တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု ဖြစ်ပါတယ်

Printer-friendly versionSend by email

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ( UPDJC)၏ (၁ဝ)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ကော်မတီဝင်များ၏စကားသံများကို တင်ပြလိုက်ရပါသည်-

 

ဒေါက်တာလျန်မှုန်းဆာခေါင်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ခြောက်နေရာကျင်းပပြီး တင်ပြလာတဲ့အဆိုတင် သွင်းချက်နဲ့ အစုအဖွဲ့နှစ်ခုက တင်သွင်းတဲ့ စာတမ်း စုစုပေါင်း ရှစ်စောင်ကို အခြေခံပြီး တော့ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှာဖြစ်ပါတယ်။ နိုင်ငံရေးကဏ္ဍကနေ တင်သွင်းတဲ့ စာတမ်းကို အတည်ပြုနိုင်ပါတယ်။ တင်သွင်းမယ့်စာတမ်းထဲက အခြေခံမူခုနစ်ခုမှာ ခြောက်ခုကို အတည်ပြုနိုင်ပါတယ်။ ကျန်တဲ့စာတမ်းကို နောက်ထပ်လုပ်ငန်းကော်မတီမှာ သို့မဟုတ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးမှုတွေပြုလုပ်မှာ ဖြစ်ပါတယ်။

 

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး ပထမနေ့ မနက်ပိုင်း ဆွေးနွေးမှုက များစွာ အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ တင်ပြလိုပါတယ်။ ဒီလို အောင်မြင်ဖို့ ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးကြတဲ့ အဖွဲ့အသီးသီးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပ နိုင်တဲ့နေရာ ခြောက်နေရာက ကိုယ်စားလှယ်တော်ကြီးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ဒီနေ့မှာသဘောတူနိုင်တဲ့ သဘောတူညီ ချက်တွေကို မေလ ၂၄ ရက်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ညီလာခံမှာ သဘောတူထားတဲ့ သဘောတူညီချက်တွေကို အတည်ပြုပေးနိုင်ရင်တော့ အတည်ပြုချက် အားလုံးကို ပြည်ထောင်စုငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ်ထိုးသွားကြမှာ ဖြစ်ပါတယ်။

 

ဆောင်ရွက်နေတဲ့ကိစ္စတွေက အနှစ် ၆ဝ ကျော်၊ ၇ဝ နီးပါကြာပြီးဖြစ်တဲ့ ပြည်တွင်း စစ်ကို ချုပ်ငြိမ်းစေပြီး တိုင်းပြည်ကိုငြိမ်းချမ်းဖ်ို့၊ သာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးနိုင်ဖို့၊ တစ်ဦးနဲ့တစ်ဦး အပြန် အလှန်လေးစားဖို့၊ အပြန်အလှန်အသိအမှတ် ပြုဖို့နဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ အတွက်အခြေခံအုတ်မြစ်ကောင်းတစ်ခု ဖြစ်ပါ တယ်။

ပဒိုစောကွယ်ထူးဝင်း

ကျွန်တော်တို့ စုစည်းရလာတဲ့ အဆိုပြုချက်တွေဟာ အဆင့်ဆင့်တက်လာတာဖြစ်ပါတယ်။ စုစည်းတဲ့ နေရာမှာလည်း လုပ်ငန်းကော်မတီမှာ အကျေအလည်ဆွေးနွေးပြီးတော့ တင်ပြလာတဲ့ အချက်တွေ ဖြစ်တယ်။ အကျေအလည်ဆွေးနွေးပြီး သဘောတူညီမှုမရှိတဲ့ အပိုင်းတွေကို ဆက်လက် ဆွေးနွေးမယ် ဆိုတဲ့ အပိုင်းတွေရှိပါတယ်။

 

