versionSend by email

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက်မှာ ကုမ္ပဏီလိုင်စင်တစ်စောင်ကို လုပ်ငန်းသုံးယန္တရား ၁၀ စီးနှုန်း တင်သွင်းခွင့်ပြုခြင်းနှင့် ကန့်သတ် ထားခဲ့သော ပြည်ပတင်ပို့ကုန်အချို့စာရင်းမှပယ်ဖျက်ပေးခြင်းတို့ ပါဝင်သော ကုန်သွယ် လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပါဝင်မည်ဟု သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်အား တွေ့ဆုံမေးမြန်းထားသည်။

မေး။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦးရှင့်။

ဖြေ။ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုအနေနဲ့ နယ်စပ်စခန်းတွေမှာ သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းဖို့ ကျန်နေတဲ့ ယာဉ်ယန္တရားတွေကို သွင်းကုန်လိုင်စင်တိုးမြှင့်ပေးပြီး တင်သွင်းခွင့်ပြု မယ်။ နယ်စပ်ဒေသကနေ လုပ်ငန်းသုံး ယာဉ်ယန္တရားတွေကို ပြန်လည်တင်သွင်းခွင့်ပြုမယ်။ ပြည်ပ ကနေ တင်သွင်းခွင့်ပြုထားတဲ့ လုပ်ငန်းသုံးယာဉ်ယန္တရားတွေနဲ့ ပတ်သက်ပြီး အရင်က ကုမ္ပဏီ တစ်ခုကို တစ်နှစ်အတွင်း ၁၀ စီးပဲ တင်သွင်းခွင့် ပြုရာကနေ လိုင်စင်တစ်စောင်ကို လုပ်ငန်းသုံး ယာဉ်ယန္တရား ၁၀ စီးနှုန်းနဲ့ လုပ်ငန်း လိုအပ်ချက် အပေါ်မူတည်ပြီး ပြင်ဆင်ဖြေလျှော့ ခွင့်ပြုပေး သွားမယ်။

နယ်စပ်ဒေသက ဒေသခံကုန်သည်ငယ်တွေအတွက်လည်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် ကတ် (Individual Trading Card – ITC )နဲ့ တစ်ရက်ကို ကျပ်သိန်း ၂၀ နှုန်းနဲ့ ငါးရက်စာ တစ်ကြိမ်တည်း ကျပ်သိန်း ၁၀၀ ခွင့်ပြုပေးရာကနေ တစ်ရက်ကျပ်သိန်း ၃၀ နှုန်းနဲ့ ငါးရက်စာ ကျပ်သိန်း ၁၅၀ အထိ တိုးမြှင့်ဆောင်ရွက်ခွင့်ပြုသွားမယ်။

ရန်ကုန်ပို့ကုန်သွင်းကုန်ရုံးမှာ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားတဲ့အခါမှာလည်း နေပြည်တော် နည်းတူ ပြင်ဆင်ဖြေလျှော့ပေးသွားမယ်။ ပြည်ပကိုတင်ပို့ဖို့ ကန့်သတ်ထားတဲ့ပို့ကုန် ၁၂ မျိုးအနက်ကနေ အချို့အမယ်တွေကိုဖြေလျှော့တင်ပို့ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးသွားမယ်။ Negative List နဲ့ ထုတ်ပြန်ထားတဲ့ သွင်းကုန် H.S Code Line (၄၄၀၅)လိုင်းကနေအချို့ကို ထပ်မံဖြေလျှော့ ပေးသွားမယ်။ Natio- nal Trade Repository ကုန်သွယ်မှု အချက်အလက်များ ဘဏ္ဍာတိုက်ကို တရားဝင် လွှင့်တင်ပေးဖို့ စီမံဆောင်ရွက်သွားမယ်။ နောက်ဆုံးအနေနဲ့ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားတဲ့အခါအွန်လိုင်းစနစ် အပြည့်အဝ သုံးစွဲအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမယ်။

