MNDAA လက်နက်ကိုင်အဖွဲ့များ ယာယီခံစစ်ပြင်ဆင်အခြေပြုထားသော ပွိုင့်-၁၀၈၈ တောင်ကုန်းအား တပ်မတော်က သိမ်းပိုက်ရရှိ

Printer-friendly versionSend by email

နေပြည်တော် မတ် ၁၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်နယ်မြေအတွင်း MNDAAလက်နက် ကိုင်အဖွဲ့များက နှစ်နိုင်ငံ နယ်စပ်နီးကပ်မှုကို အခွင့်ကောင်းယူ၍ အခြေပြုထားသော ပွိုင့်-၁၀၈၈ တောင်ကုန်းအား တပ်မတော်မှ ယနေ့ နံနက် ၁၀ နာရီခွဲတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

လောက်ကိုင်နယ်မြေအတွင်း MNDAA လက်နက်ကိုင်အဖွဲ့များသည် နှစ်နိုင်ငံနယ်စပ်နီးကပ်မှုကို အခွင့်ကောင်းယူ၍ ရန်လုံကျိုင်း နယ်စပ်စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် လောက်ကိုင်-ရန်လုံကျိုင်း လမ်းကြောင်းကိုစိုးမိုးပြီး ယာယီခံစစ်စခန်း ပြင်ဆင်ခြေကုပ်ယူထားသော ပွိုင့်-၁၀၈၈ တောင်ကုန်း ကို တပ်မတော်စစ်ကြောင်းများက မတ် ၈ ရက်မှစတင်တိုက်ခိုက်ရင်ဆိုင်ထိန်းချုပ်ပြီး ယနေ့ နံနက် ၆ နာရီခန့်မှစတင်၍ အမြောက်၊ လက်နက်ကြီး ပစ်ကူယူတိုက်ခိုက်ခဲ့ရာနံနက် ၁၀ နာရီခွဲခန့်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်အနေဖြင့် ပွိုင့်-၁၀၈၈တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တစ်ဖက်နိုင်ငံနှင့် မီတာ ၈၀၀ ခန့်အကွာ နှစ်နိုင်ငံနယ်စပ်နီးကပ်နေသဖြင့် အမြောက်၊ လက်နက်ကြီးများ၏ ပစ်ခတ်မှုများကို တစ်ဖက်နိုင်ငံသို့ကျည်ကျော်ကျရောက်မှုမရှိစေရန် တိကျစွာတွက်ချက် ထိန်းချုပ် ၍ စနစ်တကျ ပစ်ခတ်ထိန်းသိမ်းတိုက်ခိုက်ခဲ့ရသည့် တောင်ကုန်းတစ်ခု ဖြစ်သည်။

 

ဖြစ်စဉ် တွင်MNDAAလက်နက်ကိုင်အဖွဲ့ထံမှ အလောင်း ခြောက်လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး မိမိအရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

 

လောက်ကိုင်-ရန်လုံကျိုင်းလမ်းကြောင်းကို အဓိကစိုးမိုးနေသည့်ပွိုင့်-၁၂၆၉ တောင်ကုန်းကို လည်း တပ်မတော်က မတ် ၁၅ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သဖြင့် ယခုအခါ လောက်ကိုင်မြို့တွင်းနှင့် ရန်လုံကျိုင်းနယ်စပ်ဂိတ် ကားလမ်းတစ်လျှောက် စိုးမိုးတောင်ကုန်းများတွင် နေရာယူထားသည့် MNDAA လက်နက်ကိုင်အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက ဖယ်ရှားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိ နေသေးသည့် ဘီပီ ၁၂၅ နှင့် ဘီပီ ၁၂၆ အနီးတစ်ဝိုက်တောင်ကုန်းများတွင် ယာယီခြေကုပ်ယူ အခြေပြုထားသည့် MNDAAလက်နက်ကိုင်အဖွဲ့များကိုလည်း တပ်မတော် စစ်ကြောင်းများက ဆက်လက် ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။