အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေး သဘောတူညီချက် မရ

Printer-friendly versionSend by email

ဗီယင်ကျန်း ဇူလိုင် ၂၅

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက တောင်တရုတ်ပင်လယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပိုင်ဆိုင်မှု အငြင်းပွားမှုပြဿနာများ အရှိန်မြင့်လာမှုနှင့်ပတ်သက်၍ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။

 

သို့သော် ယခုလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပိုင်ဆိုင် သည်ဟု အခိုင်အမာ ဆိုထားသည့် အချက်များကို နိုင်ငံတကာခုံသမာဓိရုံးက ပယ်ချခဲ့သည့် အချက်ကို ယခုကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။

 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပလျက် ရှိပြီး ဇူလိုင် ၂၄ ရက်တွင် ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ဘဲ အစည်းအဝေးပြီးဆုံးခဲ့ရသည်။

 

တောင်တရုတ်ပင်လယ် ပိုင်နက် နယ်မြေ အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် အငြင်းပွားမှု လျက်ရှိသည့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့သည် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက် တရုတ် နိုင်ငံ၏ မဟာမိတ် ကမ္ဘော ဒီးယားကဲ့သို့နိုင်ငံများနှင့် သဘောထားကွဲမှုများ ဖြစ်ပွားလျက်ရှိသည်။

 

ဇူလိုင် ၂၅ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ သံတမန်ရေးနည်းလမ်းများနှင့် ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ လေးစားလိုက်နာရန် လိုအပ်ကြောင်း ဖော်ပြထားသည်။