မေး။ ဒီအချက်တွေထဲက နယ်စပ်စခန်းမှာ သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းဖို့ကျန်နေတဲ့ ယာဉ်ယန္တရား တွေကို ဘာကြောင့်သွင်းကုန်လိုင်စင်တိုးမြှင့်ပေးပြီး တင်သွင်းခွင့်ပြုရတာလဲ ဆိုတာ ပြည့်ပြည့်စုံစုံလေး ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ဘာကြောင့်လဲဆိုတော့ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသကနေ ဖားကန့် ကျောက်စိမ်းတွင်း အတွက် မြေတူး၊ မြေသယ်ကားတွေ တရားမဝင် ဝင်ရောက်လာတာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် ပြီးခဲတဲ့ ဒီဇင်ဘာ၂၄ ရက်ကစပြီး နယ်စပ်ဒေသတွေကနေတင်သွင်းတဲ့ ယာဉ်မျိုးစုံဝင်ရောက်မှုကို တားမြစ်ခဲ့တယ်။ အဲဒီထဲမှာ ဝန်ကြီးဌာနကသွင်းကုန်ပါမစ်ပေးထားတဲ့ ကုန်တင်ယာဉ်၉၀၀၀ ကျော်၊ လယ်ယာသုံးယာဉ် ၃၄၀၀ကျော်၊ ခရီးသည်တင်ယာဉ် ၉၀၀ ကျော်နဲ့ ရေယာဉ်၊ မီးသတ်ယာဉ် စတဲ့လုပ်ငန်းသုံးယာဉ် စုစုပေါင်း ၁၄၀၀၀ လောက် ပိတ်မိသွားတယ်။

တချို့ယာဉ်တွေဆို တင်သွင်းဖို့အတွက် သတ်မှတ်အခွန်ပေးဆောင်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်း၊ တစ်ဖက်နိုင်ငံနယ်စပ်အပြင် တစ်ဖက်နိုင်ငံကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ယာဉ်တွေပါဝင်နေ တယ်။ ဥပမာပြောရရင် နယ်စပ်ဒေသမှာ တင်သွင်းဖို့ကျန်နေတဲ့ ယာဉ်တွေထဲက တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ ရောက်နေတဲ့ ယာဉ်ယန္တရားတွေဆို တရုတ်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအရ ပို့ကုန်အဖြစ်သတ်မှတ် ထားတော့ ရွှေလီမြို့ကို ပြန်သယ်ဆောင်ခွင့်မပြုတဲ့အပြင် ရွှေလီမြို့ကို ရောက်နေတဲ့ ယာဉ်တွေကလည်း ကုန်းတွင်းပိုင်းကနေ ပင်လယ်ဆိပ်ကမ်းအထိ ကီလိုမီတာ ၃၀၀၀လောက် ကွာဝေးတယ်။ ဒီတော့ ကုန်သည်လုပ်ငန်းရှင်တွေအတွက် ကုန်ကျစရိတ်များ လာတဲ့အပြင် အချိန်ကြန့်ကြာမှုအခက်အခဲတွေ ကြုံတွေ့ရတယ်။ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြေရှင်းနိုင်ဖို့က သွင်းကုန်လိုင်စင်ရှိပြီး တင်သွင်းဖို့ ကျန်နေတဲ့ယာဉ်တွေကို လိုင်စင်သက်တမ်း တိုးမြှင့်ခွင့်ပြုပေးခြင်းနဲ့ မေ ၁ ရက်ကစပြီး ပြန်လည် တင်သွင်းဖို့ကို ခွင့်ပြုချက်ရရှိပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မေး။ မေ ၁ ရက်ကစပြီး သွင်းကုန်လိုင်စင် သက်တမ်းတိုးမြှင့်မယ်၊ ပြန်လည်တင်သွင်း ခွင့်ပြုခဲ့တယ်ဆိုတော့ မှန်မှန်ကန်ကန်နဲ့ စနစ်တကျတင်သွင်းနိုင်ရေးဆောင်ရွက်ချက်များရှိရင် သိပါရစေ။

ဖြေ။ လိုင်စင်သက်တမ်းတိုးပြီး တင်သွင်းမယ့် ယာဉ်ယန္တရားတွေကို မြဝတီကုန်သွယ်ရေးဇုန်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကနေ တင်သွင်း ခွင့်ပြုမယ်။ လိုင်စင်ပါ အချက်တွေနဲ့ ကွဲလွဲမှုမရှိစေရအောင် စနစ်တကျတင်သွင်းနိုင်ရေးကို လိုင်စင်ထုတ်ပေးတဲ့ ကုန်သွယ်ရေး ဦးစီးဌာန၊ တင်သွင်းခွင့်ပြုပေးမယ့် အကောက်ခွန်ဦး စီးဌာနနဲ့ ယာဉ်မှတ်ပုံတင်ပေးမယ့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ကနေ ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်သွားမယ်။ ဒါ့အပြင် လုပ်ငန်း လိုအပ်ချက်ရှိလာရင်လည်း ဌာနတွေပူးပေါင်းပြီး စီမံဆောင်ရွက်သွားမှာပါ။

