ရေရှည်အကျိုးဖြစ်စေသော ဓာတ်သတ္တုနှင့် သစ်တောထုတ်လုပ်မှု ဖြစ်ပေါ်ရေး ပတ်ဝန်းကျင် စိမ်းလန်းရေးတို့ လုပ်မည့် ရက် ၁၀၀ စီမံကိန်း

Printer-friendly versionSend by email

အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအောက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဓာတ်သတ္တုသတင်း အချက်အလက်များ ထုတ်ပြန်ခြင်းနှင့် ဓာတ် သတ္တု ဖြစ်ထွန်းမှုစနစ် တည်ဆောက်ခြင်း၊ ချင်းပြည်နယ် တွင် ခရိုမိုက်သတ္တုဖြစ်ထွန်းမှုများအပေါ် သုတေသနပြုလုပ်ခြင်း၊ မကြာခဏဖြစ်ပေါ်နေသည့် ဖားကန့်မြေစာပုံပြိုကျမှုအပေါ် အရေးယူဆောင်ရွက်မှုများ၊ ပမာဏ လျော့ကျ လာနေသော သစ်တောကဏ္ဍမှ ထုတ်ယူသုံးစွဲမှု လျှော့ချခြင်းနှင့် သစ်အချောထည်လုပ်ငန်းများတိုးမြှင့်ခြင်း၊ သစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များခိုးထုတ်မှုများ လျော့နည်းရေးနှင့် အများပြည်သူနှင့် သက်ဆိုင်ရာနေရာများတွင် Green Environment Campaign အစီအစဉ်ဖြင့် သစ်ပင်စိုက်ပျိုးမှုများနှင့် လောင်စာလိုအပ်ချက်အတွက် လုပ်ဆောင် မည်ဟုဆိုသည်။

ပူပြင်းခြောက်သွေ့သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီး စိမ်းလန်း စိုပြည်ရေး အစီအစဉ်များ၊ ရေရှားပါးသည့် ဒေသများတွင် ရေရရှိရေးစီမံချက်များလည်း ရှိသေးသည်။ ရက် ၁၀၀ စီမံကိန်းအောက်မှ သတ္တုကဏ္ဍ “ဝန်ကြီးဌာနရဲ့ တချို့လုပ်ငန်းတွေဟာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုအဖြစ် ရက် ၁၀၀ အတွင်းအောင်မြင်အောင် ဆောင် ရွက်သွားနိုင်မှာဖြစ်ပေ မယ့် တချို့လုပ်ငန်း တွေကျတော့ ရက် ၁၀၀ ကနေ ဆက်ပြီးလုပ်ကိုင်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

မြန်မာ့သတ္တုတွင်းဥပဒေအား ပြင်ဆင်မှုကို ပြည်ထောင်စုလွှတ်တော်တွင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဆောင်ရွက်ခဲ့သည်။ ထိုဥပဒေကို အများပြည်သူသို့ ထုတ်ပြန်ရမှာ ဖြစ်သည်။

သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က “Mining Cadastre ထူထောင်ပြီ Mining Data တွေကို Website မှာ ဖော်ပြ နိုင်ဖို့ EITI ကရတဲ့ ဒေါ်လာတစ်သန်းနဲ့ စတင် လုပ်ဆောင်သွားမယ်။ Mining ပါမစ်တွေ ရထားတဲ့ကုမ္ပဏီတွေကို www.mining.gov.mm မှာ ဖော်ပြနိုင်ရေး ဆောင်ရွက်သွားမယ်။

