လူ ၆၀၀ ကျော် အမည်မည်းစာရင်းမှ ပယ်ဖျက်

Printer-friendly versionSend by email

“အရင်အစိုးရလက်ထက်ကရှိခဲ့တဲ့ အမည်မည်းစာရင်း (Black List) တွင် ထည့်သွင်းခံထားရသည့် မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို အမည်မည်းစာရင်း (Black List) မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း” အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

 

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ယနေ့ ညနေပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အမည်မည်းစာရင်းကို ထပ်မံပယ်ဖျက်နိုင်ရန်လည်း စိစစ်လျက် ရှိပါကြောင်း၊ အမည်မည်းစာရင်းတွင် နိုင်ငံရေးအရ အစိုးရကို အကြည်ညိုပျက်အောင်လုပ်သူများ၊ စီးပွားရေးအရ အမည်ပျက်ရှိသူ ပြည်တွင်းပြည်ပပုဂ္ဂိုလ်များ ပါဝင်လျက်ရှိပြီး နိုင်ငံရေးနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များကို ဦးစားပေး ပယ်ဖျက်နေခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးအရ အမည် ပျက်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ အလိုရှိသူများကိုမူ ပယ်ဖျက်ပေး၍မရကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် အမည်ပျက်စာရင်းဝင် အရေအတွက် မည်မျှရှိကြောင်းကို အတိအကျ ပြောကြား နိုင်ခြင်း မရှိသေးဘဲ ဥပဒေအရနိုင်ငံတော်အစိုးရသို့ ပညာသင်ကြားမှုလျော်ကြေးပေးခြေခြင်းမရှိဘဲ နိုင်ငံခြားသို့ တရားမဝင် သွားရောက်နေထိုင်သောပညာရှင်များပါ ပါဝင်နေပြီး ၎င်းတို့အနေဖြင့် နိုင်ငံတော်မှ သတ်မှတ် ထားသော ပညာသင်လျော်ကြေး ပြန်လည်ပေးလျော်ရုံဖြင့် အမည်မည်းစာရင်းမှ ကင်းလွတ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံသားခံယူထားသည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမောင်မောင်ဝမ်းကိုလည်း အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချက်အရ ယမန်နေ့ ညတွင် ပြည်ဝင်ခွင့်ပေးလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

 

“အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်အနေနဲ့ ဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းဟောင်းများ အနက် နိုင်ငံရေးအရနာမည်ပျက်စာရင်း အသွင်းခံထားရသူတွေရှိပါက ဌာနအလိုက်စာရင်း တင်ပြကြရန် ညွှန်ကြားထားပြီး အမည်မည်းစာရင်းမှ ပယ်ဖျက်မှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်၊ ခွင့်ပြုချက် အရ ပယ်ဖျက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

 

ထို့ပြင် မြန်မာနိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ ဦးနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်းနှင့် တရားဝင်နိုင်ငံကူး လက်မှတ်အဆင့်မှ ပယ်ဖျက်ထားသော နိုင်ငံကူး လက်မှတ် ၄၈၄၅ အုပ်တို့သာ အမည် မည်းစာရင်း (Black List) ရေးသွင်းထားရှိပြီး ပယ်ဖျက် သင့်သူများအား ဥပဒေနှင့်အညီ ဆက်လက်ဖြေလျှော့ပယ်ဖျက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၅ ခု ပူးပေါင်း၍ နာမည်ပျက် စာရင်းတွင် ပါဝင်နေသူများကို စိစစ်ဖြေလျှော့မှုများ ပြုလုပ်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

 

သို့သော် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အလိုရှိနေသော အကြမ်းဖက်သမား များ၊ ပြစ်မှုကျူးလွန်သူများနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများတွင် ကျူးလွန်ထားသူများကိုမူ ပယ်ဖျက် ပေးမည် မဟုတ်ဘဲ အမည်မည်းစာရင်းတွင် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

Black List ဖြေလျှော့ပယ်ဖျက်နိုင်ရေးလုပ်ငန်းစီမံချက်ကို မေ ၁ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။