နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

Printer-friendly versionSend by email

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကူးစက်ရောဂါကပ်အသွင် ဖြစ်ပွားမှုအပေါ် ထိရောက်စွာဆောင်ရွက်သွားမည့်အခြေအနေများကို ပြည်သူများသိရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ သူများထံ မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

 

ဒေါက်တာစိုးလွင်ငြိမ်း(ညွှန်ကြားရေးမှူးချုပ်)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါ ကပ်အသွင် ဖြစ်ပွားမှု များကို ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက် မှုအဖွဲ့တွေ အဆင်သင့်ဖွဲ့ပြီး ဆောင်ရွက်နေတယ်။ အခု ဆိုရင်လည်း ဗဟိုက ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့တွေရော၊ စစ်ကိုင်းတိုင်း ဒေသကြီးက ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့ပါ သွားရောက်ပြီး အရေးပေါ်ဆေးဝါး ကုသမှု လုပ်ငန်း တွေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။

 

အရင်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒီလို ဖြစ်စဉ်တွေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ကူးစက် ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အခုဖြစ်စဉ်မှာ ဝေးလံခက်ခဲတဲ့ ဒေသဖြစ်ပြီး သတင်းရရှိမှု နောက်ကျတဲ့အတွက်ကြောင့် ဖြစ်ပွား သေဆုံးမှု များပြားခဲ့တာဖြစ်ပါတယ်။

 

ကျန်းမာရေးဦးစီးဌာနအနေနဲ့ ဝန်ထမ်းတွေကတော့ သတင်းရတာနဲ့ ကွင်းဆင်းဆောင်ရွက်ပါတယ်။ ရောဂါ ရှာဖွေကုသမှုတွေပေးပါတယ်။ ဒီဖြစ်စဉ်မှာလည်း ရောဂါထိန်းချုပ်မှုအတွက် ရောဂါဖြစ်ပွားတဲ့ ရာဇဝင်ယူပြီး ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကို ဆေးကုပေးပါတယ်။ ပိုမိုတိကျတဲ့ ရောဂါရှာဖွေမှုတွေ၊ Rapid test kit တွေနဲ့ စမ်းသပ် ဆောင်ရွက်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

 

တစ်ဆက်တည်း သွားရောက်ပြီးအရေးပေါ်ဆေးဝါး ကုသမှုလုပ်ငန်းတွေ၊ ရောဂါကာကွယ်ထိန်း ချုပ်ရေးနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နီးစပ်ရာရွာတွေမှာ ရောဂါ ဖြစ်မဖြစ်၊ ပတ်ဝန်းကျင်ရွာတွေမှာ ကျန်းမာရေးဆေးဝါးကုသမှုတွေပေးမယ်။ နောက်ဒီဒေသမှာ ရှိတဲ့ လူတွေအတွက် ကျန်းမာရေးမြှင့်တင်မှု ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကနေ စီစဉ်ပေးလျက်ရှိပြီး ဝန်ထမ်းတွေ တိုးချဲ့ခန့်ထားနိုင်ဖို့နဲ့ အဲဒီဒေသမှာ ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် တခြားထောက်ပံ့မှုတွေလည်း ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ပေးနေပါတယ်။

 

 

လဟယ်မြို့နယ် ကာရော်နောက်ညိုကျေးလက် ကျန်းမာရေးဌာန၊ ထန်ခေါ်လာမားကျေးရွာမှာ ဇွန် ၉ ရက်ကစပြီး အသက် (၁၅) နှစ်အောက် ကလေးတွေဖျားတာ၊ ချောင်းဆိုးတာ ဒီလိုရောဂါလက္ခဏာ တွေ စတင်ဖြစ်ပွားပြီး ကလေးနှစ်ဦးသေဆုံးတယ်လို့ ဇူလိုင် ၂ဝ ရက်မှာ သတင်းရရှိခဲ့တဲ့အတွက် ဒီကျေးရွာတွေမှာ ဇူလိုင် ၂၁ ရက်ကနေ ၂၉ ရက်အထိ ထန်ပါခွေတိုက်နယ်ဆရာဝန်နဲ့ အံပေါ် ကျေးလက် ကျန်းမာရေးဌာနက လက်ထောက်ကျန်းမာရေးမှူး တို့က ခေါင်းဆောင်ကွင်းဆင်းပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးခဲ့တာဖြစ်ပါတယ်။