“သတ္တုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖင်လန်နိုင်ငံနဲ့ ပူးပေါင်းပြီး ဓာတ်သတ္တုဖြစ်ထွန်းမှု စနစ်တည်ဆောက်တာ၊ ကိုရီးယားနိုင်ငံနဲ့ပူးပေါင်းပြီး ချင်း ပြည်နယ်မှာ ခရိုမိုက်သတ္တုဖြစ်ထွန်းမှုတွေ လေ့လာသုတေ သနလုပ်ငန်းလုပ်ဆောင်တာတွေ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အာရှနဲ့ အရှေ့တောင် အာရှနိုင်ငံတွေက ဘူမိသိပ္ပံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ(CCOP)နဲ့ JICA တို့နဲ့ပူးပေါင်းပြီး ဓာတ်သတ္တု သတင်း အချက်အလက် မှတ်တမ်းပြုစုနိုင်ဖို့ လေ့လာရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ တရားမဝင် သတ္တုတူးဖော်တာ၊ သယ်ဆောင်ရောင်းဝယ်တာတွေ ကိုလည်း စစ်ဆေးကြပ်မတ် သွားပါ့မယ်” ဟုပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြေတွင် မြေစာပုံပြိုကျမှုများ မကြာ ခဏ ဖြစ်ပေါ်နေခြင်း ကလည်း အစိုးရအတွက် အရေးတကြီး လုပ်ဆောင်စရာ ဖြစ်လာနေသည်။ ယမန်နှစ် နိုဝင်ဘာလမှသည် ယခုနှစ် မေလ ၅ ရက်အထိ မြေစာပြိုကျမှု ၁၃ ကြိမ်ဖြစ် ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဒေသတွင်း ရေမဆေးကျောက်ရှာဖွေသူ လူဦးရေနှစ်သောင်းမှ သုံးသိန်းနီးပါးအထိတိုးပွားလာခဲ့သည်။

“ဥရုချောင်း ရေစီးရေလာကောင်းမွန် အောင်၊ သဘာဝပတ်ဝန်းကျင်ပျက်စီး မှုတွေ ကို အမြန်ဖြစ်အပင်တွေ စိုက်ပျိုးပြီး တော ဖုံးလွှမ်းတဲ့အထိ အဆင့်ဆင့်ဆောင်ရွက်နိုင် အောင် ညွှန်ကြားထားပါတယ်” ဟု ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။

“လက်ရှိအနေနဲ့ကတော့ လုပ်ကွက် အသစ်တွေချထားမှုကို ပိတ်ပင်ထားပါတယ်။ တူးဖော်ဆဲ လုပ်ကွက် တွေကို ပိုပြီးစနစ်ကျတဲ့ တူးဖော်မှုစနစ်တွေ အသုံးပြုနိုင်ရေး ဆောင် ရွက်သွားမယ်။ EIA, SIA တွေ ရေးဆွဲတာမျိုး မရှိခဲ့တဲ့အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP)ကို မှော်အလိုက်ရေးဆွဲနိုင်ဖို့ ပတ်ဝန်းကျင်ထိန်း သိမ်းရေး ဦးစီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု သူက ထပ် ပြောသည်။

ထို့အပြင် ပြည်နယ်အစိုးရက ဖွဲ့စည်းပေး ထားသော မြို့နယ်မြေစာစွန့်ပစ်မှု ကြီးကြပ် စစ်ဆေးရေးအဖွဲ့နှင့် ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့က လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းများက ထွက် ရှိသော မြေစာများကို သတ်မှတ်ထားသော နေရာတွင်သာ စွန့်ပစ်ရန်ကြီးကြပ်လျက်ရှိသည်ဟု ဆိုသည်။

သစ်တောကဏ္ဍ ခရိုင် ၆၈ ခုတွင် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု ၁၀ နှစ်စီမံကိန်းများကို ရေးဆွဲခဲ့ပြီး မေလဆန်းမှစတင်ကာ ခရိုင် တစ်ခုချင်းစီတွင် အကောင်အထည်ဖော်နေသည်ဟု ဆိုသည်။

မြန်မာ့သစ်တောအုပ်ချုပ်လုပ်ကိုင်မှုသည် လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က အစပြုခဲ့ပြီး သစ်တောစီမံ အုပ်ချုပ် ဆောင်ရွက်ရာတွင် ခရိုင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းကို ၁၀ နှစ် တစ်ကြိမ် ရေးဆွဲပြီး စီမံကိန်းကာလအတွင်း သစ်တောလုပ်ငန်း ၁၆ မျိုးကို အကောင် အထည်ဖော် ဆောင်ရွက်သည်။

မြန်မာ့သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၁၉၉၀ ခုနှစ်တွင် ၅၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ၅၁ ဒသမ ၅၄ ရာခိုင် နှုန်း၊ ၂၀၀၅ ခုနှစ်တွင် ၄၉ ဒသမ ၂၅ ရာခိုင် နှုန်း၊ ၂၀၁၀ ခုနှစ်တွင် ၄၆ ဒသမ ၉၆ ရာခိုင် နှုန်း အသီးသီးရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသို့ တဖြည်းဖြည်း လျော့ကျလျက်ရှိသည်။

