သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

သတင်းထုတ်ပြန်ချက်

-

မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စ ဖြစ်သည့် ရခိုင်ပြည်နယ် ပြဿနာကို ဆွေးနွေးရန် အိုအိုင်စီ အထူးအစည်းအဝေး ခေါ်ယူကျင်းပခြင်းအတွက် အထူးစိတ်မကောင်း ဖြစ်မိပါသည်။

-

မလေးရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုများသည် အဖြစ်မှန်ကို စိစစ်ခြင်းမပြုဘဲ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှု အခြေအနေများရှိနေသယောင် ရည်ရွယ်ချက်ရှိရှိ ပုံဖော်၊ ထုတ်ပြန်လျက် ရှိသည့် သတင်း မီဒီယာအချို့၏ သတင်းဖော်ပြချက်အပေါ် အခြေခံသည်ဟု ယူဆပါသည်။ ယင်းကဲ့သို့ ထိရှလွယ်သည့် ပြဿနာမျိုးအား ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချနေခြင်းမှာ စိုးရိမ်စရာ ဖြစ်ပါသည်။

-

မလေးရှားနိုင်ငံ၏လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအစိုးရက ယင်းပြဿနာအား ဖြေရှင်းရေး အတွက် ကြိုးပမ်းအားထုတ်နေမှုများကို လုံးဝလျစ်လျူရှုထားရာလည်းကျပါသည်။ ယခုဖြစ်ပွား သည့် အခြေအနေသည် ဘာသာရေးဖိနှိပ်မှုမဟုတ်ဘဲ၊ ပြည်သူတို့၏ အသက်နှင့် လုံခြုံရေးကို အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုမှ ကာကွယ်ရေးအတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် အစိုးရမှ ညွှန်ကြားထားပြီး ဖြစ်ပါသည်။

-

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၉-၁၀-၂၀၁၆ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စနစ်ကျကျ ကြိုတင် ကြံစည်ပြင်ဆင်၍ အကြမ်းဖက်သည့် ပုံစံမျိုးဖြင့် ပြည်ပမှ ကူညီပံ့ပိုးပေးထားသည့် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်သူများက လုံခြုံရေးတာဝန်ယူသည့် ရဲစခန်းများကို တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ၁၉-၁-၂၀၁၇ ရက်နေ့၌ ပြုလုပ်သော အိုအိုင်စီ အစည်းအဝေး၏ ရလဒ် စာရွက်စာတမ်းများတွင် ဖော်ပြမှုမရှိသည်ကိုလည်း များစွာအံ့ဩမိပါသည်။ ဤအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၉) ဦး အသက် ဆုံးရှုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ပါသည်။

-

ရခိုင်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ လုံခြုံရေးအတွက် မည်သူမျှ မြန်မာအစိုးရနှင့် ပြည်သူများထက် စိုးရိမ်မည့်သူ မရှိပါ။ ထို့ကြောင့်လည်း ဤပြဿနာရပ်ကို ဖြေရှင်းရန်နှင့် ရခိုင်ပြည်နယ်အတွင်း သဟဇာတ ရှိမှု၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်သွားရန် စစ်မှန်သော ဆန္ဒနှင့် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါသည်။

-

အစိုးရအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များအားလုံးကို လုပ်ဆောင်လျက်ရှိနေပါသည်။ ပြဿနာ ကို လက်တွေ့ကျကျဖြေရှင်းနိုင်မည့် ယန္တရားများကိုချမှတ်ထားရှိပြီး ဖြစ်ပါသည်။ ဥပမာအားဖြင့် လုပ်ငန်း ကော်မတီလေးရပ်ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ ပြည့်စုံကောင်းမွန်စွာ နှင့် ထိရောက်စွာ ဖြေရှင်းရေးကို အထောက်အကူပြုစေမည့် ရေရှည်နည်းလမ်းကောင်းများ ရရှိရေး အတွက် ဒေါက်တာ ကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ကို လည်းကောင်း၊ မကြာမီက ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးဆောင်သည့် ကော်မရှင်တစ်ရပ်ကိုလည်းကောင်း ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

-

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ လူသားချင်းစာနာမှု အကူအညီပေးမှုများကိုလည်း လုံခြုံရေး အခြေအနေ ပိုမိုတိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် တိုးချဲ့ပေးအပ်လျက်ရှိပါသည်။

-

ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ ရေရှည်တည်တံ့မည့် ဖြေရှင်းမှု တစ်ရပ်ရရှိရေးကို အာရုံစိုက် ဆောင်ရွက်ခြင်းသည်သာ အသိုက်အဝန်းနှစ်ရပ်လုံး၏ အကျိုးကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင် မည်ဖြစ်ပါသည်။ မလိုလားအပ်သော ဖိအားပေးမှုများ ပြုလုပ်ခြင်းသည် နဂိုကပင် ရှုတ်ထွေးနေသည့် ပြဿနာရပ်ကို ပိုမိုရှုတ်ထွေးမှုများ ဖြစ်ပေါ်စေမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နားလည်မှုနှင့် အပြုသဘောဆောင် ပူးပေါင်းကူညီပေးရန် လိုပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်

ရက်စွဲ၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်။