နိုင်ငံတကာဆက်ဆံရေးတွင် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ထက် နှလုံးရည်၊ ဉာဏစွမ်းရည်အားထားပြီး ကြိုးစားရမည် လူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒအောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ လူထုကိုပံ့ပိုးနိုင်မည်

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၅

မိမိတို့နိုင်ငံ၏ အကျိုး၊ ပြည်ပရှိမိမိနိုင်ငံသားများ၏ အကျိုးကို မြန်မာသံရုံးများ၊ သံတမန် ဝန်ထမ်း များက ကာကွယ်စောင့်ရှောက်မှုပေးခြင်းဖြင့် နိုင်ငံ၏ဂုဏ်ကို စောင့်ထိန်းကြရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ တွေ့ဆုံ ဆွေးနွေးမှုကို ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာသံအမတ်ကြီးများအား လမ်းညွှန် မှာကြား ရာတွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းနေချိန်ဖြစ်၍ မိမိတို့၏ နိုင်ငံတကာ ဆက်ဆံရေး တွင်လည်း ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ထက် နှလုံးရည်၊ ဉာဏစွမ်းရည်တို့အပေါ် အားထားပြီး ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအောင်မြင်ရန်အတွက် နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများအနေဖြင့် ပိုမိုအလေးထားလုပ်ဆောင် သွားရန်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှ ပြည်သူလူထုကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးများသည် အစိုးရသစ်၏ မူဝါဒများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာသံရုံးများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ ညှိနှိုင်းရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ စင်ကာပူ၊ လာအို၊ ကမ္ဘော ဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘရူနိုင်း၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ တောင်ကိုရီးယား၊ ဂျပန်၊ တောင်အာဖရိကနှင့် အစ္စရေးလ်နိုင်ငံတို့မှ မြန်မာသံအမတ်ကြီး ၁၈ ဦးနှင့် အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။

 

တွေ့ဆုံပွဲနှင့်စပ်လျဉ်း၍ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ''ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အပြင် ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ပြည်ပမှာ စောင့်ရှောက်ဖို့ အဓိကဆွေးနွေးပါတယ်။ သံတမန်ဝန်ထမ်းတွေအနေနဲ့ နိုင်ငံ့အကျိုးကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ပြည်ပမှာ နည်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကိုကာကွယ် စောင့်ရှောက်ဖို့ လည်း ဆွေးနွေးကြပါတယ်။ သံအမတ်ကြီး တွေကလည်း လုပ်ငန်းဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဖြစ်စေချင်တာတွေကို ဆွေးနွေးကြပါ တယ်''။

 

''ဒီလိုတွေ့ဆုံမှုမျိုးက အစဉ်အလာရှိတဲ့အပြင် အကျိုးလည်းရှိပါတယ်။ အခုလောလောဆယ်မှာ အာရှက သံအမတ်ကြီးတွေကို ခေါ်တွေ့တာပါ။ နောင်မှာလည်း ဥရောပနိုင်ငံတွေ အပါအဝင် တခြား သံအမတ်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီတွေ့ဆုံမှုတွေက နေပြည်တော်မှာ ဖြစ်မလား၊ အခြား နေရာမှာ ဖြစ်မလားပြောလို့မရသေးပါ ဘူး''ဟု သုံးသပ်ပြောကြားသည်။