MNDAA လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အကြားရှိ တောင်ကုန်းများနှင့် ပွိုင့် ၁၀၅၂ တောင်ကုန်းတို့အား တပ်မတော် စစ်ကြောင်းများ သိမ်းပိုက်ရရှိ

Printer-friendly versionSend by email

နေပြည်တော် မတ် ၂၃



MNDAA လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အကြားရှိ တောင်ကုန်းများနှင့် ပွိုင့် ၁၀၅၂ တောင်ကုန်းတို့အား တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း သိရသည်။



MNDAA လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်မှ အမြောက်လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ကူပေးရန် ကန့်သတ်ချက်ရှိသည့် တောင်ကုန်းများတွင် ခြေကုပ်ယူ၍ လောက်ကိုင်မြို့ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အရပ်ဘက် ပစ်မှတ်များကို မတ် ၆ ရက် နံနက် အစောပိုင်းက တိုက်ခိုက်ခဲ့သော်လည်း ကြိုတင်သတင်း ရရှိထားသည့် တပ်မတော်စစ်ကြောင်းများ၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့ သိမ်းတိုက်ပွဲတွင် ရည်ရွယ်ချက် ပျက်ပြားခဲ့ပြီး အဆိုပါနေ့တွင် တရုတ်နိုင်ငံနယ်စပ်အနီး တောင်ကုန်းများ၌ အင်အားများ ဖြန့်ခွဲ၍ ယာယီခံစစ်ဆင်နွှဲခြင်း၊ လောက်ကိုင်မြို့အတွင်းသို့ ၁၀၇ မမဒုံးပစ်လောင် ချာများဖြင့် ပစ်ခတ်နှောင့်ယှက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

                          

တပ်မတော် စစ်ကြောင်းများကလည်း လောက်ကိုင်မြို့အတွင်းနှင့် နှစ်နိုင်ငံနယ်စပ် အမြန်ဆုံးတည်ငြိမ် အေးချမ်းရေးအတွက် အမြောက်၊ လက်နက်ကြီး ပစ်ကူအားများဖြင့် MNDAA လက်နက်ကိုင်အဖွဲ့များ ခြေကုပ်ယူ ထားသည့်တောင်ကုန်းများကို မတ် ၈ ရက်မှစတင်၍ ရည်မှန်းချက်အလိုက် တိုက်ခိုက်ချေမှုန်းခဲ့ရာ မတ် ၁၅ ရက်တွင် ပွိုင့် ၁၂၆၉ တောင်ကုန်း၊ မတ် ၁၆ ရက်တွင် ပွိုင့် ၁၀၅၂ တောင်ကုန်းနှင့် မတ် ၁၇ ရက်တွင် ပွိုင့် ၁၀၈၈ တောင်ကုန်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။



ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းများက နှစ်နိုင်ငံ နယ်စပ်အနီး ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အကြားရှိ ရန်ကျန်းထင် ကျေးရွာအနီး တောင်ကုန်းများ၌ နောက်ဆုံး ခြေကုပ်ယူထားသည့် MNDAA လက်နက်ကိုင် အဖွဲ့များကို မတ် ၂၀ ရက်မှစ၍ အမြောက်၊ လက်နက်ကြီးပစ်ကူ ရယူ၍တိုက်ခိုက်ခဲ့ရာ ခန့်မှန်းမြေ ပုံညွှန်း MG -၈၁၅၂၁၅ နေရာရှိတောင်ကုန်းကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း MG -၈၁၃၂၁၇ နေရာရှိ တောင်ကုန်းကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း MG -၈၁၇၂၁၈ နေရာရှိ တောင်ကုန်းကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။ မတ် ၆ ရက်မှ ယနေ့ နောက်ဆုံး သိမ်းပိုက်ပြီးချိန်အထိ အလောင်း ၂၈ လောင်း၊ လက်နက်မျိုးစုံ ၅၉ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံနှင့် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းသုံးသောင်းကျော် သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။