လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ရှိ ကျေးရွာများတွင် ရွာသူ ရွာသားအချို့ နာမကျန်းဖြစ်၍ သေဆုံးမှုများရှိ ဗဟိုအဆင့်အဖွဲ့နှင့် အထူးကုဆရာဝန်များ၊ တပ်မတော်ဆေးအဖွဲ့ပူးပေါင်းကာ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကုသခြင်းများဆောင်ရွက်လျက်ရှိ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ် ထန်ခေါ်လာမားကျေးရွာနှင့် နန်းယွန်းမြို့နယ် ကဲဆန် ဆာလင်၊ ကဲဆန်ကာလန်၊ ကဲဆန်ဘောက်လွန်၊ ကဲဆန်လုံကျန်းကျေးရွာများတွင် ရွာသူ ရွာသားအချို့ နာမကျန်းဖြစ်၍ သေဆုံးမှုများရှိကြောင်း သတင်းရရှိသောကြောင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ အစီအစဉ်ဖြင့် ကာရော်နောက်ညို ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမက ဇူလိုင် ၁၃ ရက်မှစ၍ လည်းကောင်း၊ ထန်ပါခွေတိုက်နယ် ဆရာဝန်ဦးဆောင်သော ကွင်းဆင်းအဖွဲ့က ဇူလိုင် ၂၁ ရက်မှစ၍လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထန်ခေါ်လာမားကျေးရွာသည် လဟယ်မြို့နှင့် မိုင် ၄၀ ခန့် ကွာဝေးပြီး အနည်းဆုံး နှစ်ရက်ခန့် သွားလာရသော လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသဖြစ်ပြီး ကွင်းဆင်းအဖွဲ့၏ ကနဦးစုံစမ်းမှု အရ အဆိုပါကျေးရွာတွင်လူဦးရေ စုစုပေါင်း ၃၅၀ ခန့် နေထိုင်လျက်ရှိကြောင်း၊ ဇွန် ၆ ရက်မှ ဩဂုတ် ၄ ရက်အတွင်း စုစုပေါင်း လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ အရေပြားတွင် အနီစက်ထွက်ခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားခဲ့ရကြောင်း၊ သေဆုံးသူများတွင် အငယ်ဆုံးအသက်မှာ (၁) နှစ်ဖြစ်ပြီး အကြီးဆုံး အသက်မှာ (၉၄)နှစ် ဖြစ်ကြောင်း၊ သေဆုံးသူအများဆုံး၏ အသက်အုပ်စုမှာ(၁) နှစ်နှင့် (၁၂) နှစ်ကြား ဖြစ်ကြောင်းနှင့် အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် လည်းကောင်း၊ လဟယ်မြို့နယ်အတွင်းမှ အခြားကျေးရွာများတွင် လည်းကောင်း တိရစ္ဆာန်များ အစုလိုက်သေဆုံးမှု သတင်းရရှိမှုမရှိကြောင်း စုံစမ်းသိရှိရသည်။

 

ထန်ပါခွေတိုက်နယ်ဆရာဝန် ဦးဆောင်သော ကွင်းဆင်းအဖွဲ့မှ ထန်ခေါ်လာမားကျေးရွာတွင် ဇူလိုင် ၂၃ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ယာယီဆေးခန်းဖွင့်လှစ်၍ ဆေးကုသမှုပေးခဲ့ရာ လာရောက် ပြသသူလူနာ ၁၆၂ ဦးအနက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မျက်စိနီရဲခြင်းနှင့် အရေပြားတွင် အနီစက်ထွက်ခြင်း ရောဂါလက္ခဏာရှိသူ ၁၄ ဦး တွေ့ရှိကုသမှုပေးခဲ့ပြီး ဇူလိုင် ၃၁ ရက်မှစ၍ ကာရော်နောက်ညို ကျေးလက် ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူးနှင့် သားဖွားဆရာမ တို့က ထန်ခေါ်လာမား ကျေးရွာတွင် ယာယီဆေးခန်းဖွင့်လှစ်၍ ကုသမှုပေးခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးလျက်ရှိသည်။

 

 

ထန်ခေါ်လာမားကျေးရွာမှ လူနာ ငါးဦး၏ သွေးနမူနာကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်မြို့) သို့ ပေးပို့စစ်ဆေးခဲ့ရာ လူနာ သုံးဦးတွင် Measles IgM Ab ELISA– Positive ဖြစ်ကြောင်း ဩဂုတ် ၅ ရက်တွင် အကြောင်းပြန်ကြားခဲ့သဖြင့် အဆိုပါဖြစ်စဉ်ကို ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားမှုဟုသတ်မှတ်၍ ဒေသတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ဝက်သက်ရောဂါတုံ့ပြန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ဩဂုတ် ၅ ရက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ဆရာဝန်ကြီးနှင့် ငှက်ဖျားဆရာဝန်ကြီး ခေါင်းဆောင်သော ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကူးစက်ဆရာဝန်နှင့် ခန္တီးခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်တို့ပါဝင်သော ကွင်းဆင်း အဖွဲ့တို့သည် တပ်မတော်ဆေးအဖွဲ့နှင့်ပူးပေါင်း၍ လဟယ်မြို့နယ် ထန်ခေါ်လာမား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

 

နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၂ ရက်အထိ ဖျားခြင်း၊ ချောင်းဆိုး သွေးပါခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်း လက္ခဏာများဖြင့် အသက်(၅)နှစ်အောက် ကလေး ၁၁ ဦး၊ အသက်(၂၄)နှစ် တစ်ဦး၊ အသက်(၅၄)နှစ် တစ်ဦး သေဆုံးသူစုစုပေါင်း ၁၃ ဦးရှိကြောင်း သတင်းရရှိသဖြင့် ဩဂုတ် ၃ ရက်တွင် ဒုံဟီးတိုက်နယ်ဆရာဝန် ဦးဆောင်သော ကွင်းဆင်းအဖွဲ့က သွားရောက်၍ ဆေးကုသမှုပေးခြင်း၊ ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့သည် နန်းယွန်းမြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများ သို့လည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ရာသီဥတုအခြေအနေ ကောင်းမွန်ပါက တပ်မတော် ရဟတ်ယာဉ်များ အသုံးပြု၍ ကွင်းဆင်းဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိပြီးဖြစ်သည်။

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသံလွင်ထွန်းတို့ ဦးဆောင်၍ ကူးစက်ဆရာဝန်ကြီး ငါးဦး ပါဝင်သော ကွင်းဆင်းအဖွဲ့က ဩဂုတ် ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်သို့ ရောက်ရှိပြီး ဆေးကုသရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များ၊ ဝက်သက်ရောဂါတုံ့ပြန်ကာကွယ် ဆေးထိုးလုပ်ငန်းများနှင့် နာဂဒေသ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။