နာဂဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့နယ် ထန်ခေါ် လာမား ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဝက်သက်ရောဂါကပ် အသွင်ဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ပတ်သက်၍ ရောဂါ ဖြစ်ပွားသည့် ဒေသနှင့် ရောဂါကူးစက်နိုင်ခြေရှိသော ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကူးစက်ရောဂါကုဆရာဝန်ကြီး ၁၀ ဦးနှင့် တပ်မတော်ဆေးအဖွဲ့များ ပူးပေါင်းပြီး လူနာများအား အရေးပေါ် ဆေးကုသမှုပေးခြင်း၊ လူနာသစ်ရှာဖွေကုသခြင်း၊ ဝက်သက်ရောဂါ ဖြစ်ပွားမှုအား ဓာတ်ခွဲအတည်ပြုခြင်း၊ ကျေးရွာရှိပြည်သူလူထုအား ဆေးကုသမှုပေးခြင်း၊ ဝက်သက် ရောဂါ ထပ်မံဖြစ်ပွားမှု မရှိစေရေးအတွက် ဝက်သက် ရောဂါကာကွယ်ဆေးနှင့် ဗီတာမင်အေ တိုက်ကျွေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိသည်။

 

ဝက်သက်ရောဂါ၏ ကူးစက်မှုသဘာဝအရ ရောဂါပျိုးရက်အတွင်း ရောဂါကူးစက်ခံရသူများတွင် ရောဂါ ဖြစ်ပွားနိုင်သေးသဖြင့် လူနာသစ်ရှာဖွေကုသခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ကွင်းဆင်းအဖွဲ့များက ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းအဖြစ် ရောဂါပိုး ကူးစက်နိုင်ခြေ များပြားသည့် ထန်ခေါ်လာမားကျေးရွာ၊ ထန်ခေါ်နောက်ကုန်းကျေးရွာ၊ ခန်းမလားကျေးရွာ၊ ရောင်ဖွန် ကျေးရွာ၊ တိုက်ရံကျေးရွာများနှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကဲဆန်ကားလန်၊ ကဲဆန်လောင်ကျန်း၊ ပွန်ရှိန်းကျေးရွာများရှိ အသက် ၁၅ နှစ်အောက် ကလေး ၆၂၀ အား ဝက်သက်ရောဂါ ကာကွယ်ဆေးထိုး နှံပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေး ၉၉၄ ဦး စုစုပေါင်း ၁၆၁၄ ဦးအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ခဲ့သည်။

 

ဆက်လက်၍ ဩဂုတ် ၁၆ ရက်မှ စ၍ လဟယ်မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်အောက် ကလေးအားလုံးကို လွှမ်းခြုံနိုင်ရေးအတွက် ကူးစက်ရောဂါကုဆရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ၁၅ ဦး ပါဝင်သော ကာကွယ်ဆေးထိုးအဖွဲ့ ၁၈ ဖွဲ့မှ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းတို့အား ဆက်လက် ဆောင်ရွက်လျက် ရှိသည်။ ခက်ခဲသော ဒေသများတွင် ကွင်းဆင်းကုသသည့်အဖွဲ့များ အဆင်ပြေစေရေးအတွက် မော်တော် ဆိုင်ကယ် ၁၀ စီးကို ချက်ချင်းထောက်ပံ့ပေးနိုင်ခဲ့သည်။ ကွင်းဆင်းအဖွဲ့များသည် ကျေးရွာများတွင် ဆေးခန်းများဖွင့်လှစ်၍ ပြည်သူလူထုအား ဆေးကုသမှုပေးခဲ့ရာ ဆေးခန်းပြလူနာ ၁၁၆၇ ဦးအားလည်း ဆေးကုသမှုပေးနိုင်ခဲ့သည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချက်ချင်းနှင့် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်မည် ဖြစ်သည်။ ချက်ချင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အဖြစ် ဖြစ်ပွားလျက်ရှိသော ရောဂါကာကွယ်ကုသနှိမ်နင်းရေးလုပ်ငန်းများနှင့် ဝက်သက်ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်း၊ အာဟာရကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအဖြစ် ကလေးငယ်များအား ဗီတာမင်နှင့် အာဟာရမှုန့်တိုက်ကျွေးခြင်း၊ နှစ်နှစ်မှ ကိုးနှစ်အတွင်း ကလေးများအား သန်ချဆေးတိုက်ကျွေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ တီဘီရောဂါ၊ ငှက်ဖျား ရောဂါ၊ အိတ်ခ်ျအိုင်ဗွီရောဂါနှင့် အခြား ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေး အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ရောဂါထိန်းချုပ် ကုသ နှိမ်နင်းရေးအဖွဲ့များနှင့် ပြည်သူ့ကျန်းမာရေး အထူးကု ဆရာဝန်ကြီးများအား စေလွှတ်ခြင်း၊ ကုသရေး ဦးစီးဌာနမှ ကလေးအထူးကုဆရာဝန်ကြီးများနှင့် သမားတော်ကြီးများ ပါဝင်သောဆေးအဖွဲ့များက ကျေးရွာများသို့ ကွင်းဆင်းကုသမှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

 

ရေတိုစီမံချက်အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ် များရှိ ကျေးရွာအားလုံးတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို အထူးကာကွယ်ဆေးထိုး လုပ်ငန်း အစီအစဉ် (Special Immunization Programme) ဖြင့် WHO, UNICEF တို့နှင့် ပူးပေါင်း ဆာင်ရွက်ခြင်း၊ အဆိုပါ မြို့နယ် သုံးခုလုံးတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေး လုပ်ငန်းများနှင့် ကုသရေး လုပ်ငန်းများအား အားဖြည့်ဆောင်ရွက်ခြင်း၊ လစ်လပ်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ ဖြည့်စွက်ခန့်ထားခြင်း၊ ကျေးရွာတိုင်းတွင် လူထုကျန်းမာရေး လုပ်သားများ လေ့ကျင့်မွေးထုတ်ခြင်း၊ သားဖွားဆရာမများအတွက် ယာယီကျေးလက် ကျန်းမာရေး ဌာနခွဲများ ဆောက်လုပ်ပေးခြင်း၊ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးစီမံချက် (Comprehensive Health Development Plan) ရေးဆွဲဆောင်ရွက်ခြင်းတို့အား စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ရေရှည်စီမံချက်အနေဖြင့် ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။