ရှိရင်းစွဲ မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေသလို မိတ်ဆွေသစ်တွေ တိုးပွားအောင်၊ ရင်းနှီးမှုတွေရအောင်လည်း ဆောင်ရွက်ရပါတယ် (အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်း)

Printer-friendly versionSend by email

ရှိရင်းစွဲ မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေသလို မိတ်ဆွေသစ်တွေ တိုးပွားအောင်၊ ရင်းနှီးမှုတွေရအောင်လည်း ဆောင်ရွက်ရပါတယ်

(အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်း)

 

သတင်းအဖွဲ့

 

နိုင်ငံတော်၌ ကြုံတွေ့နေရသည့် ပြည်တွင်းပြည်ပ အန္တရာယ်များကို မဟာဗျူဟာကျကျ လေ့လာသုံးသပ် အကြံပြုနိုင်ရန်အတွက် နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုဝန်ကြီး အဆင့် သတ်မှတ်ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် တာဝန်ပေးခန့်အပ်ခဲ့သည်။

 

အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့၊ နိုင်ငံခြားဘာသာသိပ္ပံမှ ပြင်သစ်ဘာသာဒီပလိုမာ၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ Johns Hopkins တက္ကသိုလ်၊ School of Advanced International Studies မှ နိုင်ငံတကာပြည်သူ့ရေးရာ မူဝါဒဘာသာရပ်နှင့် မဟာဘွဲ့ရရှိခဲ့သည်။

 

ဦးသောင်းထွန်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့်သံတမန်ကြီးတစ်ဦးဖြစ်သည်။

 

ထို့ပြင် နှစ်စဉ် အာဆီယံအဆင့်မြင့် အရာရှိကြီးများအဆင့် ဆွေးနွေးပွဲများတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်အနေဖြင့် တာဝန်ယူခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့တွင်လည်း အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သည့်အပြင် အငြိမ်းစားယူပြီးနောက် စင်ကာပူတွင်ရှိသည့် အရှေ့တောင်အာရှလေ့လာရေးဌာန ISEAS ၌ Visiting Senior Research Fellow အဖြစ် ဆောင်ရွက်ခဲ့သည်။

 

မေး ။ ။ လက်ရှိအစိုးရသစ်လက်ထက်မှာ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဆိုပြီး ရာထူးအသစ်တစ်ရပ် ခန့်အပ်လိုက်ပါတယ်။ အဲဒီလို ခန့်အပ်လိုက်တဲ့ အချိန်ကစပြီး ပြည်သူလူထု တစ်ရပ်လုံးက ဒါနဲ့ပတ်သက်ပြီး တော်တော်စိတ်ဝင် စားကြပါတယ်။ ရာထူးအသစ်ခန့်အပ် ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူလူထုသိအောင် ပြောပြပေးစေလိုပါတယ်။

 

ဖြေ ။ ။ ဒီရာထူးခန့်အပ်လိုက်တဲ့ အကြောင်းရင်းတစ်ခုကတော့ ပြောင်းလဲလာတဲ့ ကမ္ဘာ့ရေးရာ၊ နိုင်ငံတကာဆက်ဆံရေး သဘောသဘာဝတွေနဲ့အတူ ပိုမိုကျယ်ပြန့်ရှုပ်ထွေးလာတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ထိထိရောက် ရောက်နဲ့ ကာကွယ်သွားနိုင်ဖို့အတွက်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတိုင်းမှာ အမျိုးသား အကျိုးစီးပွားကိုကာကွယ်ဖို့ အမျိုးသားရည်မှန်းချက်တွေ ချမှတ် ဆောင်ရွက်ရပါတယ်။ ဒီရည်မှန်းချက်တွေအောင်မြင်ဖို့ မဟာဗျူဟာတွေ ရွေးချယ်ဆုံးဖြတ်ချမှတ် ရပါတယ်။

 

ဒီလိုဆောင်ရွက်ရာမှာ ကိုယ့်နိုင်ငံအခြေအနေအပြင် ဒေသတွင်း၊ နိုင်ငံတကာအခြေအနေတွေကို ထည့်သွင်းသုံးသပ်ရပါတယ်။ အခုခေတ်မှာ နည်းပညာ တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ globalization လို့ခေါ်တဲ့ ကမ္ဘာလုံး ဆိုင်ရာ ဆက်စပ်ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်မှာ တစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာတွေဟာ အခြားနိုင်ငံတွေကိုပါ သက်ရောက်စေ နိုင်ပါတယ်။

