ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အပါအဝင် ပြု ပြင်ပြောင်း လဲမှုများစွာဖြင့် ပညာရေးဝန်ကြီးဌာန ရက်ပေါင်း ၁၀၀ ခရီးစတင်

Printer-friendly versionSend by email

ကျောင်းဝတ်စုံအဖြူ၊ အစိမ်းကို ဝတ်ဆင်ထားသည့် ကျောင်းသား ကျောင်းသူများ ကျောင်းအသီးသီးသို့ မိဘအုပ်ထိန်းသူများနှင့်အတူ ဝင်ရောက်လာကြသည်။ ဆရာ၊ ဆရာမများ၏ ကျောင်းဝင်ခွင့် လက်ခံရာ နေရာများ တွင် ပျားပန်းခတ်မျှ များပြားသည့် ကျောင်းအပ်နှံသူများဖြင့် စတင်သက်ဝင် စည်ကားနေပြီ။ မကြာမီ ရက်ပိုင်းတွင် ကျောင်း ခေါင်းလောင်းသံများ တညံညံဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ ပထမရက်များ ဖွင့်လှစ်ကြတော့မည် ဖြစ်သည်။

 

တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်တိုင်း ပညာသင်ယူခွင့်ရရှိနိုင်ရေးသည် ပညာရေးဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ အစိုးရသစ် တက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်း ပညာရေး ဝန်ကြီးဌာနမှ ကျောင်း သားကျောင်းသူ အားလုံး အတွက် မြင့်မားသည့်ရည်ရွယ် ချက်ဖြင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် ရှစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်းသိရသည်။

 

“နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးနဲ့ ပညာရေးကဏ္ဍဟာ သက်ဆိုင်ပါတယ်။ အိမ် တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ကျောင်းသားကျောင်း သူတွေရှိတာ ကြောင့် အားလုံးသိရှိထားပြီး ညီညီညွတ်ညွတ် အင်တိုက် အားတိုက်နဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေတဲ့အချိန် ဖြစ် ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

 

ကျောင်းအပ်နှံရေးသီတင်းပတ်လုပ်ငန်းစဉ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာမူလတန်း ပညာရေးကို မူလတန်း အရွယ် တိုင်း သင်ယူခွင့် ရရှိနိုင်ရေးနှင့် မူလတန်း ပညာသင်ယူပြီးမြောက်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

 

“ဒီနှစ်ကနေ စတင်ပြီး KG+12 အခြေခံပညာရေးစနစ်အတွက် KG သင်ရိုး အသစ်အရ ဆရာကိုင် စာအုပ်အသစ် အသုံးပြုပြီး စတင် အကောင် အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မသင်မနေရ KG အဖြစ် သတ်မှတ်မထားပါဘူး။ ကျောင်း သား ကျောင်းသူတွေအတွက်ကိုလည်း တူညီဝတ်စုံ (School Uniform) တစ်စုံစီ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ KG သင်ရိုးအသစ်နဲ့ ကာယ၊ ဉာဏဖွံ့ဖြိုးမှုနဲ့ လိုက်လျော ညီထွေ ဖြစ် တဲ့ ပြုစု ပျိုးထောင်မှုနဲ့ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။ Grade 2,3,4,5 အတန်း တက်ကြမယ့် အခြေခံပညာမူလတန်း ကျောင်းသားကျောင်းသူ အားလုံး အတွက် ကျောင်းဝင်ကြေး အပါအဝင် မည်သည့် ငွေကြေးကိုမျှ လက်ခံသွားမှာ မဟုတ် ပါဘူး။ ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ် ခြောက်အုပ်စီကို အခမဲ့ ပေးဝေသွား မှာ ဖြစ်တဲ့အပြင် တူညီကျောင်းဝတ်စုံ တစ်စုံစီကိုလည်း အခမဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါ တယ်။ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားကျောင်းသူ အားလုံး အတွက်ကတော့ ကျောင်းသုံးဖတ် စာအုပ်တွေကို အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်း လခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနဲ့ စာကြည့် တိုက်ကြေး စတဲ့ မည်သည့် ငွေကြေးကိုမှ မပေးဆောင်စေရဘဲ လက်ဆောင်ပစ္စည်း လက်သင့်မခံတဲ့ ကျောင်းအပ်နှံရေးကို အကောင် အထည်ဖော်မှာ ဖြစ် ပါတယ်”ဟု ပညာရေး ဝန်ကြီးက ရှင်းပြသည်။

