မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးအချက်သည် ပြည်သူပြည်သားများ၏ အရည်အချင်းတန်ဖိုးမြှင့်တင်ပေးရန်ဖြစ်

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၂၂

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၂ ၌ ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးအချက်သည် ပြည်သူ ပြည်သား များ၏ အရည်အချင်းတန်ဖိုးမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ အစိုးရသစ်၏ အခြေခံမူဝါဒများထဲတွင် တရားဥပဒေ စိုးမိုးရေးကို ထိပ်တန်းကထားကြောင်း၊ တချို့က တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တရားဥပဒေနှင့် ဘောင်ခတ်ထားသည်ဟု နားလည်ထားကြသော်လည်း စင်စစ် တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာ ဘောင်ခတ်ခြင်းမဟုတ်ဘဲ အားလုံးအတွက် လုံလုံခြုံခြုံနှင့် တိုးတက်ရန်အတွက် အထောက်အကူပြုသော အရာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိသောနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ်ခေါ်ရန် အခက်အခဲရှိမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၇ဝ ရာခိုင်နှုန်းသော လူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေသောကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် စီးပွားရေးမူဝါဒထဲ၌ ထည့်သွင်းချမှတ်ထားကြောင်း၊ ထိုကဲ့သို့ ချမှတ်ရာတွင် နောင်နှစ်အတွက်၊ နောင်ငါးနှစ်အတွက်မဟုတ်ဘဲ နောက်ဆယ်စုနှစ်အတွက် စဉ်းစားပြီး ရည်ရွယ်ချမှတ်ရခြင်းဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

 

ဦးခင်ရွှေ (ဥက္ကဋ္ဌ၊ ဇေကမ္ဘာကုမ္ပဏီလီမိတက်)

''အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်စီးပွားရေး အရေးယူပိတ်ဆို့မှု ဖြေလျှော့တာနဲ့ ပတ်သက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်ကို အထူးကျေးဇူးတင်ပါတယ်။ အရင်တုန်းကဆိုရင် ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ဒေါ်လာသန်းနဲ့ချီ ကုန်ပါတယ်။ ဒါမျိုးကလည်း ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် အင်မတန်မှ ရှားပါးတဲ့ အခွင့်အရေးပါပဲ။ စီးပွားရေးအရေးယူပိတ်ဆို့မှု ဆက်ရှိနေဦးမယ်ဆိုရင် တိုင်းပြည်ရေး စီးပွားရေးက ဒုံရင်းပါပဲ။ အခုလိုမျိုး စီးပွားရေးအရေးယူ ပိတ်ဆို့မှုမရှိတဲ့အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုရာခိုင်နှုန်းပိုများမယ်။ အရေးကြီးဆုံးကတော့ ရင်းနှီးမြှုပ်နှံမှုအပိုင်းပါပဲ။ အဲဒီထဲကမှ လူသားရင်းနှီးမြှုပ်နှံမှုက တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင် ငြိမ်းချမ်းရေးလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံက သယံဇာတတွေ အလွန်များတယ်။ ချမ်းသာတယ်။ လူတွေက ဆင်းရဲတယ်။ ဂျပန်နိုင်ငံက သယံဇာတမရှိဘူး။ နိုင်ငံကဆင်းရဲတယ်။ လူတွေက ချမ်းသာတယ်။ ဘာကြောင့်လဲဆိုရင် လူသားအရင်းအမြစ်တိုးတက်လာလို့ပဲဖြစ်တယ်။ သယံဇာတ ဆိုတာက ထုတ်ယူသုံးစွဲရင် ကုန်ကုန်သွားတယ်။ ဥပမာ သစ်တောတွေ၊ ကျောက်တွေ၊ သား၊ ငါးတွေ ကုန်သွားနိုင်ပေမယ့် လူသားအရင်းအမြစ်ဆိုတာက ထုတ်သုံးလေ ပိုများလေပဲ။ စင်ကာပူမှာ ဆိုရင် သယံဇာတမထွက်ဘူး။ လူသား အရင်းအမြစ်နဲ့ပဲ စီးပွားရေးလုပ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူသားအရင်း အမြစ်မွေးရမယ်။ လူသားအရင်းအမြစ်မွေးဖို့အတွက် သင်တန်းကျောင်းတွေ၊ စက်မှု ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်းတွေကို ဦးစားပေးရမှာဖြစ်ပါတယ်။ တက္ကသိုလ် တက်ပြီးတော့ အလုပ်မရတာနဲ့ စာရင် စက်မှုအထက်တန်းကျောင်း တွေ၊ ပန်းရန်တို့၊ ဝပ်ရှော့တို့၊ လက်သမားတို့လို လူသားအရင်းအမြစ်တွေ ထွက်လာရင် တိုင်းပြည်မှာ သူ့ကဏ္ဍနဲ့သူ တာဝန်ထမ်းဆောင်နိုင်ပြီး နိုင်ငံက တစ်ရှိန်ထိုး တိုးတက်လာမှာပါ။

