ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၂၁

၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ၁၂ ရက်ကြာ ကောက်ယူခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဩဂုတ်လ တွင် ရှေ့ပြေး လူဦးရေစာရင်းကို ထုတ်ပြန်၍ ၂ဝ၁၅ ခုနှစ် မေလတွင် ပင်မ သန်းခေါင်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 

ပင်မသန်းခေါင်စာရင်း၏ နောက်ဆက်တွဲ အစီရင်ခံစာတစ်ခုဖြစ်သော ကိုးကွယ်သည့်ဘာသာဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်မက်စ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ သန်းခေါင်စာရင်း အချက် အလက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ မှန်ကန်တိကျစေရေးအတွက် အရည်အသွေး ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်မှုနှင့် စာရင်းဇယားအဆင့်ဆင့် ထုတ်ပြန်ခဲ့မှုအခြေအနေ၊ သန်းခေါင် စာရင်း ကောက်ယူရရှိသည့် လူဦးရေစာရင်းနှင့် မကောက်ယူနိုင်သည့်ဒေသများမှ ခန့်မှန်း လူဦးရေ စာရင်းတို့အပေါ် ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်အလက်များအား ပင်မသန်းခေါင်စာရင်း၏ နောက်ဆက်တွဲ အစီရင်ခံစာတစ်ခု အဖြစ် ထုတ်ပြန်နိုင်ရေးဆောင်ရွက်မှု၊ သန်းခေါင်စာရင်း အချက် အလက်များမှ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ထိထိ ရောက်ရောက် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်နိုင်ရေး အခြေအနေ များနှင့် စပ်လျဉ်း၍ ဇယားကားချပ်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားအပြီးတွင် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများနှင့်တွေ့ဆုံရာ တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ကြသည်။

 

 

၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရရှိသော စုစုပေါင်း လူဦးရေ ၅ဝ၂၇၉၉ဝဝ အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗုဒ္ဓဘာသာ ၄၅၁၈၅၄၄၉ (၈၉ ဒသမ ၈) ရာခိုင်နှုန်း၊ ခရစ်ယာန် ၃၁၇၂၄၇၉ (၆ ဒသမ ၃) ရာခိုင်နှုန်း၊ အစ္စလာမ် ၁၁၄၇၄၉၅ (၂ ဒသမ ၃) ရာခိုင်နှုန်း၊ ဟိန္ဒူ ၂၅၂၇၆၃ (သုည ဒသမ ၅) ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၄ဝ၈ဝ၄၅ (သုည ဒသမ ၈)ရာခိုင်နှုန်း၊ အခြားဘာသာ ကိုးကွယ်သူ ၈၂၈၂၅ (သုည ဒသမ ၂)ရာခိုင်နှုန်း၊ မည့်သည့်ဘာသာမျှ မကိုးကွယ်သူ ၃ဝ၈၄၄ (သုည ဒသမ ၁) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ကချင်၊ ကရင်နှင့် ရခိုင်ပြည်နယ်များအတွင်း စာရင်းမကောက်ယူနိုင်သောဒေသ၌ ခန့်မှန်းလူဦးရေ ၁၂ဝ၆၃၅၃ ရှိရာ ယင်းစာရင်းများကို ထည့်သွင်း၍ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်သည့် ခန့်မှန်းလူဦးရေ ၅၁၄၈၆၂၅၃ ဦးကို အခြေခံတွက်ချက် ရာတွင် ဗုဒ္ဓဘာသာ ၈၇ ဒသမ ၉ ရာခိုင်နှုန်း၊ ခရစ်ယာန် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အစ္စလာမ် ၄ ဒသမ ၃ ရာခိုင်နှုန်း၊ ဟိန္ဒူ ဝ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ သုည ဒသမ ၈ ရာခိုင်နှုန်း၊ အခြားဘာသာကိုးကွယ်သူ သုည ဒသမ ၂ ရာခိုင်နှုန်း၊ မည်သည့်ဘာသာမျှမကိုးကွယ်သူ သုည ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ယနေ့ ထုတ်ပြန်ချက် များအရ သိရသည်။

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာ အသီးသီးမှ ခေါင်းဆောင် များနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။