အစိုးရက သစ်အလုံးလိုက်ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ သစ်ထုတ်လုပ်မှုကို လျှော့ချ လိုက်သည်။ နိုင်ငံလူဦးရေ ၅၁ သန်းကျော် အတွက် မီးသွေး၊ လောင်စာတောင့် ၁၁ ဒသမ ၈ ရာခိုင်နှုန်း၊ ထင်းလောင်စာ ၆၉ ဒသမ ၂ ရာခိုင်နှုန်း သစ်တောကဏ္ဍမှ စွမ်းအင်သုံးစွဲမှု ရှိနေသည်။

လောင်စာ လိုအပ်ချက်အတွက် ထိုသို့ သဘာ၀တောများအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ရန် ကျေးလက်နေ ပြည်သူများထင်း၊ တိုင်နှင့် မျောများထောက်ပံ့ရန် တည်ထောင်ခဲ့သည့် ကျေးရွာသုံး စိုက်ခင်းများကို ကျေးရွာ ပြည်သူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့်အတူ စွမ်းအားမြှင့် မီးဖိုသုံး စွဲရေး၊ လောင်စာတောင့် သုံးစွဲရေးနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း သုံးစွဲ ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဟုဆိုသည်။ နှစ် ၃၀ အမျိုးသားသစ် တောကဏ္ဍ ပင်မ စီမံကိန်းအရ ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ် တောကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင် နှုန်း ဖွဲ့စည်းမည်ဖြစ်ရာ ယခုအချိန်အထိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၃၉၈၄၁၇၆၃ ဧက (ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၈၃ ရာခိုင်နှုန်း)၊ သဘာဝနယ်မြေ ၉၆၀၇၄၉၀ ဧက(ရာခိုင်နှုန်းအားဖြင့် ၅ ဒသမ ၇၅ ရာခိုင်နှုန်း) ဖွဲ့စည်းထားသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ကျစေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေးနှင့် လျော့နည်းရေး အတွက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အချိန်ကာလနှင့် နေရာဒေသ အလိုက် ဖြည့်စွက် ပြင်ဆင်သတ်မှတ်သွားရန် လိုနေသေးသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအချက်အလက်များကိုရရှိရန်၊ ညစ်ညမ်းမှုအခြေအနေကို လေ့လာသုံးသပ်နိုင်စေရန် ကနဦးစီမံချက် အဖြစ် နေပြည်တော်အနီး တစ်ဝိုက်ရှိ လူ ထူထပ်သည့်နေရာ၊ ယာဉ် အသွားအလာ များပြားသည့်နေရာ၊ ပြည်သူအများအသုံးပြု လျက်ရှိသည့် ရေအရင်းအမြစ်၊ စွန့်ပစ်ရေထွက် ရှိသည့် နေရာများတွင် လေနှင့် ရေ အရည်အသွေးတိုင်းတာသည့် စက်ကိရိယာများဖြင့် တိုင်းတာခြင်းကို မေလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည်ဟုသိရသည်။

“ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အမျိုးသားအဆင့် ပတ်ဝန်းကျင် အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်တွေကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန် ခဲ့ပြီးတော့ ဒီလုပ်ထုံး လုပ်နည်းအရ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination- IEE)၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment- EIA)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan- EMP) တွေကိုရေးဆွဲဖို့ သတ်မှတ်ထားပြီးဖြစ် ပါတယ်။

“IEE, EIA, EMP ရေးသားပြုစုမယ့် တတိယအဖွဲ့အစည်းတွေ ((Third Parties ) အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှာ မှတ်ပုံတင်နိုင်ရေးအတွက် အကြံပေး လုပ်ကိုင်သူတွေကို လုပ်ငန်းလိုင်စင် ထုတ်ပေးဖို့ စည်းမျဉ်းစည်းကမ်းတွေကို JICA အကူ အညီနဲ့ရေးဆွဲနေပြီး လုပ်ငန်းလိုင်စင်တွေကို မကြာခင်ထုတ်ပေး မှာဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။