ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်ပုံစံကိုသွားရမယ်

Printer-friendly versionSend by email

နေပြည်တော် မေ ၂၅

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခြေခံမူ များ ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း၊ နိုင်ငံရေးပါတီ စသည်တို့မှ ကိုယ်စားလှယ်များက ကဏ္ဍငါးခုဖြစ် သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝ ပတ်ဝန်း ကျင် ကဏ္ဍများကို မိမိတို့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပါဝင်ဆွေးနွေး လျက်ရှိသည်။

ထိုသို့ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာတွင် မေ ၂၅ ရက်(အစည်းအဝေး ဒုတိယနေ့)ဆွေးနွေးမှုများ၊ အကြံပြု မေးမြန်းချက်များနှင့် ရရှိလာမည့်အကျိုး ရလဒ်များနှင့်စပ်လျဉ်း၍ တက်ရောက် လာသူတချို့အား မေးမြန်းဖြစ်ခဲ့သည် များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဦးကျော်ဝင်း(စာရေးဆရာ)

ဒီကနေ့ဆွေးနွေးတဲ့ နိုင်ငံရေးကဏ္ဍမှာဆိုရင် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း အမျိုးသား အဆင့် ညီလာခံက ရရှိ ထားတဲ့အချက်တွေကို ဆွေးနွေးတာ ဖြစ်ပါ တယ်။ ရရှိထားတဲ့အချက်တွေ ကတော့ ယေဘုယျပြောရရင် မဆိုး ပါဘူး။ ဖက်ဒရယ်နဲ့တော်တော်နီး တယ်။ ဒါပေမယ့် အဲဒါတွေကို လက်တွေ့ အကောင် အထည်ဖော်ဖို့ ကျတော့ အချိန်တော်တော်ယူရပါ လိမ့်မယ်။

ဖက်ဒရယ်ပြည်ထောင်စု စနစ်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားမှ ရပါ မယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပုံစံကို တစ်သဝေမတိမ်း ပုံတူကူးချလို့ မရသလို အိန္ဒိယပုံစံကို လည်း ပုံတူကူးချရင် ပြဿနာရှိပါ တယ်။ အဲတော့ ကိုယ့်နိုင်ငံနဲ့လိုက် လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်ပုံစံကို သွားရမယ်။ သို့သော် ဘယ်လိုဖက်ဒ ရယ်ဆိုတာကို ပုံဖော်တဲ့အဆင့်မရောက် သေးဘူး။

အခုဟာက အခြေခံမူတွေ လောက်ပဲ ချထားတာပါ။ အဲဒီအခြေခံမူ တွေပြည့် စုံတော့မှ ဘယ်လိုဖက်ဒရယ် မူဖြစ်မလဲဆိုတာသိရမှာပါ။ အခုထိတော့ ကျွန်တော်တို့ ဆွေးနွေးပွဲတက် နေတဲ့လူတွေတောင် မှန်းလို့မရသေး ပါဘူး။ တိုးတက်မှုတော့ အများကြီးရှိ လာပါပြီ။ အထူးသဖြင့် အရင်တုန်းက တော့ တပ်မတော်ဘက်က ဒါကိုလုံးဝ လက်မခံခဲ့ဘူး။ အခုနောက်ပိုင်း သူတို့ ကိုယ် တိုင် လိုလိုလားလားပါဝင်လာ ပါတယ်။ ဒီညီလာခံက အောင်မြင်မှု ရနိုင်မယ် လို့တော့ မျှော်လင့်ပါတယ်။

ဦးစိုင်းသီဟကျော်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒီနေ့ စဆွေးနွေးတဲ့ စီးပွားရေး ဆိုင်ရာကဏ္ဍမှာ အချက်နှစ်ချက်ကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ ဖက် ဒရယ်မူဝါဒဆိုင်ရာနဲ့ ဒေသန္တရဆိုင် ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ စီးပွားရေးကို ဘယ်လိုမျိုး အကောင်အထည်ဖော် ဆောင်ရွက်မလဲ၊ ဘယ်လိုစနစ်နဲ့သွား မလဲဆိုတာကို ဆွေးနွေးပါတယ်။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ် ပေါ်ဖို့အတွက် ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ် အစိုးရတွေမှာ လိုအပ်တဲ့၊ ခိုင်မာတဲ့ မူဝါဒတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်း တွေ ရေးဆွဲပြဋ္ဌာန်း ဖို့ဖြစ်ပါတယ်။ အဲဒီ မှာဆွေးနွေးတာက အချို့အစုအဖွဲ့ တွေကျတော့ ဥပဒေပြဋ္ဌာန်း တာဟာ ပြည်ထောင်စုအဆင့်ကနေလုပ်ရမှာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မဆိုင်ဘူးဆိုပြီး ဆွေးနွေးကြတာရှိ တယ်။

အခု ကျွန်တော်တို့ ဆွေးနွေး ချက်တွေဟာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ အခြေခံရမယ့် မူတွေကိုပဲ ဆွေးနွေးနေတာဖြစ်တယ်။

လက်ရှိအထိတော့ အများစုလက်ခံ နိုင်တဲ့အနေအထားက နိုင်ငံတော်ကို ဈေးကွက်စီးပွားရေး စနစ်ခိုင်မာ အောင် ဖော်ဆောင်ဖို့ပါပဲ။ အဓိက ကတော့ စီးပွားရေးလို့ပြောလိုက်ရင် နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့အတွက် စီးပွားရေး လုပ်ပိုင်ခွင့်လို့ ပြောလိုက်ရင် နိုင်ငံရေး အာဏာခွဲဝေခွင့်နဲ့ သက်ဆိုင်နေပါတယ်။

အဲတော့ နိုင်ငံရေးကဏ္ဍတွေမှာ ဘယ်လို သဘောတူညီပြီး ဘယ်လိုတွေဆုံးဖြတ် ထားတယ်ဆိုတာကို အခြေခံရမယ့် သဘောရှိပါတယ်။ အဲဒီမှာ အခက် အခဲအနည်းငယ်ရှိပါမယ်။ ပြည် ထောင်စုအဆင့်မှာ လုပ်ပိုင် ခွင့် ဘယ်လောက်ရှိမလဲ၊ ပြည်နယ်၊ တိုင်း ဒေသကြီးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ တွေမှာ ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပေးမလဲဆိုတာ တိကျတဲ့ ဆုံးဖြတ် ချက်တွေ မထွက်လာသေးပါဘူး။

ဦးအောင်နိုင်ဦး

လူမှုရေးကဏ္ဍမှာ အဓိကဆွေးနွေး စရာကတော့ နေရပ်စွန့်ခွာပြီးသွားရတဲ့ ဒုက္ခသည်တွေ ကိစ္စဖြစ်ပါတယ်။ ဒုက္ခ သည်တွေ နေရပ်ပြန်လာရေး၊ နေရပ် ပြန်လာရင် ဘယ်လိုစည်းမျဉ်းစည်း ကမ်းတွေနဲ့ ပြန်လာမလဲ၊ ဘယ်လိုကူညီဆောင်ရွက်မလဲ၊ ဘေးကင်းလုံခြုံစွာ ပြန်လာဖို့ဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ ပါတယ်။ နောက်ပြီး သက် ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့လူတွေ၊ မိသားစုတွေ၊ ကလေးတွေ၊ အမျိုး သမီးတွေ သူတို့လူမှုဘဝလုံခြုံရေး စတာတွေ ကို ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ မူးယစ်ဆေးဝါးပြဿနာကို လည်း ဆွေးနွေးမှာဖြစ်ပါတယ်။ လူမှု ရေးကဏ္ဍမှာ ဆွေးနွေးစရာတွေက တော့ အများကြီး ရှိပါတယ်။ နောက် လာမယ့် ဆွေးနွေးပွဲတွေမှာတော့ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်။ လူမှု ရေးကဏ္ဍ မှာလည်း အခြေခံမူတွေကိုပဲ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အခြေခံ မူဆိုတဲ့သဘောကတော့ သိပ်ပြီး အကျယ်ပြန့်ကြီး မဟုတ်ပေမယ့်လည်း တစ်ဖက် မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပေးရတာရှိတယ်။ အခြေခံ မူက အားလုံးရဲ့အချုပ်ဖြစ်တဲ့အတွက် ဝိုင်းဝန်းဆွေးနွေးနေကြတာ ဖြစ်ပါ တယ်။ ဒါပြီးမှ လိုအပ်တဲ့မူဝါဒတို့၊ အကောင်အထည်ဖော်တာတို့ တစ်ဆင့် ချင်းစီဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။