လုပ်ငန်းကော်မတီက စုစည်းရလာတဲ့ အဆိုပြုချက်တွေ၊ စုစည်းမှုတွေကို အတွင်းရေးမှူးအဖွဲ့ကို တင်တယ်။ အတွင်းရေးမှူးအဖွဲ့က ထပ်မံအကျေအလည် ဆွေးနွေးညှိနှိုင်းပြီး ပြန်လည်အတည်ပြုပြီး UPDJC ကို တင်ပြ တယ်။ UPDJC က ဒီမနက်မှာလည်း အဲဒီ ကိစ္စကို ဆက်လက်ဆွေးနွေးတယ်။

 

အထူးသဖြင့် ဘာသာရေး၊ နိုင်ငံရေး ပတ်သက်ပြီး အတည်မပြုနိုင်ဘူး။ ဒါကို ဆက်လက် ဆွေးနွေးမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးက သိပ်ပြီး ထိလွယ် ရှလွယ်ဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့နိုင်ငံရဲ့အနေအထားနဲ့ ကိုက်ညီတဲ့ သဘောထားဆုံးဖြတ်ချက်တစ်ခုကို ရဖို့ အတွက် ဆက်လက်ဆွေးနွေးဖို့လိုအပ်တယ် လို့မြင်တဲ့အပေါ်မှာ ဆုံးဖြတ်တာဖြစ်ပါတယ်။

 

ဒေါ်စောမြရာဇာလင်း

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့စီးပွားရေး စနစ်ကို စဉ်းစားကြတဲ့အခါ အဓိကအားဖြင့် ဈေးကွက် စီးပွားရေး စနစ်ဘက်ကို ဦးတည် ကြပါတယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ ဗဟိုက ခွဲဝေတဲ့စနစ်ကို လက်ခံရတာ ရှိတယ်။ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်မရှိဘူး။ ဗဟိုကချပေးမှ ပြည်နယ်တွေက လုပ်ရတဲ့ သဘောရှိတယ်။ ပြည်နယ်နဲ့ပြည်မကြားမှာ သာတူညီမျှရှိနိုင်တဲ့ စီးပွားရေး စနစ်မျိုးကို ဖန်တီးရမှာ ဖြစ်ပါတယ်။

 

တိုင်းပြည်အတွက် ကြိုးစားကြတဲ့အချိန် အခါမှာ ဘယ်သူသာစေ ဘယ်သူနာစေဆိုတဲ့ စဉ်းစားချက်နဲ့ မလုပ်ဘူး။ မြန်မာနိုင်ငံကို မျှတသင့်မြတ်တဲ့ တိုင်းပြည်တစ်ခုအဖြစ် ဖန်တီးဖို့၊ တည်ဆောက်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ်။ သာတူညီမျှ လို့ပြောဖို့ရာတော့ ခက်ပါသေးတယ်။

 

တိုင်းရင်းသားတွေဘက်က စဉ်းစားရမယ် ဆိုရင် အခုလာမယ့် ပင်လုံညီလာခံက ဘာမှ မရတဲ့ ညီလာခံ တစ်ခုဖြစ်လို့တော့မဖြစ်ဘူး။ အဖြေတစ်ခုရအောင် ဆွေးနွေးပြီး စဉ်းစား ရမှာဖြစ်ပါတယ်။

 

ဦးဇော်ဌေး

လာမယ့် ၂၄ ရက်နေ့ (၂၁)ရာစုပင်လုံ ညီလာခံအတွက် နောက်ဆုံးပြင်ဆင်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးရဲ့ ထူးခြားချက်က တကယ်ကို သမိုင်းဝင်တဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ သမိုင်းဝင် သဘောတူညီချက်ဆိုတာ နိုင်ငံရေးကဏ္ဍမှာ ခေါင်းစဉ်အားလုံးပေါင်း ခြောက်ခုနဲ့ အချက်ပေါင်း ၂၁ ချက်ရှိပါတယ်။ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် သမိုင်း မှတ်တိုင်ဖြစ်လာမှာ ဖြစ်ပါတယ်။

 