 

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ အနှစ် ၃ဝ က တရုတ်ပြည်နဲ့တူပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃ဝ က တရုတ်ပြည်ရဲ့ စီးပွားရေးအစဟာ လမ်းပေါ်ရောက်ခဲ့ပါတယ်။ အခု တရုတ်ပြည် ဖွံ့ဖြိုး တိုးတက်နေပြီ။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ လမ်းပေါ် ရောက်နေပါပြီ။ နောင် အနှစ် ၃ဝ ရောက်ရင် တရုတ်ပြည်လိုပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်''ဟု သုံးသပ်သည်။

 

ဦးကိုကိုထွေး (ဥက္ကဋ္ဌ၊ တော်ဝင်မိသားစုဆောက်လုပ်ရေးကုမ္ပဏီ)

''လုပ်ငန်းတွေအားလုံးရဲ့ အရေးကြီးဆုံးက ငွေပင်ငွေရင်းပါ။ ဒုတိယက နည်းပညာပါ။ တတိယ အရေးကြီးတာက ကျွမ်းကျင်တဲ့လူငယ်တွေပါ။ ဒါတွေ သာရှိရင် အလုပ်ဖြစ်ပါပြီ။ ပုဂ္ဂလိက လုပ်ငန်းရှင် တွေထဲမှာ ဖန်တီးပေးနိုင်တဲ့သူ တွေရှိတယ်။ ဖန်တီးပေးချင်တဲ့သူတွေရှိတယ်။ လူတိုင်းကိုရောပြီးတော့ ခရိုနီတွေ ကိုယ်ကျိုးတွက်ပဲလုပ်သွားတယ်လို့တော့ ပြောလို့မရပါဘူး။ ဥပမာ ကျွန်တော်ဆိုရင် ဘယ်သူမှ မလုပ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေဆောက်ပါတယ်။ တစ်ခန်းကို သိန်းနှစ်ရာ တင်ရောင်းလို့ ရပါတယ်။ ဒီထက်မကမြတ်သွားတဲ့သူတွေလည်းရှိ ပါတယ်။ တစ်ခန်းသိန်းနှစ်ရာသာ တင်ရောင်းမယ် ဆိုရင် အခန်း ၃၅ဝဝ တွက် သိန်းပေါင်း ခုနစ်သိန်းကျော်မြတ်နေပါပြီ။ အဲလိုအမြတ်တွေမယူဘဲ ဘာလို့ ရောင်းခဲ့တာလဲ။ အများပြောနေတဲ့ ခရိုနီတိုင်းက ကိုယ်ကျိုးတွက်ချည်းပဲလုပ်နေ ကြတာမဟုတ်ပါဘူး။ နောက် တောင်သူလယ်သမားတွေပေါ့။ ကိုယ်စိုက်တဲ့ မြေပေါ်မှာ ဘယ်လိုမျိုးစေ့စိုက်မယ်၊ ဘယ်လို ရာသီဥတု အခြေနေမျိုး ဖြစ်ရမယ်၊ ဘာဓာတ်မြေဩဇာသုံးရမယ်၊ ဘယ်အသီးအနှံတွေစိုက်ရင် အကျိုး ဖြစ်ထွန်းမယ်၊ ဘယ်လိုဈေးကွက်ရှိတယ်ဆိုတာ သူတို့ထဲထဲဝင်ဝင် နားမလည်ကြပါဘူး။ မတ်ပဲ ကောင်းတယ်ဆိုလို့ မတ်ပဲတွေ ဝိုင်းစိုက်လိုက်ကြတယ်။ နောက်နှစ်ကျ မတ်ပဲဈေးတွေကျသွားမယ်၊ အရှုံးတွေနဲ့ရင်ဆိုင်ရမယ်။ ဒါမျိုးတွေ မဖြစ်အောင် နိုင်ငံတော်က နည်းပညာတွေ၊ ပညာရှင်တွေ ပံ့ပိုးဖို့ လိုပါမယ်။ ဒါမှ တောင်သူ တွေအတွက် တကယ်အကျိုးရှိမှာပါ။

