သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိခဲ့မှုနှင့် ဆက်စပ်ပြီး ယမ်းတောင့်၊ ဒီတိုနေတာနှင့် ယမ်းကြိုးခွေများ ထပ်မံသိမ်းဆည်းရရှိ၊ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိ

Printer-friendly versionSend by email

 

ဇူလိုင် ၂၆၊ ၂၀၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ကျွဲတပ်ဆုံတိုးဂိတ်တွင် ဇူလိုင် ၁၉ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က လွိုင်ကော်မှ မန္တလေးဘက်သို့သွားရန် ရောက်ရှိလာသော ဦးနေစိုး ထွေးမင်း(ခ)ကိုစိုင်း မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇနီးဖြစ်သူ မမြတ်ဆုနှင်း မင်္ဂလာရပ်ကွက် လွိုင်ကော်မြို့နေသူတို့

(၂)ဦး လိုက်ပါစီးနင်းလာသော ယာဉ်အမှတ် 2D/5608 မော်တော်ယာဉ်၏ နောက်ခန်းအတွင်းမှ မန္တလေးသို့ ပို့ဆောင်မည့်မောင်းပြန်သေနတ် (၂၂) လက် ကျည်အိမ်(၂၀)ခုနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် ဦးနေစိုးထွေးမင်းနှင့်ဇနီးဖြစ်သူတို့အား စစ်ဆေးမေးမြန်းရာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အင်းလေးတည်းခိုခန်းတွင် တည်းခိုနေသော ကလေးမြို့ တာဟန်းရပ်ကွက် နေသူ ဦးကျုံလျန်ဆန်း(ခ)မောရာအား ဇူလိုင်လ ၂၀ ရက်နေ့ မနက်တွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့တွင်ပင် လွိုင်ကော်မြို့ရှိ နေစိုးထွေးမင်း၏နေအိမ်အား ဆက်လက်ရှာဖွေရာတွင် ဒီတိုနေတာ တစ်ထုပ်လျှင် (၅၀၀)ခုပါ (၂၆) ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် (၉၀)ကျပ်သားပါ (၆၀)ထုပ် နှင့် ငွေသား ကျပ်(၁၄၀)သိန်းတို့အား သိမ်းဆည်းရမိခဲ့သည်။

လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ တရားမဝင်သယ်ယူလာသည့် ကွင်းဆက်တရားခံများနှင့် ဆက်စပ် တရားခံများအား ဆက်လက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ချမ်းမြ သာစည်မြို့နယ်နေ ကားအဝယ်အရောင်းလုပ်ကိုင်သူ ဦးအောင်စိုးမင်း (ခ) ကိုစိုး နှင့် အရောင်းအဝယ်လုပ်ကိုင်သူ ဦးသန်းလှိုင်တို့ (၂)ဦးအား မြဝတီမြို့ (၄)ရပ်ကွက်ရှိ Grade One ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့စီးလာသည့် Vigo ယာဉ်ပေါ်မှ TNT ယမ်းတုံး (၇၀) တုံးနှင့် ဒီတိုနေတာ (၁၂)ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဇူလိုင် ၂၀ ရက်နှင့် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် တရားခံဦးသန်းလ်ှိုင်ပါ(၂)ဦးအား မေးမြန်းစစ်ဆေးခဲ့ရာ မြဝတီမြို့ အမှတ် (၅) ရပ်ကွက် အမှတ်(၁၄)ဂိတ် အဝင်လမ်းရှိဆောက်လက်စ ဓမ္မာရုံအနောက်ဘက်ရှိ ဝါးရုံတောအတွင်း မြှုပ်နှံထားသည့် TNT ယမ်းတောင့်(၁၀၀)တောင့်၊ ဒီတိုနေတာ (၁၆)ခု၊ ယမ်းကြိုးခွေ(၄) ခွေတို့အား ဇူလိုင် ၂၅ ရက်နေ့တွင် ထပ်မံ သိမ်းဆည်းခဲ့ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)