ဆော့ကစားသောကလေးများသည် စူးစမ်းလိုစိတ်ရှိသဖြင့် သင်ယူလိုသောစိတ်ဖြစ်အောင် ဆရာ ဆရာမများက ပြုပြင် ဆရာ ဆရာမများအနေဖြင့် ပီတိစား၍ ဆောင်ရွက်ရမည်မှာ လက်တွေ့မကျသဖြင့် လူမှုဘဝပြည့်စုံရေး စဉ်းစားရမည်

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၄

အနာဂတ်ကာလကောင်းမွန်ရေးသည် ပညာရေးအပေါ်မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးသည် ဆရာ ဆရာမများအပေါ် မူတည်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို မှတ်ဉာဏ်ကောင်းအောင် သာမက တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်သည့်ဉာဏ်ပညာရရှိအောင် သင်ကြားပေးပြီး သင်ယူသူများက နိုင်ငံကောင်းအောင်၊ ကမ္ဘာကြီး ကောင်းအောင် ဆောင်ရွက်နိုင်မှု ကသာ ဆရာ ဆရာမများ၏ အောင်မြင်မှုကို တိုင်းတာသော စံများဖြစ်ကြောင်း ပြောကြားသည်။

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အားကစားကျေးရွာ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသော ပညာရေး ဝန်ကြီးဌာန ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာအတတ်ပညာကဏ္ဍ) ဖွင့်ပွဲအခမ်းအနား တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ပညာရေးဝန်ကြီးဌာန သင်ကြားရေး လုပ်ငန်းတွင် အမျိုးသားဆရာ အင်အားနည်းပါးနေပြီး အမျိုးသမီးဆရာမ အင်အားများနေခြင်းကို စဉ်းစားကြရမည်ဖြစ်ကြောင်း၊ ဆရာဗဟိုပြု သင်ကြားနည်း၊ ကျောင်းသား ကျောင်းသူ ဗဟိုပြု သင်ကြားနည်း၊ ဗဟုသုတ ဗဟိုပြုသင်ကြားနည်း ဟူ၍ သင်ကြားနည်း သုံးမျိုးရှိကြောင်း၊ ဗဟုသုတ ဗဟိုပြုသင်ကြားနည်းထက် သင်ယူခြင်းကို ဗဟိုပြုသင်ကြားနည်းက ပိုမိုအရေးပါ ကျယ်ပြန့်မည်ဖြစ်ကြောင်း၊ သင်ယူခြင်းကို တစ်သက်တာလုံး ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကလေးများသည် အမေးအမြန်းထူတတ်ရာ စိတ်ရှည်လက်ရှည် ဖြေကြားပေးရမည်ဖြစ်ကြောင်း၊ ရှေးဟိန္ဒူဒဿနိကအရ ဆရာဝန်၊ မင်း၏ အတိုင်ပင်ခံနှင့် ဆရာများသည် လုံးဝမုသားမပြောရသော ပုဂ္ဂိုလ်များဟု သတ်မှတ်ထားပါကြောင်း၊ တပည့်များကို သင်ကြားပေးသော ဆရာ ဆရာမတို့သည် ဘယ်သောအခါမှ မုသားမပြောဆိုကြရဘဲ ဖြောင့်ဖြောင့် မတ်မတ် ပြောဆိုဆက်ဆံရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများသည် တပည့်များကို ရင်သွေးပမာ စေတနာထားကာ ခွဲခြားဆက်ဆံခြင်းမပြုဘဲ စာမတော်သူ၊ စာညံ့သူများကို အထူးဂရုစိုက် သင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ တိုးတက်မှုအတွက် ဆောင်ရွက်ရာတွင်လည်း ဝင်ငွေနည်း သော ပြည်သူများ၏အခြေအနေကို အလေးထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ကျောင်းသားများ၏ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု(Intelligence Quotient-IQ) သာမက နှလုံးသား ဆိုင်ရာဖွံ့ဖြိုးမှု (Emotional Quotient- EQ) များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သိမှုဆိုင်ရာဖွံ့ဖြိုးမှု (Spiritual Quotient-SQ) ကိုလည်း မြှင့်တင်ရန် လို၊ မလိုကို ဆရာ ဆရာမများ အနေဖြင့် စဉ်းစားကြရမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများကိုယ်တိုင်ကသင်ယူလိုစိတ်ရှိနေမှသာ တပည့်များကို သင်ယူလိုစိတ် များမွေးဖွားပေးနိုင်မည်ဖြစ်ကြောင်း၊ မူလတန်းဆရာ ဆရာမများသည် အခြေခံ ပညာရေးတွင် အရေးပါသူများဖြစ်ကြောင်း၊ ကလေးများကိုကျောင်းနေစအရွယ်မှစ၍ သင်ယူ လိုသည့် စိတ်၊ ပညာကိုလေးစားတန်ဖိုးထားသည့်စိတ်များကို လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ တစ်ခါ တစ်ရံတွင် ဆော့ကစားချင်သောကလေးများသည် အလွန်တော်သော ကလေးများ ဖြစ်တတ် ကြောင်း၊ ဆော့ကစားချင် သောစိတ်သည် ကမ္ဘာကြီးကို စူးစမ်းလိုသောစိတ်ဖြစ်သဖြင့် ထိုစူးစမ်း လိုသောစိတ်မှသည် သင်ယူလိုချင်သောစိတ်ဖြစ်အောင် ဆရာ ဆရာမများက ပြုပြင်ပေးကြရမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာ ဆရာမများ၏ အခက်အခဲများကို သိရှိပါကြောင်း၊ ပီတိစား၍ ဆောင်ရွက်ရမည်ဆိုသည်မှာလည်း လက်တွေ့မကျသဖြင့် ဆရာဆရာမများ၏ လူမှုဘဝ ပြည့်စုံရေး ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ စာမေးပွဲစနစ်၊ သင်ယူမှုစနစ်များကိုလည်း ပြောင်းလဲ ဆောင်ရွက်ရမည့်အပြင် ပညာရေးအသုံးစရိတ်များကိုလည်း တိုးမြှင့်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများကိုလည်း ဆရာ ဆရာမများ၏ စာသင်ပေးခြင်း တန်ဖိုးကို နားလည်အောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို အတွေ့အကြုံဖလှယ်ခြင်းနှင့် မတူညီသော အမြင်များကို ညှိနှိုင်းဆောင်ရွက်တတ်ခြင်းက သင်ယူခြင်းဖြစ်သည်ကို သိရှိနားလည်စေပြီး ပညာရှိ များ၏ စိတ်နေသဘောထားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကိုလည်း အမှတ်များများ ရခြင်း၊ ဂုဏ်ထူးများများထွက်ခြင်းထက် အနာဂတ်မြန်မာ နိုင်ငံတော်ကို ကောင်းသထက်ကောင်းအောင် ဘယ်လိုတည်ဆောက်မည်က ပို၍အရေးကြီးကြောင်းကို သိရှိနားလည်အောင် သင်ကြားပေးကြပါရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အထူး ဖိတ်ကြားထားသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ပညာရေးကောလိပ်များမှ ဆုရသင် ထောက်ကူပစ္စည်းများနှင့် မှတ်တမ်းမှတ်ရာများ ခင်းကျင်း ပြသထားမှုများကို ကြည့်ရှုသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပညာရေးမြှင့် တင်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာ အတတ်ပညာကဏ္ဍ) ပထမနေ့အစီအစဉ်အရ စာတမ်းဖတ်ပွဲများကို ဆက်လက်ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ သုံးခွမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါက်တာမျိုးမြင့်၊ အထူးဖိတ်ကြားထားသောပညာရှင်ကြီးများ၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ တက်ရောက်ကြသည်။