မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေနဲ့အတူ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေ

Printer-friendly versionSend by email

ဗီယင်ကျန်း ဇူလိုင် ၂၅

(၄၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အာဆီယံ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းအား အစည်းအဝေး တက်ရောက်နေမှုနှင့် ပတ်သက်၍ မေးမြန်းထားပါသည် -

 

ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ ဘက်ကနေပြီးတော့ မြန်မာနဲ့ တရုတ်ဟာ အိမ်နီးနားချင်း နိုင်ငံဖြစ်တယ်။ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကို သူတို့အလေးထားတယ်။ တရုတ်နိုင်ငံရဲ့ ဝန်ကြီးချုပ် လီခချန်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တရုတ်နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ သူတို့က တရားဝင် ပြောလာပါတယ်။

 

ဒီနေ့ မနက်မှာတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဝန်ကြီး အနေနဲ့ အာဆီယံ အစည်းအဝေးကို တက်တဲ့အထဲမှာ သူ့ရဲ့ပထမဦးဆုံး အစည်းအဝေးဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် အာဆီယံရဲ့အနာဂတ်ကို သူဘယ်လိုမြင်တယ်ဆိုတာကို အဓိကထားပြီး ပြောသွား ပါတယ်။

 

အာဆီယံအနေနဲ့ အားလုံးစည်းလုံး ညီညွတ်ဖို့ လိုအပ်တယ်။ စည်းလုံးညီညွတ်မှသာ အာဆီယံရဲ့ ပုံရိပ်ဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားမှုကို ခံယူရရှိမှာ ဖြစ်တယ်။ ခံယူနိုင်မယ် ဆိုတာကို အလေးထား ပြောသွားပါတယ်။ ဒီနေ့အစည်း အဝေးမှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံရဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ အားလျော်စွာ အစိုးရသစ်တာဝန်ယူတဲ့ အချိန်မှာလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေနဲ့ သူ အာဆီယံကို ဘယ်လိုမြင်တယ်၊ ဆက်လက်ပြီးတော့ အာဆီယံအသိုက်အဝန်း ထူထောင်ရေးမှာ ဘယ်လိုပါဝင်မယ် ဆိုတာကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခွင့်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးရှိတဲ့ အစည်း အဝေး ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

 

တောင်တရုတ်ပင်လယ် ကိစ္စမှာလည်း အာဆီယံနဲ့ တရုတ်ဆက်ဆံရေးမှာ အဓိက အခန်းကဏ္ဍမှာ ပါတဲ့ဟာ မဟုတ်ပါဘူး။ အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ တောင်တရုတ် ပင်လယ်ကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အာဆီယံနိုင်ငံ တွေနဲ့အတူတူ အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့ကိစ္စကို အခုလည်းလုပ်မယ်၊ နောင်အနာဂတ်မှာလည်း ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကို ထပ်လောင်းပြီးတော့ ပြောကြားခဲ့ပါတယ်။