 

ပေါ်လစီတွေပြောသွားတာ ကောင်းပါတယ်။ အကောင်ထည်ဖော်တဲ့ ပိုင်းမှာ အားနည်းနေပါ သေးတယ်။ ပြောပြီးရင် လုပ်နိုင်ဖို့လိုပါမယ်။ လုပ်မယ့်သူတွေလည်းလိုပါတယ်။ ပြောသမျှလုပ်နိုင်ပါမှ ကျွန်တော်တို့နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာပါ။ အဓိကစိတ်မကောင်းဖြစ်ရတာက ကျွန်တော်တို့ နိုင်ငံသားတွေက တခြားနိုင်ငံတွေမှာ ဆင်းရဲပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် နေရတာကိုပါ။ ကျွန်တော်တို့နိုင်ငံမှာသာ သူတို့ကိုလစာကောင်းကောင်းပေးပြီး အလုပ်ပေးထားနိုင်မယ်ဆိုရင် မိတကွဲဖတကွဲ သွားစရာအကြောင်းမရှိဘူး။ ဖြစ်သလိုနေဖြစ်သလိုစားနေရတဲ့ တစ်ဖက်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ကယ်တင်ချင်တယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးပါ။လုပ်ငန်း ရှင်တွေကိုအားပေးရင် အလုပ်သမားဆိုတာရှိလာပါမယ်။ အလုပ်သမားရှိရင် နိုင်ငံမှာရှိတဲ့လူတွေ အလုပ်အကိုင် အခွင့်လမ်းတွေ ပွင့်လာမယ်။ ဒီလိုဆိုရင် ဟိုတစ်ချိန်ကလိုမျိုး တခြားနိုင်ငံက လူတွေတောင် ကိုယ့်နိုင်ငံမှာ အလုပ်လာလုပ် ရတဲ့ခေတ်ပြန်ရောက်လာမှာပါ''ဟုပြောသည်။

 

ဦးညိုမြင့် (Senior Managing Director ၊ ကမ္ဘောဇဘဏ်)

''ဒီနေ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးတို့ပြောသွားတာတွေ အကုန်ကောင်းပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းပါမှ စီးပွားရေးဖွံဖြိုး တိုးတက်မယ်။ စီးပွားရေးဖွံဖြိုးတိုးတက်မှ ပြည်သူတွေရဲ့ လူနေမှုအဆင့်တန်း မြင့်မားလာမှာပါ။ ပြည်သူရဲ့အရည်သွေးတွေတိုးတက်လာပါမှ နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲမှာပါ။တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ နိုင်ငံတော်အနေနဲ့ ဥပဒေတွေပြင်ပေးမယ်၊ လုံခြုံမှုတွေပေးမယ်၊ လိုအပ်တဲ့ အထောက်အပံ့တ ွေပေးမယ်ဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အားတက်စရာပါပဲ။ စီးပွားရေး တိုးတက်ရာတိုးတက် ကြောင်းအတွက် ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပဲလို့ဆိုနိုင်ပါတယ်။ ကိုယ့်တစ်ယောက်တည်း ကြီးပွားတိုးတက်ဖို့မဟုတ်ဘဲနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံလည်း တိုးတက်အောင်ပါ ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ဘဏ်အနေနဲ့ တိုင်းပြည် ဖွံ့ဖြိုးမယ့် ကဏ္ဍတွေအတွက် ချေးငွေတွေ ထုတ်ချေးပါတယ်။အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ အတွက်လဲ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့အချက်အလက်တွေနဲ့ပြည့်စုံမယ်ဆိုရင် ထုတ်ချေးပေး ပါတယ်။ စိုက်ပျိုးရေးကဏ္ဍကို တိုက်ရိုက်မဟုတ်ပေမယ့် အဲဒီကဏ္ဍတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေ အတွက်လည်း ထုတ်ချေးပေးပါတယ်။ အတိုးနှုန်းကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ အတိုင်းပါပဲ။ ဗဟိုဘဏ်ကနေ ပြုပြင်ပြောင်းလဲတဲ့မူဝါဒအတိုင်း အတိအကျ လိုက်နာဆောင်ရွက် သွားမှာပါ'' ဟုပြောသည်။