မေး။ လုပ်ငန်းသုံးယာဉ်ယန္တရားတွေကို ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းနဲ့ စပ်လျဉ်းပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဒေသကနေ ယာဉ်အမျိုးအစားအားလုံးကို တင်သွင်းခွင့် ပြုခဲ့တာလား။ ဒါမှမဟုတ် ယာဉ်အမျိုးအစား ကန့်သတ်ထားတာများရှိသလား သိချင်ပါတယ်ရှင်။

ဖြေ။ လက်ရှိအချိန်က အယ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေ အခက်အခဲ ဖြစ်နေတဲ့ဒေသတွေကို ဖြန့်ဝေပေးနိုင်ဖို့ ရေသယ်ယာဉ်တွေ၊ မီးသတ်ယာဉ်တွေကို တင်သွင်းခွင့်ပြုဖို့နဲ့၊ မကြာမီမိုးရာသီရောက်လာတော့မယ်ဆိုတော့ လယ်ယာလုပ်ငန်းသုံး ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်တွေ၊ ပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေး အတွက် လိုအပ်တဲ့ ကုန်တင်ယာဉ်တွေကို နယ်စပ်ဒေသက တင်သွင်းမယ်ဆိုရင် အချိန်နဲ့ ကုန်ကျစရိတ် ပိုပြီးသက်သာစေတယ်။

ဒါကြောင့်လည်း တင်သွင်းခွင့်ပြုပေးဖို့ ကုန်သည်လုပ်ငန်းရှင်တွေက တင်ပြကြတယ်။ ဒါပေမယ့် Saloon၊ Jeep၊ Van အစရှိတဲ့ လူစီးယာဉ်အုပ်စုနဲ့ လူနဲ့ကုန်နှစ်မျိုးလုံးတင်နိုင်တဲ့ Saloon၊ Jeep၊ Van လို ကားမျိုးတွေကိုတော့ တင်သွင်းခွင့်ပြုမှာမဟုတ်ဘဲ ကျန်ယာဉ်တွေကိုတော့ တင်သွင်းခွင့်ပြုဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်သွားမှာပါ။

မေး။ ပြည်ပက တင်သွင်းခွင့်ပြုတဲ့ လုပ်ငန်းသုံး ယာဉ်ယန္တရားတွေအပေါ်မှာ လိုင်စင်တစ်စောင်ကို လုပ်ငန်းသုံးယာဉ် ၁၀ စီးနှုန်းထိ ပြင်ဆင်ဖြေလျှော့ပေးရတဲ့ အကြောင်းရင်းကိုလည်း ပြောပြပေး ပါရှင်။

ဖြေ။ ဟိုတုန်းက တစ်နှစ်အတွင်းမှာမှ ၁၀ စီးပဲ တင်သွင်းခွင့်ပြုခဲ့တယ်။ အခုတော့လုပ်ငန်း လိုအပ်ချက် ပေါ်မူတည်ပြီး လိုင်စင်တစ်စောင်ကို လုပ်ငန်းသုံးယာဉ်ယန္တရား ၁ဝစီးနှုန်းနဲ့ လိုအပ်သလို ပြင်ဆင်ဖြေလျှော့ ခွင့်ပြုပေးသွားမယ်။ ဒါဟာလည်း အမှန်တကယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေ ချောမွေ့စေဖို့ ဖြစ်ပါတယ်။ ဒါတွေကိုလည်း နယ်စပ်ဒေသ ကနေပဲ တင်သွင်းခွင့်ပြုမှာပါ။ ရေယာဉ်တွေ ကိုတော့ ကော့သောင်းနဲ့ မြိတ်ဆိပ်ကမ်းကနေပြီးတော့ သတ်မှတ်ချက်နဲ့အညီ တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။

မေး။ ပြည်ပကိုတင်ပို့ဖို့ ကန့်သတ်ထားတဲ့ ပို့ကုန် ၁၂ မျိုးအနက်ကနေ အချို့အမယ်တွေကို ဖြေလျှော့တင်ပို့ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုအမယ် အမျိုးအစားတွေ ဖြေလျှော့ပေးသွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ပြည်ပကို တင်သွင်းခွင့်မပြုတဲ့ ပန်းနှင့််းဆီ (မုန်ညင်း၊ မုန်ညင်းဆီ)၊ နေကြာ၊ နေကြာဆီ ၊ ဆီကြိတ်ဖတ်တွေ၊ ရွှေ၊ စိန်၊ ရေနံ၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းနဲ့ ရှားပါးတိရစ္ဆာန်တွေ၊ ပုစွန်ဖွဲ၊ ဆင်စွယ်၊ လက်နက်ခဲယမ်းမီးကျောက်၊ ရှေးဟောင်းပစ္စည်း စတဲ့ ကုန်ပစ္စည်း ၁၂ မျိုးကို တင်သွင်းခွင့် မပြုပါဘူး။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ကာလအခြေအနေအရ ပန်းနှင့် ဆီ (မုန်ညင်း၊ မုန်ညင်းဆီ)၊ နေကြာ၊နေကြာဆီ သုံးမျိုးကို ပြည်ပတင်ပို့ဖို့ ဦးစွာဖြေလျှော့ပေးသွားမယ့်အပြင် ကျန်ကုန်ပစ္စည်းတွေထဲက အချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာတွေနဲ့ ထပ်မံဖြေလျှော့နိုင်ရေး ဆက်လက် ညှိနှိုင်းမှုတွေ လုပ်သွားမယ်။