 

ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံအပေါ် သက်ရောက်နိုင်တဲ့ ခြိမ်းခြောက်မှု တွေကို ကာကွယ်နိုင်ဖို့အတွက် မဟာဗျူဟာ ရှုထောင့်ကနေ လေ့လာသုံးသပ်ဖို့ ပိုအရေးကြီး လာပါတယ်။

 

ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ပြည်ပကလည်း သိရှိနားလည်အောင် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုပါတယ်။ဒါတွေကို အထောက်အကူပြုဖို့ အတွက် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

 

နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံဟာ ပထဝီဝင် အနေအထားအရ အိန္ဒိယနဲ့ တရုတ်နိုင်ငံ တို့အကြားမှာ တည်ရှိနေပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှကြားမှာ ပေါင်းကူး တံတားလို ဖြစ်နေပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် တက်ကြွစွာ ဆောင်ရွက်နေသလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံတွေ နဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

 

မနှစ်က အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ဘင်းမ်စတက်ထိပ်သီးအစည်း အဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို နှစ်စဉ်ကျင်းပဖို့ သဘောတူ ခဲ့ကြပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ မှာလည်း ကျန်နိုင်ငံတွေနည်းတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (National Security Advisor) ခန့်အပ်ဖို့ လိုအပ်လာပါတယ်။

 

နိုင်ငံအတော်များများမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အသီးသီးရှိကြပါတယ်။ National Security Advisor တွေအနေနဲ့ ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေကို မဟာဗျူဟာကျကျ လေ့လာသုံးသပ်ပြီး ကိုယ့်နိုင်ငံအပေါ် ထိခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက်ကာကွယ် ဖို့အတွက် အကြံပြုပေးနိုင်ဖို့ ခန့်အပ် ထားကြတာဖြစ်ပါတယ်။

 

အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ သီရိလင်္ကာ၊ ထိုင်း၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာလည်း နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ဝါရင့်ပုဂ္ဂိုလ်တွေကို ခန့်အပ် တာဝန်ပေးထားတာကို တွေ့ရှိနိုင်ပါတယ်။

ဒီရာထူးတာဝန်ဟာ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေကို တိုက်ရိုက်အကောင် အထည်ဖော် ဆောင်ရွက်တဲ့ (Implementation) အပိုင်းမဟုတ်ဘဲ ထိရောက်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒတွေချမှတ်ရာမှာ အထောက်အကူပြု (Policy Support) ပေးခြင်းဖြစ်ပါတယ်။

 

မေး ။ ။ ဒီတာဝန်ကို ယူတဲ့အချိန်က စပြီးတော့ ဘယ်လိုအခန်းကဏ္ဍတွေ၊ ဘယ်လိုနယ်ပယ်တွေမှာ အဓိကထားပြီး ဆောင်ရွက်ပေးနေသလဲဆိုတာ သိချင် ပါတယ်။

 

ဖြေ ။ ။ ဒီတာဝန်ယူပြီးတဲ့အချိန်ကစပြီး အဓိကဆောင်ရွက်နေတာ နှစ်ပိုင်းရှိပါ တယ်။

 

ပထမတစ်ပိုင်းကတော့ အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီး ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေ၊ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပေါင်းစပ်ပြီး လေ့လာသုံးသပ် အကြံပြုပါတယ်။

 

ဒုတိယတစ်ပိုင်းကတော့ ကိုယ့်နိုင်ငံ အခြေအနေကို နိုင်ငံတကာက ပိုမိုနားလည် လက်ခံလာအောင် ဆောင်ရွက်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ကိစ္စအချို့ ရှိပါတယ်။ ဒီလိုကိစ္စတွေ အပေါ်မှာ အခြေအနေမှန်ကိုမသိဘဲ အထင်အမြင်လွဲမှားရင် နိုင်ငံတကာရဲ့ အာရုံ စူးစိုက်မှုတွေ၊ မလိုလားအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ကိုယ့်ပြည်တွင်းရေး ကိစ္စတွေ အပေါ်မှာ ဝင်ရောက်စွက်ဖက်လာနိုင်ပါတယ်။

