အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၂၃

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့် ငါးနှစ်တာကာလအတွင်း ကျောင်းသားလူငယ်များနှင့် အရွယ် ရောက်သည့်သူများအားလုံး၏ ဘဝတစ်သက်တာ ပညာသင်ယူမှုရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အဓိကထား ပြောင်းလဲရမည်ဖြစ်ပါ ကြောင်း၊ ယင်းပြောင်းလဲခြင်းကို ပညာရေးမှစရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းကို ချမှတ်ထားပြီး ယင်းစီမံကိန်း အောင်မြင်ရန်အတွက် အဓိက ဘာလိုအပ်သလဲ ဆိုသည်ကို အားလုံးစဉ်းစားရမည် ဖြစ်ပါကြောင်း။

 

ပညာရရှိရေးတွင် အရေးကြီးဆုံးမှာ သင်ယူချင်စိတ်ပင်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများ၊ ပညာရေး မူဝါဒများကို ချမှတ်ပြီး အကောင်အထည်ဖော် ဦးဆောင်နေသည့် ပုဂ္ဂိုလ်များအားလုံးက သင်ယူချင် စိတ်များပေါ်လာအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သင်ယူချင်စိတ် လူငယ်များအကြား ထွန်းကားအောင် လုပ်ဆောင်ရန် သင်ပေးသူများ ကိုယ်တိုင်သင်ယူချင်စိတ်ရှိရန်လိုပါကြောင်း၊ တစ်သက်တာ ဆက်ပြီး သင်ယူနေရမည် ဖြစ်ပါကြောင်း၊ မိမိတို့တစ်သက်တာ သင်ယူနိုင်သည့် စိတ်ဓာတ်၊ သင်ယူချင် သည်စိတ်ဓာတ်ကို သင်ပေးသူများတွင် ရှိရမည်ဖြစ်ပါကြောင်း၊ သို့မှသာ သင်ကြားခံရသူများ ကိုယ်တိုင်လည်း အလားတူ စိတ်ဓာတ်များ ပွားများလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သို့သော စီမံကိန်းများ ရေးဆွဲ၊ ရေးဆွဲ အောင်မြင်ရန်အတွက် ပါဝင်သူ အားလုံးက အောင်မြင်မှုကို ဦးတည်နိုင်ရန် လိုပါကြောင်း။

 

ပညာရေးစီမံကိန်းများကို ဦးဆောင်ပြီး အကောင်အထည်ဖော်သူအားလုံးသည် မိမိတို့ကိုယ်တိုင် သင်ယူစရာ အများကြီးရှိသေးသည် ဆိုသည့် စိတ်ဓာတ်မွေးမြူရန် အလွန်အရေးကြီးပါကြောင်း၊ အားလုံးတတ်ပြီ ၊ အားလုံးသိပြီဟုထင်သည့် ပုဂ္ဂိုလ်များသည် မည်သို့မျှဆက်ပြီး သင်ယူ၍ရမည် မဟုတ်ပါကြောင်း၊ ကိုယ်တိုင်တတ်ချင်၊ သင်ချင်သည့် ဆရာ၊ ဆရာမများ၊ ဤစီမံကိန်းများကို ဦးဆောင်သူ ပုဂ္ဂိုလ်များကသာလျှင် ပညာရှာသည့် နိုင်ငံသူ၊ နိုင်ငံသားများ သင်ယူချင်အောင် လမ်းပြနိုင်မည် ဖြစ်ပါကြောင်း၊ သင်ယူချင်သည် စိတ်ဓာတ်က ဘယ်ကစသလဲဆိုလျှင် မိမိမှာ သိစရာအများကြီး ရှိသေးသည်ဆိုသည့် နှိမ့်ချခြင်းမှ စတင်ပါကြောင်း။ သိစရာရှိသည့်ကိစ္စများကို သိအောင် လုပ်နိုင်သော အရည်အချင်းရှိသည်ဆိုသည့် ယုံကြည်မှုလည်းရှိအောင် လုပ်ရန်လိုပါကြောင်း၊ ကလေးသူငယ်များသည် သိစရာအများကြီး ရှိသေးသည်ဆိုသော စိတ်ဓာတ်ရှိပါကြောင်း၊ သို့သော် ထိုကလေးများ၏ သိချင်တတ်ချင်သည့် စိတ်ဓာတ်ကို လူကြီးများက အားမပေးလျှင်၊ သင်ပေးသူ ဆရာ၊ ဆရာမများက အားမပေးလျှင် သင်ယူချင်သည့်စိတ်ဓာတ်သည် ဖွံ့ဖြိုးနိုင်မည် မဟုတ်ပါကြောင်း၊ လူကြီးများ၏ အဓိက ပြဿနာမှာ သင်ယူချင်စိတ် မရှိတော့ခြင်းပင် ဖြစ်ပါကြောင်း၊ ပြည့်စုံသွားပြီဟု ထင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဘယ်တော့မှ ပညာပြည့်စုံသည်ဟု မရှိနိုင်ပါကြောင်း၊ တစ်သက်တာ အသက်ရှင်နေသ၍ ပညာဆက် လက်ရှာဖွေရမည်ဆိုသည့် စိတ်ဓာတ်မွေးမြူရန် လိုပါကြောင်း၊ မိမိတို့ အားလုံး ပညာသင်ယူရမည်၊ ဆက်ပြီးသင်ယူရမည်၊ ပညာသင်ချင်သည်၊ ဘယ်လိုသင်ယူရမည်ဆိုသည့် အချက်များကို သေချာနားလည်မည်ဆိုလျှင် နိုင်ငံ၏ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းသည် ကျောင်းသားများ၊ လူငယ်များနှင့် အရွယ်ရောက်သူများ၏ ဘဝတစ်သက်တာ ပညာသင်ယူမှု၊ ပညာသင်ယူသွားရန်မှာ ခက်ခဲတော့ မည် မဟုတ်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီးလုပ်ရမည်မှာ မှန်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီး လုပ်သည့်အခါ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ တတ်နိုင်သမျှ ပံ့ပိုးပေးသွားရန် အရေးကြီးပါကြောင်း။