 

ထန်ခေါ်လာမားကျေးရွာဟာ လဟယ်မြို့နဲ့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့အတွက် ကွင်းဆင်း အဖွဲ့ဟာ ဆိုင်ကယ်တစ်တန်၊ ခြေကျင်တစ်တန် သွားရတယ်လို့ သိရပါတယ်။ ဒီကျေးရွာမှာ ကျေးရွာနေ ဒေသခံ ၃၅ဝ လောက်ရှိပြီးတော့ ပြီးခဲ့တဲ့ ဇွန် ၆ ရက်ကနေ ဇူလိုင် ၂၅ ရက်ထိ ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးအဖြစ် တစ်နှစ် သားအရွယ်ကလေး ပါဝင်နေပြီးတော့ အသက်အကြီးဆုံးအဖြစ် (၉၄) နှစ်အရွယ် သက်ကြီးဘိုးဘွား ပါဝင်နေပါတယ်။ သေဆုံးသူအများဆုံးရဲ့ အသက်အုပ်စုကတော့ တစ်နှစ်နဲ့ (၁၂) နှစ်ကြားကလေးတွေ ဖြစ်တာကို တွေ့ရှိ ရပါတယ်။

 

ပြီးခဲ့တဲ့လ ၃၁ ရက်ကစပြီး ကာရော်နောက်ညို ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးမှူးနဲ့ အဖွဲ့တွေ၊ ပြီးတော့ အခုလ ၅ ရက်ကစပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကူးစက် ရောဂါ ဆရာဝန်ကြီး တွေနဲ့ ငှက်ဖျားရောဂါ ဆရာဝန်ကြီးပါဝင်တဲ့ ဗဟိုကွင်းဆင်းအဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါ ဆရာဝန်တွေပါဝင်တဲ့ တိုင်းဒေသကြီး ကွင်းဆင်း အဖွဲ့တွေက ကွင်းဆင်းပြီး ရောဂါကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေ၊ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေနဲ့ နီးစပ်ရာ ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးရဲ့ စီစဉ်မှုနဲ့ နေပြည်တော် တပ်မတော် ဆေးရုံက အထူးကုဆရာဝန်နှစ်ဦးနဲ့ ခန္တီးတပ်မတော်ဆေးရုံက အထူးကုဆရာဝန် တစ်ဦးပါဝင်တဲ့ ကွင်းဆင်း အဖွဲ့ကလည်း ရာသီဥတုအခြေအနေပေါ် မူတည်ပြီး တပ်မတော် ရဟတ်ယာဉ်နဲ့ ဖြစ်ပွားတဲ့ ကျေးရွာတွေကို ကျွန်တော်တို့ဝန်ကြီးဌာနကွင်းဆင်းအဖွဲ့နဲ့ ပူးပေါင်း ကွင်းဆင်းသွားမှာ ဖြစ်ပါတယ်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေ ကိုလည်း ဦးစားပေး လုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

နောက်ပြီး နန်းယွန်းမြို့နယ်မှာဆိုရင်လည်း ဒုံဟီး မြို့နယ်ခွဲက ကဲဆန်နုတ်ညို၊ ကဲဆန်ဆာလင်၊ ကဲဆန် ကာလန်၊ ကဲဆန်ဘောက်လွန်း၊ ကဲဆန်လုံကျန်းကျေးရွာတွေမှာ ပြီးခဲ့တဲ့ လ ၂၈ ရက်ကနေ အခုလ ၂ ရက်အထိ ၁၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီလို သတင်းရရှိခဲ့တဲ့ အတွက် ဇူလိုင် ၃ ရက်မှာ ဒုံဟီးတိုက်နယ်ဆရာဝန် ဦးဆောင်ပြီး ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပြီးတော့ ရောဂါ ရာဇဝင်ကို စုံစမ်းမေးမြန်းတဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ သေဆုံးတဲ့ ဒေသခံ ၁၃ ဦး ထဲမှာ အသက် (၅) နှစ်အောက် ကလေး ၁၁ ဦး၊ အသက် (၂၄) နှစ် တစ်ဦး၊ အသက် (၅၄) နှစ် တစ်ဦးဖြစ်ပါတယ်။

 