 

ဒေါ်ခိုင်ခိုင်နွယ် (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ UMFCCI)

''အခုနိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေက ထွက်လာပြီဆိုတော့ တော်တော် ဖြေလျှော့ပြီး ဖိတ်ခေါ် ထားတာလို့ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးထပ် လာမယ်လို့ ယုံကြည်ပါတယ်။ လုပ်လက်စ လုပ်ငန်းတွေ လဲ အားပိုရှိလာမယ်။ ဈေးကွက် ကျယ်လာတဲ့သဘောပါ။လမ်းစတွေပွင့်လာပြီ။ ဒီနေ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတဲ့အချက်တွေမှာ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ အများကြီး ဆိုတာပြောသွားတယ်။ နှေးနေ တာကို ဝန်ခံတယ်။ ဒါကြောင့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်တွေကော၊ အစိုးရကော အားလုံး ပူးပေါင်း ဆောင်ရွက်ပါ။ အားလုံး ရဲ့အားနဲ့လုပ်မယ်ဆိုရင် အောင်မြင်မယ်ဆိုတာ ယုံကြည်တယ်ဆိုတာမျိုး ပြောသွားတာ တွေ့ရတယ်။

 

နောက်ပြီး လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ဖို့က အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာ ညွှန်ပြ သွားတယ်။ လူ့စွမ်းအားအရင်းအမြစ်မှာ ရင်းနှီးမြှုပ်နှံမှု ကောင်းကောင်းလုပ်နိုင်ရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှာပါ။ ဥပမာ ဂျပန်ဘဏ်က ပြောသွားသလိုမျိုးပေါ့။ ဒီမှာဘဏ်လာဖွင့်တယ်၊ လူ လေးထောင်ကျော် လောက်ကို သင်တန်းပေးနိုင်တယ်။ဒီလိုဆိုရင် သူလည်းလုပ်ငန်းရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။ ကိုယ့်ရဲ့လူထုအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာတွေ ရသွားမယ်။ နှစ်ဖက် အဆင်ပြေပြီး တိုင်းပြည်အတွက်ကောင်းသွားမယ်။

 

လမ်းစလေးတွေ ချပြသွားတာတွေ့ရပါတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း ပြည်တွင်းမှာ ရှိတဲ့ သူတွေကို အလုပ်ပေးဖို့ကော ပြည်ပကိုထွက်လုပ်နေတဲ့ သူတွေကို အလုပ်ပေးနိုင်ဖို့ကော နှစ်မျိုး တွေးကြပါတယ်။ ပြည်ပမှာ အလုပ်လုပ် ကြတဲ့သူတွေက အထိုက်အလျောက်တော့ အတွေ့အကြုံ ရှိပြီးသား လူတွေပါ။သူတို့နဲ့သင့်တော်တဲ့နေရာတွေမှာ အလုပ်အကိုင် ဖန်တီးပေးဖို့တွေးပြီး ဆောင်ရွက် နေတာတွေ အများကြီးရှိပါတယ်'' ဟု ပြောသည်။