 

ဒီလိုဖြစ်ရပ်မျိုးတွေကို ကာကွယ်ဟန့်တားနိုင်ဖို့ ကိုယ့်နိုင်ငံရဲ့ ပထဝီဝင် အနေအထား၊ သမိုင်းကြောင်း၊ တန်ဖိုးထားမှုတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေရဲ့ ထိလွယ် ရှလွယ်အနေအထား၊ လက်ရှိဖြစ်ပေါ် တိုးတက်မှုတွေကို နိုင်ငံတကာ အသိုင်း အဝိုင်းက သိရှိနားလည်အောင် ဆောင်ရွက်နေပါတယ်။ ရှိရင်းစွဲ မိတ်ဆွေနိုင်ငံ တွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေသလို မိတ်ဆွေသစ် တွေ တိုးပွားအောင်၊ ရင်းနှီးမှုတွေ ရအောင်လည်း ဆောင်ရွက်ရပါတယ်။

 

ဒီတာဝန်ယူပြီးတဲ့ အချိန်ကစပြီး ရန်ကုန်မြို့မှာရုံးစိုက်တဲ့ ပြည်ပသံရုံးတွေက သံတမန်အကြီးအကဲတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေကို ဖိတ်ကြားတွေ့ဆုံပြီး နိုင်ငံတော်အစိုးရရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ နိုင်ငံတကာက သံတမန်တွေအပြင် ပြည်ပရင်းနှီးမြှုပ်နှံသူ ပုဂ္ဂလိကလုပ်ငန်းရှင် တွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိအခြေ အနေမှန်တွေကို ရှင်းလင်းဆွေးနွေး ခဲ့ပါတယ်။

 

တစ်ဖက်မှာလည်း နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။

 

ဂျာမနီမှာကျင်းပခဲ့တဲ့ မြူးနစ်လုံခြုံရေးညီလာခံ၊ အိန္ဒိယမှာကျင်းပခဲ့တဲ့ ဘင်းမ်စတက် အမျိုးသားလုံခြုံရေး အကြီးအကဲများ အစည်းအဝေး၊ ရုရှားမှာ ကျင်းပခဲ့တဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးတွေ မကြာခင်ကပဲ စင်ကာပူမှာ ကျင်းပခဲ့တဲ့ အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေး (Shangri-La Dialogue) နဲ့ ဂျပန်မှာကျင်းပခဲ့တဲ့ အာရှရဲ့ အနာဂတ်ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးတို့မှာ အမျိုးသား လုံခြုံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့သလို ကိုယ့်နိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို ပြည်ပနိုင်ငံတွေက နားလည် သဘောပေါက်အောင် ဆွေးနွေးခဲ့ပါတယ်။ မီဒီယာ အင်တာဗျူးတွေက တစ်ဆင့်လည်း အသိပေးရှင်းပြခဲ့ပါတယ်။

 

မေး ။ ။ လုံခြုံရေးလို့ပြောလိုက်တာနဲ့ ကာကွယ်ရေးကို တွဲမြင်တတ်ကြပါတယ်။

 

လုံခြုံရေးအတွက် တာဝန်ရှိတာက ကာကွယ်ရေးမှာပဲလို့ အများပြည်သူက ရှုမြင်သုံးသပ်ကြတာ များပါတယ်။ အဲ့ဒီအတွက် အမျိုးသားလုံခြုံရေးဆိုတာ ဘာပါလဲ၊ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး ရှုမြင်သုံးသပ်ချက်ကို သိချင်ပါတယ်။

 

ဖြေ ။ ။ အမျိုးသားလုံခြုံရေးဆိုတာကတော့ အင်မတန်မှကျယ်ပြန့်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ နယ်မြေတည်တံ့မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ အမျိုးသားအကျိုးစီးပွားတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပတ်သက်နေတဲ့ ကိစ္စတွေအားလုံးဟာ အမျိုးသားလုံခြုံရေးကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ခြိမ်းခြောက် ထိခိုက်လာတဲ့ ကိစ္စတွေအားလုံးဟာ အမျိုးသားလုံခြုံရေး ပြဿနာလို့ ဆိုနိုင်ပါတယ်။

 

အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာလို့ဆိုရာမှာ သမားရိုးကျ လုံခြုံရေးပြဿနာတွေ ဖြစ်တဲ့ စစ်ရေး၊ စီးပွားရေး စတာတွေအပြင် သမားရိုးကျ မဟုတ်တဲ့ လူကုန်ကူးမှုပြဿနာ၊ နယ်မြေချင်း ထိစပ်တဲ့နိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုတွေ အစွန်းရောက် အကြမ်းဖက်မှု ပြဿနာ၊ လူသား လုံခြုံမှု၊ စွမ်းအင်လုံခြုံမှု၊ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတု ဖောက်ပြန်မှုပြဿနာ၊ ကူးစက်မြန် ရောဂါဆိုးများ ပျံ့နှံ့လာမှုပြဿနာ၊ အခုဆိုရင် Cyber Crime စတာ တွေအထိ ကျယ်ပြန့်စွာပါဝင်ပါတယ်။

 

အခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေက ပိုပြီးဆန်းပြား ရှုပ်ထွေးလာပါတယ်။ ဥပမာ လူမှုကွန်ရက်တွေက တစ်ဆင့် အမျိုးသားလုံခြုံရေးကို ထိခိုက်တဲ့အထိ ဖြစ်သွားစေတဲ့ ခြိမ်းခြောက်မှုတွေလည်း ပေါ်ပေါက်နေပါတယ်။ တစ်နိုင်ငံမှာ ဖြစ်ပွားတဲ့ပြဿနာက တခြားနိုင်ငံတွေကိုလည်း ရိုက်ခတ်တဲ့အတွက် ဒါတွေကို ရင်ဆိုင်ဖို့ တစ်နိုင်ငံတည်းက ဆောင်ရွက်နေလို့မရပါဘူး။ နှစ်နိုင်ငံအဆင့်၊ ဒေသတွင်း အဆင့်၊ နိုင်ငံတကာအဆင့်မှာ ထိတွေ့ပူးပေါင်းဆောင်ရွက်ဖို့၊ သတင်းအချက်အလက် တွေဖလှယ်ဖို့၊ သတင်းလက်ဦးမှုရရှိဖို့ အရေးကြီး လာပါတယ်။

 

မျက်မှောက်ခေတ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ရေးအရကျူးကျော်တိုက်ခိုက် တာမျိုး၊ မြင်သာထင်သာတဲ့ စွက်ဖက်မှုမျိုးတွေထက် မသိသာ မမြင်သာတဲ့ စွက်ဖက် မှုတွေ၊ ဩဇာလွှမ်းမိုးမှု၊ အ$ကျပ်ကိုင်မှုတွေ အသွင်မျိုးစုံနဲ့တွေ့မြင်ရပါတယ်။

 

နိုင်ငံရေးသွတ်သွင်းလိုမှုတွေ၊ နိုင်ငံတကာစံနှုန်းတွေကို နိုင်ငံရေးလက်နက်လို အလွဲသုံးစားအသုံးပြုမှုတွေ၊ ကိုယ့်နိုင်ငံရေးရည်မှန်းချက်အတွက် အားနည်းတဲ့ နိုင်ငံ တွေကို အသုံးချလာတာမျိုးပါ တွေ့မြင်ရပါတယ်။

 

တစ်နိုင်ငံကတစ်နိုင်ငံကို ဖိအားပေးချင်တဲ့အခါ၊ နိုင်ငံရေးအရ လိုလားချက်ကို အကောင်အထည် ဖော်လိုတဲ့ အခါမျိုးတွေမှာ အမှန်တရားကို မသိကျိုးကျွန်ပြုပြီး လိုချင်တဲ့ အဖြေထွက်ဖို့ ပြဿနာကို ပုံဖော်ဖန်တီးတာမျိုး၊ နိုင်ငံတကာ စံနှုန်းတွေ ခုတုံးလုပ်တာမျိုးတွေ ရှိပါတယ်။

 

လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုတဲ့မူတွေဟာ ရည်ရွယ် ချက်အရ ကောင်းမွန်ပေမယ့် လိုရာဆွဲ အသုံးပြုမယ်ဆိုရင် ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်ပြီး ပြည်တွင်း ရေးရာတွေမှာ ဝင်စွက် ဖက်လာနိုင်တယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။

 