မေး။ ပြည်ပကတင်သွင်းတဲ့ သွင်းကုန်တွေအပေါ်မှာလည်း ဖြေလျှော့တာတွေ လုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဘယ်လို ဖြေလျှော့ပေးသွားမယ်ဆိုတာ သိပါရစေရှင်။

ဖြေ။ နိုင်ငံတကာမှာ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်တဲ့ပစ္စည်းတွေကို Negative List ဆိုပြီး သတ်မှတ်ထားတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ကျင့်သုံး ခဲ့တယ်။ ပြည်ပကတင်သွင်းတဲ့ကုန်ပစ္စည်း H.S Code Line ၁၀၀၀၀ ကျော်ထဲကမှ ၄၄၀၀ ခန့်ကိုသာ သွင်းကုန်လိုင်စင်လျှောက်ထားရန် အဖြစ်သတ် မှတ်ထားတယ်။ အခုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ကျန်ရှိနေတဲ့ H.S Code Line ၄၄၀၀ ထဲကနေ ထောက်ခံချက်ရယူဖို့မလိုအပ်တဲ့ အချို့လိုင်းတွေကို ထပ်မံဖြေလျှော့ပေးသွားမှာပါ။

မေး။ ပို့ကုန်၊ သွင်းကုန် လိုင်စင်လျှောက်ထားမှုတွေကို အွန်လိုင်းစနစ် အပြည့်အဝသုံးစွဲနိုင်ရေး ရက် ၁၀၀ စီမံချက်အနေနဲ့ ဆောင်ရွက်သွားမယ်ဆိုတော့ ကုန်သည်လုပ်ငန်းရှင်တွေအတွက် ဘယ်လို အကျိုးကျေးဇူး ကောင်းတွေ ရရှိလာနိုင်မလဲဆိုတာပြောပြပေးပါဦးရှင်။

ဖြေ။ အွန်လိုင်းစနစ် အပြည့်အဝသုံးစွဲနိုင်ရေးစနစ်ကို ထောက်ခံချက်ရယူရန်မလိုတဲ့ ကုန်ပစ္စည်းတွေနဲ့ CMP အထည်ချုပ်လုပ်ငန်းတွေအတွက် လျှောက်ထားမှုတွေကို ဦးစွာရက် ၁၀၀ အတွင်း ဆောင်ရွက်သွားပါမယ်။ လိုင်စင်လျှောက်ထားရာမှာလည်း နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ နည်းတူ အင်တာနက် ရရှိတဲ့ မည်သည့်နေရာကမဆို ရုံးကိုလာရောက်ဖို့မလိုဘဲ ရယူနိုင်တယ်။ ငွေပေးချေခြင်း၊ထောက်ခံချက် စစ်ဆေးခြင်း၊ အချက်အလက်လုံခြုံမှု စတဲ့စနစ်တွေကို ထည့်သွင်းဆောင်ရွက်သွားမယ်။ အွန်လိုင်းစနစ်နဲ့ လျှောက်ထားနိုင်ခြင်း ကြောင့် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ မိမိကုမ္ပဏီရုံးခန်းမှာပဲ ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားနိုင်မယ်။ ငွေကြေးကုန်ကျစရိတ် သက်သာလာမယ်။ ကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုမြန်ဆန်သွက်လက်လာပါမယ်။

မေး။ အခုဆိုရင် မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်န်ိုင်ငံဖြစ်တာနဲ့အညီ အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူညီချက်အရ ဒေသတွင်း နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ NTRနဲ့ ပတ်သက်ပြီး တရားဝင်လွှင့်တင်ပေးဖို့ စီမံဆောင်ရွက်ထားတာများရှိရင် သိပါရစေရှင်။