 

ကလေးများ၏ ဘ၀၊ ဉာဏ ဖွံ့ဖြိုးမှုနဲ့ လိုက်လျောညီထွေဖြစ်သည့် သင်ကြား သင်ယူမှုများ ဖြစ်ပေါ် လာစေရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ဘ၀၏ အခြေခံကောင်းပေး အပ်သည့်ပညာရေး၊ အချက်အလက် အထောက် အထားများဖြင့် ကလေး၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို အားပေးကာ အမှားကို မှန်အောင် ပြင်ပေး၊ မှန်သည်ကို ပိုကောင်းအောင် ပြုစုပျိုးထောင်နိုင် သည့် အခြေခံအုတ်မြစ်ကောင်းသော မူလတန်း ပညာရေး ဖြစ်စေရေး အတွက် အားနည်းချက်များကိုပြုပြင်ရန် ပညာရေးဝန်ကြီးဌာနက ကြိုး ပမ်းနေခြင်းဖြစ် သည်။

 

ထို့ပြင် အဆင့်မြင့်ပညာရေးလက်အောက် တက္ကသိုလ်များနှင့် TVET တို့ကို ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်သည် အထိ အရည်အသွေးမြှင့်တင်နိုင်ရန် အတွက် မူလတန်း ပညာရေးသည် အခြေခံအုတ်မြစ် ဖြစ်ခြင်းကြောင့် မူလတန်းကလေးများအား သင်ကြား ပို့ချပေးနေသည့် ဆရာ၊ ဆရာမများ၏ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ အရည်အသွေး ပြည့်ဝမှုကို ထိန်းသိမ်းမြှင့် တင်ပေးရန်နှင့် အလယ်တန်း၊ အထက်တန်းပြ ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြင့်မားရေးအတွက် လုပ်ငန်းခွင်အကြို သင်တန်းများနှင့် လုပ်ငန်း ခွင်သင်တန်းများကို ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေး အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၆-၁၇ ပညာသင်နှစ်မှစတင်၍ ကျောင်းအဆင့် တိုးမြှင့်ရေး မူဝါဒများကို ဖြေလျော့ပြီး အမက၊ မူလွန်၊ အလက(ခွဲ)၊ အလက၊ အထက (ခွဲ)၊ အထက စတဲ့ အခြေ ခံပညာကျောင်းပေါင်း ၃၃၁၂ ကျောင်း ကို ကျောင်းဖွင့်အမီ တိုးမြှင့်ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်ဆောင် ရွက်ပေးနေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားပြီး ဇွန် ၂၀ ရက်မှ ဇူလိုင် ၉ ရက်ကာလကို ကျောင်းသန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ မိဘများ၊ မိဘ ဆရာ အသင်းဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။

 

ကျောင်းဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် လစာထုတ်ယူ ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လစာအပြည့်အဝမရရှိသည့် အခက်အခဲများ ပြေလည်နိုင်ရန်အတွက် ဘဏ်စာရင်းမှ လွှဲပြောင်း ထုတ်ယူနိုင်ရန်အတွက်လည်း ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

“မြို့ပေါ်ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) ပုဂ္ဂလိကဘဏ်တွေနဲ့ နီးတဲ့ ကျောင်းတွေအားလုံးက ဆရာ၊ ဆရာမတွေ၊ စီမံအရာထမ်း အမှုထမ်းတွေရဲ့ လစာငွေကို ဘဏ်စာရင်းကနေ လွှဲပြောင်း ထုတ်ယူနိုင်ရေး အတွက် စီစဉ်နေပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ပေါ်ရှိ တဲ့ မြန်မာ့ စီးပွားရေးဘဏ် (သို့မဟုတ်) ပုဂ္ဂလိကဘဏ်တွေနဲ့ နီးတဲ့ အခြေခံပညာကျောင်း ၁၇ ကျောင်းနဲ့ တက္ကသိုလ် လေးခုတို့မှာ လစာငွေကို ဘဏ် စာရင်းကနေ လွှဲပြောင်းထုတ်ယူနိုင်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကမ္ဘောဇဘဏ်တို့နဲ့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