မေး ။ ။ ယနေ့ခေတ်ကာလမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်တဲ့အခါမှာ ပြောနေကြတဲ့စကားဟာ နိုင်ငံတကာစံနှုန်းလို့ ပြောနေကြတယ်။ Human Security ၊ Responsibility to Protect- R2P လို့ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှုမြင် သုံးသပ်ချက်ကို သိချင်ပါတယ်။

 

ဖြေ ။ ။ လူသားလုံခြုံမှု (Human Security) ဆိုတဲ့ အသုံးအနှုန်းကတော့ စစ်အေးကာလနောက်ပိုင်းမှာ စပြီးအသုံးများ လာခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ ရဲ့ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှုအပေါ် အဓိက ရည်ရွယ်ဆိုလိုထားတာ ကြောင့် ဒီအသုံးအနှုန်းဟာ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပိုသက်ဆိုင်ရည်ညွှန်းထားတာ တွေ့ရပါတယ်။

 

ဒီ Human Security အသုံးအနှုန်းကို ၁၉၉၂ ခုနှစ်ကစပြီး ကုလသမဂ္ဂမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ နိုင်ငံရေးအရ ကြောက်ရွံ့မှုကင်းခြင်း၊ ငတ်မွတ်မှုမရှိခြင်း၊ ရောဂါကင်းခြင်း၊ အလုပ်အကိုင် ရရှိခြင်း စတဲ့ အနှစ်သာရတွေကိုပါ ထည့်သွင်း ထားပါတယ်။

 

ဒါပေမယ့် အဲဒီအချိန်ကတည်းက ဖွံ့ဖြိုးဆဲ နိုင်ငံအများစုကတော့ ဒါကိုသုံးပြီး ပြည်တွင်းရေးမှာ ဝင်စွက်ဖက် လာမယ့် အရေးကို စိုးရိမ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Human Security ကို နိုင်ငံဖွံ့ဖြိုးရေး ရှုထောင့်ကနေ ချဉ်းကပ်ရင် ကောင်းမွန်ပေမယ့် လူ့အခွင့်အရေးကို အကြောင်းပြပြီး မလိုလားအပ်တဲ့ နိုင်ငံရေး သွတ်သွင်းမှုတွေရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ Human Security အသုံးအနှုန်းခေတ်စားလာပြီးနောက်မှာ Respon-sibility to Protect- R2P လို့ခေါ်တဲ့ ဝင်ရောက် ကာကွယ်ရန် တာဝန်ရှိမှုဆိုတဲ့ အသုံးအနှုန်း ခေတ်စားလာတာကြောင့် နိုင်ငံငယ်တွေ စိုးရိမ်မှု ပိုများခဲ့ပါတယ်။

 

R2P ဆိုတဲ့အယူအဆကို ၂ဝဝ၅ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ကမ္ဘာ့ထိပ်သီး အစည်းအဝေး(World Summit) မှာ ပထမဆုံးအကြိမ် တရားဝင် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

ဒီအယူအဆအရ အစိုးရဟာ ပြည်သူတွေကို ကာကွယ်ပေးဖို့ အဓိကတာဝန် ရှိပြီး ကာကွယ်ပေးဖို့ ပျက်ကွက်တယ်လို့ သတ်မှတ်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်ကူညီဖို့၊ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။

 

အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အလေးထားပေမယ့် နိုင်ငံတစ်နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တွေရှိနေရင်၊ genocide ဆိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ Ethnic Cle-ansing လူမျိုးတုံးသတ်ဖြတ်မှု၊War Crimes ဆိုတဲ့ စစ်အတွင်း စောင့်ထိန်းရမယ့် ကျင့်ဝတ်ကျော်ပြီး ကျူးလွန်တဲ့ပြစ်မှုမျိုး၊Crimes Against Humanity ဆိုတဲ့ လူသားမဆန်စွာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုဆိုတဲ့ အခြေအနေမျိုးရှိတယ် လို့ သတ်မှတ်လိုက်ရင် နိုင်ငံတကာက သံတမန်နည်းလမ်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ အခြားငြိမ်းချမ်းတဲ့ နည်းလမ်းများ သာမက နောက်ဆုံးစစ်ရေးကိုပါ သုံးနိုင်တဲ့အထိ စွက်ဖက်ခွင့်ရှိတယ် ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။

 

အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စစ်ရေးအရပါ စွက်ဖက်နိုင်တဲ့R2P အယူအဆကို တချို့နိုင်ငံတွေက နိုင်ငံတကာစံနှုန်းတစ်ခု ဖြစ်ဖို့ ကြိုးစားခဲ့တာဟာ စေတနာကောင်းနဲ့ ဆောင်ရွက်တာမျိုး ရှိနိုင်ပေမယ့် နိုင်ငံရေး အရ တလွဲအသုံးပြု ထိုးနှက်တာမျိုးတွေ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံကိုလည်း စွပ်စွဲပြောဆိုတာမျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ စံနှုန်းတွေကို တလွဲသုံးပြီး လွှမ်းမိုးခြယ်လှယ် လိုမှုတွေကို သတိပြုရှောင်ရှားဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ အများစုက လက်ခံထားပြီး မိမိကိုယ်တိုင်လည်း လက်ခံနိုင်တဲ့ နိုင်ငံတကာစံနှုန်းတွေကို အလေးထားဂရုပြု ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

 

ဒါကြောင့် အမျိုးသားလုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ သံတမန် နည်းနာက အင်မတန် အရေးကြီးပါတယ်။ သံတမန်နည်းနာဆိုတာ အခြေခံအားဖြင့် နိုင်ငံအချင်းချင်း သံရေး၊ တမန်ရေးကတစ်ဆင့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး စေ့စပ် ညှိနှိုင်းခြင်းနဲ့ ကိစ္စရပ်အသီးသီး၊ ပြဿနာ အသီးသီး ပြေလည်အောင် ဆောင်ရွက်တဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။

 

ဒီနည်းဗျူဟာနဲ့ နိုင်ငံတကာ မျက်နှာစာမှာ လုံခြုံရေးပြဿနာတွေကို လျော့နည်း အောင်၊ ပြေလည်အောင် ဖြေရှင်းနိုင်မယ်၊ နိုင်ငံအချင်းချင်း ချစ်ကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ စီးပွားရေး၊ ကုန်သွယ်ရေး စတာတွေကို တိုးတက်အောင် ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ သံတမန်နည်းနာ ကျွမ်းကျင်မှုနဲ့ ဦးစွာခုခံ ကာကွယ်နိုင်တဲ့ အတွက် သံတမန်နည်းနာကို ကာကွယ်ရေး ရဲ့ ပထမခံစစ် မျက်နှာစာ (Diplomacy is the first line of defense)လို့ သတ်မှတ်ထားပါတယ်။ နိုင်ငံတွေအနေနဲ့ ပေါ်ပေါက်လာတဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို သံတမန်နည်းလမ်းနဲ့ တုံ့ပြန်ကာကွယ် ဖို့အလွန်ပဲ အရေးကြီးပါတယ်။

 

ဒါ့ကြောင့် သံတမန်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံ၊ လေ့လာ ဆည်းပူးခဲ့တဲ့ ပညာရပ်တွေအပေါ် အခြေခံပြီး ကိုယ့်နိုင်ငံအပေါ် သက်ရောက်နိုင်တဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဘက်စုံထောင့်စုံ ကနေ လေ့လာသုံးသပ်ပြီး အကြံပြုသွားခြင်း ဖြင့် နိုင်ငံတော် အကျိုးစီးပွားကို သယ်ပိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

 

ဟုတ်ကဲ့ပါရှင်၊ ဝန်ကြီး အခုလိုဆွေးနွေးသွားတဲ့အတွက် အမျိုးသားလုံခြုံရေး ဆိုတာ သိပ်ကို ကျယ်ပြန့်နက်ရှိုင်း သိမ်မွေ့တယ်ဆိုတာ သိလိုက်ရပါတယ်ရှင်။ ဒါကြောင့်မို့လည်း အစိုးရသစ်အနေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆိုတဲ့ ရာထူးသစ်ကို ပြည်ထောင်စု ဝန်ကြီးအဆင့် သတ်မှတ်ပြီးတော့ အမြော်အမြင် ကြီးကြီးနဲ့ ခန့်အပ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်ရှင်။

 

အခုလို ရှင်းပြဆွေးနွေးပေးတာ ဝန်ကြီးကို ကျေးဇူးအများကြီး တင်ပါ တယ်ရှင်။ ။