ဖြေ။ မြန်မာနိုင်ငံရဲ့ Myanmar National Trade Repository ကို ဒီလအကုန်မှာ တရားဝင် လွှင့်တင်ပေးနိုင်ဖို့ စီမံဆောင်ရွက်နေပါတယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေနဲ့ စုစည်း ချိတ်ဆက်ထားတဲ့ ATR (Asean Trade Repository) ကိုလည်း တစ်ပြိုင်တည်း ချိတ်ဆက်နိုင်ရေး စီစဉ်ဆောင်ရွက်ပြီးပါပြီ။

ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ တင်သွင်း၊ တင်ပို့လိုတဲ့ ကုန်အမယ် တစ်မယ်ချင်းအလိုက် ကုန်သွယ်မှုကိုသိရှိနိုင်သလို Tariff Nomenclature၊ MFN Rate၊ Form ပုံစံတွေ၊ Legal Documents တွေ၊ Measure and Procedure တွေ၊ လိုအပ်တဲ့ထောက်ခံချက်တွေ၊ လိုင်စင်လိုအပ်သလား၊ မလိုအပ်တဲ့ ကုန်ပစ္စည်းလား စတဲ့ သိရှိလိုတဲ့အချက်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ သိရှိနိုင်မယ်။ အာဆီယံ နိုင်ငံတွေနဲ့ တိုက်ရိုက်စုစည်းချိတ်ဆက်ထားတဲ့ အတွက် မိမိတို့ကုန်သည်လုပ်ငန်း ရှင်တွေ အာဆီယံနိုင်ငံ တွေကို တင်ပို့၊ တင်သွင်းပြု လုပ်မယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံက ချမှတ်ထားတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းတွေ၊ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်တွေကိုလည်း ကြည့်ရှုလေ့လာ နိုင်မယ်။

မေး။ အာဆီယံအသိုက်အဝန်း ဖြစ်ပေါ်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍအတွက်ရော ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားပါသလဲရှင်။

ဖြေ။ အဲဒါကလည်း အတော်အရေးကြီးတဲ့ ပြဿနာပါ။ ကုန်သွယ်မှုဟာ ဒေသတွင်းမှာ သော်လည်းကောင်း၊ နိုင်ငံတကာမှာသော်လည်းကောင်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်လာတဲ့ အနေအထားမျိုး ရှိလာပါ တယ်။ ကိုယ့်နိုင်ငံကလည်း ဒီလွတ်လွတ်လပ်လပ်ကုန်သွယ်မှုမှာ ပါဝင်နိုင်အောင်ဆောင်ရွက်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။

သဘောကတော့ ကုန်သွယ်ဘက်ကကြည့်မယ်ဆိုရင် ပို့ကုန်သွင်းကုန်တွေက အခွန်အကောက် သက်သာစွာနဲ့ အာဆီယံကုန်သွယ်မှုပြုရမှာ ဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှုတိုးမြှင့်လာမှာ သေချာ ပါတယ်။ မြန်မာပြည်မှာက ကုန်ကြမ်းပစ္စည်းနဲ့ စားသုံးကုန်ပစ္စည်းတွေကိုပဲ အဓိက တင်သွင်းနေတာ။ ဒီတော့အာဆီယံဒေသတွင်း နိုင်ငံတွေကနေ ကုန်ကြမ်းပစ္စည်းတွေ၊ စားသုံးကုန်ပစ္စည်းတွေ ဒလဟော ဝင်ရောက်လာတဲ့အခါ ပြည်တွင်းကစားသောက်ကုန် ထုတ်လုပ်ငန်းတွေနဲ့ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမှာပါ။

ဒီတော့ ကိုယ့်ပြည်တွင်းက အသေးစား၊ အလတ်စားလုပ်ငန်းတွေ ကုန်ထုတ်လုပ်မှုကို စရိတ်သက်သာစွာနဲ့ ယှဉ်ပြိုင်နိုင်အောင် အားပေးဖို့ လိုအပ်ပါတယ်။ သိတဲ့အတိုင်းပဲ လယ်ယာကဏ္ဍပဲ ဖြစ်ဖြစ်၊ စက်မှုကဏ္ဍပဲဖြစ်ဖြစ် အခြေခံ အဆောက်အအုံ၊ သက်သာတဲ့ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်၊ ရေတို့အပြင် ပြည်တွင်းကုန်ကြမ်းကို သက်သက်သာသာနဲ့ရရှိမှသာလျှင် အသေးစားလုပ်ငန်းတွေရဲ့ အရည်အသွေး တိုးတက်လာမယ်။ နိုင်ငံတကာက ဝင်ရောက်လာမယ့် ကုန်စည်တွေကို ယှဉ်ပြိုင်နိုင်မယ်။ ဒါကလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ရေရှည် လုပ်ကိုင်ရမယ့်လုပ်ငန်းမျိုးဖြစ်ပါတယ်။ ။