 

လုပ်သက်ရင့်၊ ဝါရင့် တက္ကသိုလ်ကထိက ဆရာ၊ ဆရာမအများစုသည် အသက် အရွယ်နှင့် တာဝန် ဝတ္တရားများကြောင့် ပုံမှန်ပါရဂူသင်တန်းများအား တက်ရောက်နိုင် ခြင်းမရှိသည့်အတွက် ရာထူးတိုးရန် ကြန့်ကြာမှုများကို ကုစားနိုင်ရေးအတွက် လုပ် သက်များအရ စွမ်းဆောင်ရည်ဆိုင်ရာ သုတေသန စာတမ်းပြုစုတင်သွင်းဖတ်ကြား ခြင်းဖြင့် ပါရဂူဘွဲ့ သင်တန်းတွေ ကို တက်ရောက်နိုင်ရန် ၁၀ နှစ်မှ သုံးနှစ်သို့ ဖြေလျော့ ပေးခြင်းများ စတင်ခဲ့ ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

 

ထို့ပြင် ပညာရေးဆုံးခန်းမတိုင်သူများ လျှော့ချရေးနှင့် အလုပ်လက်မဲ့ လျှော့ ချ ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ တိုင်းပြည်လုပ်အားစု တိုးမြှင့်ရေး၊ နိုင်ငံတော် အသားတင်ဝင်ငွေတိုးတက်ရေးတို့တွင် နည်းပညာနှင့် သက်မွေးပညာမှာ အရေးကြီးသည့် ကဏ္ဍဖြစ်ခြင်းကြောင့် ဒေသ လိုအပ်ချက် အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်လုပ်သားများနှင့် နိုင်ငံတော် လိုအပ်ချက်အတွက် စက်မှုဇုန်တွေများနှင့် အထူးစီးပွားရေးဇုန်များတွင် ကျွမ်းကျင်လုပ်သား လိုအပ်ချက် များကို လေ့လာသုံးသပ်အကြံပြုတင်ပြခြင်းနှင့် စီမံကိန်းချမှတ် အကောင်အထည်ဖော်ခြင်း များကို ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် သွားမည်ဖြစ်သည်။

 

“အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာရေးနဲ့ သင်တန်း ကဏ္ဍတွေအားလုံးမှာ ဆရာ၊ ဆရာမတွေ အတန်းဝင်ရောက် ပို့ချမှုတွေ ကို စစ်ဆေး အကဲဖြတ်ခြင်း ပြုလုပ်မှာဖြစ်ပါတယ်။ အခြေခံ ပညာကျောင်းသားကျောင်းသူတွေရဲ့ သင်ယူတတ်မြောက်မှု အရည် အသွေးမြင့်မားမှုအတွက် ဆရာ၊ ဆရာမတွေ ကျောင်း တက်မှန်ကန်ရေး၊ အတန်းဝင်ချိန် မှန်ကန်ရေး၊ နောက်ကျမှုမရှိစေရေးကို မိဘပြည်သူ တွေ နဲ့ ကျောင်းအုပ်ကြီးတို့ရဲ့ အကဲဖြတ်မှုနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဆရာ၊ ဆရာမများ၏ အရည်အသွေးစစ်ဆေးမှုများ ပြုလုပ်မည့် အစီအစဉ် ကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားသည်။

 

