ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းသည့် ပြည်သူများသို့ ကျေးဇူးတင်လွှာ

Printer-friendly versionSend by email

ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းသည့် ပြည်သူများသို့ ကျေးဇူးတင်လွှာ

(၂၀၁၇ ခုနှစ်၊ ဧပြီလ  ၃ ရက်)

၁။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အောင်မြင်စွာပြီးမြောက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင်စေရေး အတွက် လိုအပ်သော ရန်ပုံငွေများကို ရှာဖွေရာတွင် ပြည်တွင်းမှ ငြိမ်းချမ်းရေးမြတ်နိုးသူ တိုင်းရင်းသားပြည်သူများမှ တတ်အားသရွေ့ ထည့်ဝင်လှူဒါန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် ငွေစုဘဏ်စာရင်း SF-၀၀၄၀၄၈ ကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၉ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့ပါသည်။ အလားတူ ငွေသားဖြင့် လှူဒါန်းလိုသူများ အဆင်ပြေလွယ်ကူစွာ လှူဒါန်းနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲ၊ စာရင်းရှင်ငွေစာရင်း၊ CF-003434 ကို ဖွင့်လှစ်ပြီး ငွေသားဖြင့် လှူဒါန်းမှုများကို လက်ခံခဲ့ပါသည်။

 

၂။ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တလျက်ရှိသည့် ဆန္ဒများကို ဖော်ထုတ်ပြသကြရာတွင် ငြိမ်းချမ်းရေးရန်ပုံငွေ (Peace Fund) ငွေစုဘဏ်စာရင်း စတင်ဖွင့်လှစ်သည့်နေ့မှ ၂၀-၃-၂၀၁၇ ထိ ပြည်သူအများ၏ ထည့်ဝင် လှူဒါန်းငွေမှာ စုစုပေါင်းကျပ် ၁၃,၉၄၇,၇၈၄,၇၇၅ (၁၃ဒသမ၉၄၈ ဘီလီယံ) ရရှိခဲ့ပြီဖြစ်၍ အထူးပင် အံ့ဩ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ရပါသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှ တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြရာ မိမိတို့ချွေးနည်းစာမှ ကျပ်တစ်ထောင်ကျော်၊ ကျပ်ငါးထောင်၊ ကျပ်တစ်သောင်း စသည်ဖြင့် လှူဒါန်းခဲ့ကြသည်ကိုလည်း တွေ့ရှိရပါသည်။ ကျပ်ဘီလီယံနှင့်ချီ၍ ထည့်ဝင်သူများ ရှိကြသလိုထိုသို့ တတ်အားသရွေ့ ထည့်ဝင် လှူဒါန်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထု၏ ပါဝင်မှု၊ ထောက်ခံမှု၊ ပံ့ပိုးကူညီမှု အပေါ် တန်ဘိုးမဖြတ်နိုင်အောင်ပင် ဝမ်းမြောက်ဝမ်းသာ ကြည်နူးရပါသည်။

 

၃။ မြန်မာနိုင်ငံနေရာအနှံ့မှ ပြည်သူအများ၏ လှူဒါန်းမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို မည်မျှလိုလား တောင့်တ မျှော်လင့်နေကြသည်ကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ လက်ရှိ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ချမှတ်ထားသော သံန္နိဌာန် စိတ်များလည်း ပိုမို၍ ခိုင်မာလာစေခဲ့ပါသည်။ ပြည်ထောင်စုရှိ နိုင်ငံသူနိုင်ငံသားအားလုံး၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးအထူးပင် တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်စေရန် ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းထုတ်ပြန်အပ်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန