နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်ရန် တောင်းဆိုသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်းမရှိ

Printer-friendly versionSend by email



သတင်းထုတ်ပြန်ချက်





ဂျီနီဗာမြို့တွင် ၂၄-၃-၂၀၁၇ ရက်နေ့က ပြုလုပ်သည့်  ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဥရောပသမဂ္ဂမှ တင်သွင်းသည့်  မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြုလိုက်ပါသည်။



အဆိုပါဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် တရားဥပဒေစိုးမိုးရေး အပြင် လူ့အခွင့် အရေးကာကွယ်မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကို ကြိုဆိုထားပါသည်။ တစ်ဖက်တွင်လည်း လူ့အခွင့်အရေး ကောင်စီအနေဖြင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန်လည်း ဆုံးဖြတ်ခဲ့ ပါသည်။



မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်၏ နက်နဲရှုပ်ထွေးပြီးစိန်ခေါ်မှုကြီးမားသည့်  အခြေအနေကို လက်တွေ့ကျပြီးရေရှည်တည်တံ့သည့်  ဖြေရှင်းမှုများထွက်ပေါ်လာရေးအတွက် အစွမ်းကုန် ကြိုးပမ်း အားထုတ်လျက်ရှိပါသည်။ နိုင်ငံတော်တာဝန်ကိုယူပြီး ရက်သတ္တပတ် အနည်းငယ် အတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းတည်ထောင်၍ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။ ပြဿနာရပ်များကို ရေရှည် တည်တံ့သော အဖြေရရှိရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့်  နယ်ခြားစောင့် ရဲဌာနချုပ်နှင့် ရဲစခန်းများအား လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲပေါ်ထွက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည်ဆိုသည့်  စွပ်စွဲချက်များ ကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးဆောင်သည့်  စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။



မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအား များစွာအလေး အနက်ထား အရေးယူဆောင်ရွက်လျက်ရှိပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုခံရသည် ဆိုသည့်  ရခိုင်ပြည်နယ်ရှိကျေးရွာများသို့ ရက်သတ္တပတ် များစွာ သွားရောက်စိစစ်မှုများပြုလုပ်ခဲ့သည့် အပြင်၊ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားသို့သွားရောက်၍ စုံစမ်းမှုများ ပြုလုပ်ခဲ့ပါသည်။ စွပ်စွဲမှုများသည် ခိုင်လုံမှုရှိပါက သက်သေများအား နိုင်ငံတကာ၏ကာကွယ်စောင့်ရှောက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်စေပြီး၊ တရားရုံးများ၌ ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။



ရခိုင်ပြည်နယ်၏ ပကတိအခြေအနေသည် ထိလွယ်ရှလွယ်ပြီး၊ ဖြေရှင်းရန် စိန်ခေါ်မှု ကြီးမားနေ ဆဲ အခြေအနေဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်မည် မဟုတ်သည့်အပြင် ပြဿနာရပ်ကို ပိုမိုကြီးထွားစေမည်သာ ဖြစ်ပါသည်။ လက်ရှိ မြေပြင်အခြေအနေမှန်များနှင့် လည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် လည်းကောင်းကိုက်ညီမှုလည်းမရှိပါ။ ဤသို့သော အခြေအနေများ ကြောင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်း တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သောဖြေရှင်း ချက်များရရှိရေးအတွက် အလေးအနက်ထား ကြိုးပမ်း ဖြေရှင်းနေခြင်းကြောင့် လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီ၌ မြန်မာနိုင်ငံလူ့ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆုံးဖြတ်ချက်တစ်ခုလုံးကို သဘောတူလက်ခံ ပါဝင်ခြင်းမရှိကြောင်း ((Dissociate) ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် အတူ တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံအပါအဝင် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှလည်း ဆုံးဖြတ်ချက်အား သဘောတူလက်ခံပါဝင်ခြင်းမရှိကြောင်း ထုတ်ဖော် ကြေညာခြင်း၊ အဆိုပါ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ခြင်းကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။



မြန်မာနိုင်ငံအစိုးရသည် လူ့ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီး၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး၏အကျိုးအတွက်  လူ့အခွင့် အရေး တိုးမြှင့်ရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ သုံးသပ်အကြံပြုချက်အများစုကို အချိန်မဆိုင်းဘဲ ထိရောက်သည့်  လုပ်ငန်းအစီအစဉ်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်ပါသည်။



 



နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်