 

ဆရာ၊ ဆရာမများသည် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းအားဖြင့် မိမိတို့နိုင်ငံရှိ ကလေးသူငယ်များရော၊ အရွယ်ရောက်ပြီးသော်လည်း ဆက်ပြီးပညာရှာချင်သည့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဆက်ပြီး ပညာရှာနိုင်ရန်၊ ပညာရှာသည့်အခါတွင်လည်း ထိထိရောက်ရောက် သင်ယူထိုက်သည့် ကိစ္စများကို သင်ယူနိုင်ရန် အားလုံးပံ့ပိုးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း၊ မိမိတို့ကို ကူညီနေသည့် မိတ်ဆွေများလည်း အလားတူ အမြင်များနှင့် အလားတူ နားလည်မှုများဖြင့် ကူညီလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

 

မိမိတို့ကိုယ်တိုင်လည်း ဒီနိုင်ငံရောက်လာသည့်အခါ ဒီနိုင်ငံအကြောင်း၊ ဒီနိုင်ငံ၏ လိုအပ်ချက်များ၊ ဒီနိုင်ငံမှ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နားလည်သင်ယူပြီးမှ မိမိတို့နိုင်ငံ၏အကျိုးကို ထိထိ ရောက်ရောက် သယ်ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဒီလို ထိထိရောက်ရောက် သယ်ပိုးပေးချင်သည့် စေတနာလည်း မိမိတို့ မိတ်ဆွေများတွင်လည်းရှိသည်ဟု ယုံကြည်ပါကြောင်း။  မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် အဓိကကျသည့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပြီး မိမိတို့နိုင်ငံပညာရေး အဆင့်မြှင့်ရန်အတွက် နိုင်ငံသူ၊ နိုင်ငံသားများသည် မိမိတို့သင်ယူရန်လိုသည်ဆိုသည့် စိတ်ဓာတ်ဖြင့် သင်ယူ၍ရသည်ဆိုသည့် ယုံကြည်ချက် မိမိတို့နိုင်ငံ၏ နောင်မျိုးဆက် အဆက်ဆက် အကျိုးရှိရန် အတွက် ဆောင်ရွက်သွားကြမည်ဟု ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်းချက် ပန်းတိုင်သည် ကျောင်းများ၏ ပညာသင်ယူရာဌာနအားလုံး တွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေးကို ဦးတည်ပြီး ပိုမိုတိုးတက်ကောင်းမွန်သည့် သင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် စမ်းသပ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေး ဖြစ်ကြောင်းပြောကြားသည်။

 

ဆက်လက်၍ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ နိုင်ငံ သံအမတ်ကြီး မစ္စတာ Nicholas Copple က အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ ကိုယ်စား UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel က ပညာရေးပူးပေါင်းဆောင်ရွက်မှု တို့ကို ရှင်းလင်းပြော ကြားသည်။

 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမိတ်ဖက်အဖွဲ့အစည်းများမှာ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းမှ တာဝန်ရှိသူများနှင့် စုပေါင်းဓာတ်ပုံရိုက် ကြပြီး အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံ ကြည့်ရှုအားပေးသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်း ခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်များမှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ သုံးခွမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီဝင်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းရေးဆွဲကြသော ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။