အခုဒုံဟီးတိုက်နယ်ဆရာဝန်ဦးဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး ရောဂါကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ လဟယ် မြို့နယ်ကို ရောက်ရှိနေတဲ့ ဗဟိုကွင်းဆင်းအဖွဲ့၊ ကချင်ပြည်နယ်က ကူးစက်ဆရာဝန်ကြီးနဲ့ တပ်မတော် ဆေးအဖွဲ့တို့ကလည်း ဒုံဟီးတိုက်နယ်ရှိကျေးရွာတွေကို သွားရောက်ပြီး ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

 

သေဆုံးသူတွေရဲ့ ရောဂါလက္ခဏာတွေကို စုံစမ်းမေးမြန်းတဲ့အခါ အများစုဟာ ဖျားတာ၊ ချောင်းဆိုး တာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရတယ်လို့ သိရတဲ့အတွက် ရောဂါ အတည်ပြုနိုင်ဖို့ အတွက် လူနာတွေထံက သွေးရည်ကြည် နမူနာရယူပြီး ရန်ကုန်က အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ရောဂါအတည်ပြုဖို့ ပေးပို့စစ်ဆေးထားပါတယ်။ ရောဂါ အတည်ပြုပြီးရင် အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန် သွားမှာဖြစ်ပါတယ်။

 

ဒေါက်တာမြင့်နိုင် (စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်)

ကျွန်တော်ဒီကိုမရောက်ခင် တစ်ပတ်လောက်အလိုမှာပဲ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လဟယ် မြို့နယ်မှာ ရောဂါတစ်ခုဖြစ်နေတယ်ဆိုတာ ကြားသိခဲ့ရပါတယ်။ အဲဒီမှာ လူ ၂၂ ယောက် လောက် သေသွားပြီလို့ ကြားပါတယ်။ အခုတော့ စစ်ကိုင်းတိုင်းဒေသကြီးက အထူးကု အဖွဲ့ဟာ အခုလဟယ်ကို ရောက်သွားကြပါပြီ။ နန်းယွန်းမှာလည်း အဲဒီလိုရောဂါတွေ ဖြစ်ပါတယ်။ လူ ၁၃ ယောက်လောက် သေတယ်လို့ကြားပါတယ်။ ရောဂါဖြစ်နေ တဲ့သူက ရာချီပြီးရှိနေတယ်လို့ သိရပါတယ်။ ကျွန်တော့် အနေနဲ့ ပြောရရင်တော့ ဒါဟာ ကူးစက်ရောဂါတစ်မျိုးလို့ ထင်ပါတယ်။ ကျွန်တော်လည်း ဆရာဝန်တစ်ယောက်ပါ။ ဒီလိုဖြစ်တာကို ကျွန်တော်မတွေ့ဖူးသေးဘူး။ အရေးပေါ် စီမံခန့်ခွဲမှု ကော်မတီမှာလည်း တင်ပြခဲ့ပါတယ်။ အခုလည်း ဒါကိုတင်ပြပါတယ်။ မနေ့က သမ္မတ ကလည်း အမြန်ဆုံး ဆောင်ရွက်ပေးပါလို့ ပြောပါတယ်။

 

အခုတိုင်းဒေသကြီးကနေပြီးတော့ အထူးကုအဖွဲ့က တက်သွားကြပါပြီ။ လဟယ်ကို ရောက်နေပါပြီ။ လဟယ်ကနေ ဟိုဘက်ကို ဘယ်လိုသွားမယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီကိုဆက်မယ်ဆိုရင် ဖုန်းဆက် ရတာကလည်း တော်တော်ခဲယဉ်းပါတယ်။ အခု မနေ့ကတင်ပြတော့ ပြည်ထောင်စု အစိုးရ ကနေပြီး ဒါတွေကိုလည်း လုပ်ကိုင်ပေးမယ်လို့ ပြောပါတယ်။ အခုသေသွားတာက ၃၅ ဦးလို့ ကျွန်တော့်ကိုပြောပါတယ်။ လူက ရာချီဖြစ်နေပြီလို့ သိရပါတယ်။ ဒါတွေကလည်း ကျွန်တော့်အနေနဲ့ ဘယ်လောက်ထိ မှန်တယ် မှားတယ်ဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ဒီရောဂါကြီး တွေကို အမြန်ဆုံး ပျောက်အောင် လုပ်ကိုင်ပေးချင်တာတစ်ခုပဲ ကျွန်တော် သိပါတယ်။