နိုင်ငံရေးပြဿနာဆိုတာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူရေးနဲ့ ဖက်ဒရယ်ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးတဲ့ အချုပ်အခြာအာဏာကျင့်သုံးမှု တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ ပါတီစုံဒီမိုကရေစီစနစ်၊ ခေါင်းစဉ် ပေါင်းခြောက်ချက်ရှိပါတယ်။ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း လက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။ နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်ရှိမလာသေးတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား ပြည်သူအားလုံးလည်း လက်ခံနိုင်မယ့် သဘောတူညီချက်တွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။

 

ဒီအချက်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အတည်ပြုမှာဖြစ်ပါတယ်။ နိုင်ငံရေး ကဏ္ဍမှာ အားလုံး ၂၁ ချက် သဘောတူညီ နိုင်ခဲ့ပါတယ်။ စီးပွားရေးကဏ္ဍမှာ ၁ဝ ချက် သဘော တူညီနိုင်ခဲ့ပါတယ်။ လူမှုရေးကဏ္ဍ မှာ လေးချက်၊ မြေယာနှင့်သယံဇာတ သဘာဝ ပတ်ဝန်းကျင်မှာ ခြောက်ချက်အားလုံး ၄၁ ချက် ဒီနေ့အစည်းအဝေးမှာ သဘောတူနိုင်ခဲ့ပါ တယ်။ အဓိကအားဖြင့် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဒါတွေကို ဆွေးနွေး ပါမယ်။ ဆွေးနွေးပြီးတာနဲ့ ဒါတွေကို အတည်ပြုမှာဖြစ်ပါတယ်။

 

NCA မထိုးတဲ့သူတွေ အကုန်လုံးကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ပါမယ်။ နိုင်ငံခြားသား လေ့လာသူ ခွင့်မပြုပါဘူး။ လေ့လာ သူနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ ဒီမှာ မက်ဆေ့ခ်ျ ပေးချင် ပါတယ်။ သဘောတူထားတာ ဘာလဲဆိုတော့ လေ့လာသူတွေအရေ အတွက် ကန့်သတ်ထားပါတယ်။ ကန့်သတ် ထားတဲ့အတွက် ဒီညီလာခံကိုတက်ရောက် ချင်တဲ့ အဖွဲ့အစည်းကိုယ်စားပြုသော် လည်းကောင်း၊ ပုဂ္ဂိုလ်ချင်း၊ တစ်ဦးချင်းသော် လည်းကောင်း လျှောက်ထားရမှာဖြစ်ပါတယ်။ ဒီညီလာခံကို တက်ရောက်လိုတယ်။ အဲဒီ အပေါ်မှာမှလေ့လာသူအရေအတွက် UPDJC ကနေ ကန့်သတ်ထားတဲ့ အတွက် စိစစ်ပြီး ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

 

ညီလာခံကျင်းပရေးနဲ့ ဆွေးနွေးမှုအပိုင်းတွေကို UPDJC ကလုပ်ပြီး ဘတ်ဂျက်နဲ့ အုပ်ချုပ်ထောက်ပံ့မှု အပိုင်းတွေကို အစိုးရအဖွဲ့က ပံ့ပိုးကူညီပေးပါတယ်။ အစိုးရပိုင်းမှာ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ဗဟိုကော်မတီဖွဲ့ထားတယ်။ ညီလာခံမှာ အစုအဖွဲ့တစ်ခုချင်းအရ ဘယ်လောက် ရာခိုင်နှုန်း ရှိရမယ်ဆိုတာရှိပါတယ်။ ဥပမာ ညီလာခံပီသဖို့အတွက် အစု အဖွဲ့တစ်ခုချင်းကနေ ဘယ်နှရာခိုင်နှုန်း တက်ရင် ညီလာခံအထ မြောက်တယ် အဲဒီ အစုအဖွဲ့တစ်ခုချင်း ညီလာခံတက်ရောက်တဲ့ ကိုယ်စားလှယ်တွေ ထဲကမှ ဘယ်နှရာခိုင်နှုန်း က သဘောတူတယ်ဆိုရင် ဒါဆုံးဖြတ်ချက်ချလို့ ရတယ်။