တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံ ကုန်သွယ်ရေး၊ ဆက်ဆံရေးနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေး ဆွေးနွေး

Printer-friendly versionSend by email

နေပြည်တော် မတ် ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လောက်ကိုင်ဒေသ၏ နောက်ခံ သမိုင်းကြောင်းနှင့် ၂ဝ၁၅ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်၊ ၂ဝ၁၇ ခုနှစ်များအတွင်း လက်နက်ကိုင်များက အရှေ့မြောက် နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို ငြင်းပယ်၍ စစ်ရေး နည်းလမ်းကိုသာ ရွေးချယ် လုပ်ဆောင်ခဲ့မှုများ၊ တိုက်ပွဲများကြောင့် တပ်မတော်သားများ စွန့်လွှတ် ပေးဆပ်ရမှုများရှိပြီး ၎င်းတို့လည်း ထိခိုက် ကျဆုံးမှုများစွာရှိကြောင်း၊ ဒေသခံပြည်သူများလည်း နစ်နာမှုရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဆက်ဆံရေးကိုပါ ထိခိုက်စေခြင်းကြောင့် မည်သည့် အကျိုးမျှမရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့ စစ်ရေးအရ အခြေအနေဖန်တီးနိုင်ခွင့် မရှိစေရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

တရုတ်နိုင်ငံ သံအမတ်ကြီးက မြန်မာ-တရုတ် နယ်စပ်ကိစ္စရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လက်ရှိလောက်ကိုင်ဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေမှု၊ နှစ်ဦး နှစ်ဖက် လုပ်ဆောင်နေမှု၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။