ထို့ပြင် အဆင့်မြင့်ပညာတွင်လည်း ကျောင်းသားကျောင်းသူများ၏ Assessment ဆောင်ရွက်မှုအပြင် ပါမောက္ခချုပ်၊ ပါမောက္ခအဖွဲ့များဖြင့် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာရေးအဆင့်အသီးသီးကို ဆုံးခန်းတိုင် မသင်ကြားခဲ့ရသူ များအား ထိုပညာရေး အဆင့်ပြီးမြောက်စေရန်နှင့် ကျောင်းပြင်ပမှ ပညာသင်ကြားလိုသူများ ဆက်လက် ပညာ သင်ကြားနိုင်ရန်အတွက် အမျိုးသားပညာ ရေး ဥပဒေ ပုဒ်၃၂ (ခ)နှင့် အညီ ဆောင်ရွက်ပေးရန်အတွက် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

 

“မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေး ၂ ဒသမ ၇သန်း ခန့်ဟာ ကျောင်း ဝင်ရောက်မှု မရှိသူတွေနဲ့ ကျောင်းထွက်စောတဲ့ ကလေးတွေ ဖြစ်ကြပါ တယ်။ ဒါ့အပြင် အသက် ၁၅ နှစ်နဲ့အထက် သက်ကြီးစာမတတ်သူကလည်း ၃ ဒသမ ၅ သန်းခန့်ရှိနေတာကို တွေ့ရ ပါတယ်။ ကျောင်းပြင်ပရောက်ကလေးတွ၊ ကျောင်းကနေ စောစောစီးစီး ထွက်သွားရသူတွေနဲ့ စာမတတ်သူတွေ အတွက် ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်တာကြောင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ပုဒ်မ (၂၉)၊ ပုဒ်မခွဲ(ခ)နဲ့အညီ ပညာသင်ယူမှု မပြီးဆုံးမီ အကြောင်းအမျိုးမျိုးနဲ့ ပညာသင်ယူမှု ရပ်တန့် ခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေအတွက် သင့်လျော်တဲ့ ပညာသင်ယူခွင့် တစ်ခုခု ပြန်လည်ရရှိစေဖို့ လိုအပ်တဲ့ အစီအမံတွေ ထားရှိမယ့်စနစ်ကို Alternative Education လို့သတ်မှတ်ပြီး အကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်များအနက် မှ နောက်ဆုံး စီမံချက်ဖြစ်သော Alternative ပညာရေးအကြောင်းကို ရှင်းပြသည်။

 

အဆိုပါပညာရေးအစီအစဉ်သည် လက်ရှိဆောင်ရွက်နေသည့် ကျောင်းပညာရေးအပြင် ပညာစတင် သင်ယူနိုင်သည့် အရွယ်မှ ကွယ်လွန်သည့်တိုင် ဘဝသက်တမ်း တစ်လျှောက် သင်ယူသူများအတွက် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် စနစ်တကျ ဖွဲ့စည်းထားသည့် ပညာရေးအစီအစဉ် တစ်ခုဖြစ် သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကြိုတင် ကြေညာထားခဲ့ဖူးသည့် မူလတန်းပညာသင်ယူနိုင်ရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများနှင့် ဝေးလံသော ဒေသများတွင်နေ ထိုင်သည့် ကလေးများစသည့် ကလေးများအတွက် အလေး ထားသည့် ပညာရေးအစီအစဉ်များ ဖော်ဆောင် ပေးမည်ဟူသည့် ကတိ စကားအတိုင်း ပညာရေးဝန်ကြီးဌာနသစ်သည် ရက် ၁၀၀ စီမံချက်များကို ချမှတ်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

 

ထို့ပြင် မကြာမီရက်ပိုင်းအတွင်း ဖွင့်လှစ်မည့် ပညာသင်နှစ်သစ် အတွက် ရွေ့လျား သို့မဟုတ် အိုးအိမ်နှင့် ရပ်ရွာအတည်တကျမရှိသည့် ကလေးများ၊ တိုင်းရင်းသားများနှင့် မသန်စွမ်းကလေးများ၊ ပဋိပက္ခ ဖြစ်ပွားရာဒေသများမှ ကလေးများအတွက် ဆီလျော် သည့် ပညာရေးအစီအစဉ်များ ကို ထည့်သွင်း ထားရာ အရည်အသွေးပြည့်ဝသည့် ပညာရေး၏ အနှစ်သာရကို မြင်တွေ့နိုင်တော့မည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။