လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းလမ်းကြောင်းကို စိုးမိုးသည့် ပွိုင့် - ၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ သိမ်းပိုက်ရရှိ

Printer-friendly versionSend by email

နေပြည်တော် မတ် ၁၅

လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းသို့ ဆက်သွယ်ထားသော လမ်းကြောင်းကို စိုးမိုးနေသည့် တောင်ကုန်းများ၌ အခြေပြုထားသော MNDAA လက်နက်ကိုင်အဖွဲ့များကို တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူပစ်အား ရယူ၍ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ရာ ယနေ့နံနက် ၁ နာရီတွင် ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ပြီး အလောင်းသုံးလောင်းနှင့် အာရ်ပီဂျီ နှစ်လက်အပါအဝင် လက်နက်မျိုးစုံ ရှစ်လက် သိမ်းဆည်းရရှိကာ မိမိအရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံနယ်စပ်ကြားတွင် မတ် ၆ ရက်မှစတင်၍ MNDAA လက်နက်ကိုင် အဖွဲ့များ ဝင်ရောက် နေရာယူထားသော ပွိုင့်-၁၂၆၉၊ ပွိုင့်-၁ဝ၈၈၊ ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများက နယ်မြေအေးချမ်းတည်ငြိမ်ရေး ရှင်းလင်းဆောင်ရွက်ခဲ့ရာ မတ် ၆ ရက်မှ ၁၄ ရက်အထိ တိုက်ပွဲ ကြီး/ငယ် ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ၁၇ လောင်းနှင့် လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့ပြီးဖြစ်သည်။

ထိုသို့ ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိမှုကြောင့် လောက်ကိုင်- ရန်လုံကျိုင်းလမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လောက်ကိုင်အရှေ့ခြမ်းနယ်မြေ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် တပ်မတော်စစ်ကြောင်းများက MNDAA လက်နက်ကိုင်အဖွဲ့များအား ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။