ဘင်္ဂါလီလူမျိုးများအား မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လက်ခံထားသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၂၃

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့သော ဘင်္ဂါလီလူမျိုးများအား တားဆီး ပိတ်ပင်မှု မရှိဘဲ လက်ခံခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းမှားသာဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သည်။

 

၂ဝ၁၆ ခုနှစ် ဧပြီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီလူမျိုး ၃၄ဝ အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိပြီး ဓာတ်ပုံ မှတ်တမ်းတင်၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့ရာတွင် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့အနေဖြင့် တားဆီးပိတ်ပင်မှုမရှိဘဲ လက်ခံခဲ့ကြောင်း ပြည်ပသတင်း ဌာနများက ပုံနှင့်တကွ ဖော်ပြခဲ့မှုအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စိစစ်၍ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူသည့် အချိန်ကာလတွင် ယခုကဲ့သို့ တည်ငြိမ်မှု ပျက်ပြားစေရန် လှုံ့ဆော်ရာရောက်သည့် သတင်းမျိုးအား စိစစ်မှုမရှိဘဲ မှားယွင်း ဖော်ပြခြင်းမှာ သင့်လျော်မှု မရှိကြောင်း တုံ့ပြန်ဖော်ပြမှုများလည်း လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရသည်။