ပဒိုစောကွယ်ထူးဝင်း(KNU ဒုတိယဥက္ကဋ္ဌ)

ဒီနေ့မှာတော့ UPJDC က ဆုံး ဖြတ်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့် အခြေခံမူတွေကို အစုအဖွဲ့အလိုက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ စတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် တွေ မေးမြန်းတာ၊ ဆွေးနွေးတာ၊ အကြံအဥာဏ်ပေးတာတို့ ပြင်ဆင်ဖို့ အတွက် မေးမြန်းဆွေးနွေးတာဖြစ် ပါတယ်။ အတည်ပြုလို့တော့မရသေး ပါဘူး။ ဆွေးနွေးချက်အများစုကတော့ အကြောင်းအရာနဲ့ ဝေါဟာရအပေါ် မှာ မေးမြန်းဆွေးနွေးကြတာပါ။ ဆွေးနွေးတဲ့နေရာမှာ မလိုအပ်တဲ့ စကားလုံးတွေထုတ်ဖို့၊ ဖြည့်စွက်တာ တို့ရှိပါတယ်။ ဖြည့်စွက်မယ်ဆိုတာက တော့ တချို့အရာတွေက ကျွန်တော် တို့ပြောနေတဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုတာက ဘယ်ကဆင်းသက်ရ မလဲဆိုတော့ နိုင်ငံသားတွေကနေသုံးရင် အခုရှိပြီးသား နိုင်ငံသားအက်ဥပဒေ နဲ့ ပတ်သက်ပြီး အကုန်လုံးအကျုံး မဝင်ဘူး။

ပဋိပက္ခဖြစ်နေတဲ့နေရာ တွေမှာဆို နိုင်ငံတွင်းမှာရှိတယ်ဆို ပေမယ့်လည်း နိုင်ငံသားဖြစ်မှု ဥပဒေအရ မှတ်ပုံတင်မရှိတဲ့အပေါ်မှာ တိုင်းရင်းသား ပြည်သူ လူထုများဆို တဲ့စကားလုံးကိုသုံးတယ်။ နောက် တစ်ခုက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအုပ်ချုပ်ပုံနဲ့အညီ ကျင့်သုံး ရမယ်ဆိုတဲ့ အပိုင်းလည်း မြင်တာပေါ့။

ဦးတာနိုင်(လေ့လာသူ)

ပထမအကြိမ် အစည်းအဝေးတုန်း ကတော့ နိုင်ငံရေးမူဝါဒအရ ရေးဆွဲ လုပ်ကိုင်နေပေမယ့် ဒုတိယ အကြိမ်မှာကျတော့ ပြုံးရွှင်သော မျက်နှာတွေ၊ ကြည်လင်သော မျက်နှာ တွေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် တိတိကျကျ ရက်ပိုင်းအတွင်း၊ လပိုင်း အတွင်း ရရှိမယ်ဆိုတဲ့ အဖြေလေးကို လူကြီးတွေကလည်း ပြောပါတယ်။ အဖွင့်အမှာစကားမှာလည်း ပြောတဲ့ အတွက် တက်ရောက်လာတဲ့ပြင်ပ ပုဂ္ဂိုလ်တွေအတွက် အားရဝမ်းသာ ပီတိဖြစ်ရပါတယ်။ ငြိမ်းချမ်းရေး ကိုလည်း လိုလားပါတယ်။ ငြိမ်းချမ်း ရေးရှိမှ စီးပွားရေး၊ လူမှုရေး အစ ရှိတာတွေကို လုပ်ကိုင်ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်တည်ငြိမ်ငြိမ် ရှိမယ်ဆိုရင် သားတွေမြေးတွေပညာသင်နိုင်မယ်။ အေးအေးဆေးဆေးသွားလာ လုပ် ကိုင်နိုင်မယ်။ တကယ်လို့သာ ယမ်း ငွေ့တွေနဲ့ဝေနေတဲ့ စစ်ပွဲကာလမှာ ဆိုရင်တော့ ဘေးဒုက္ခတွေအများကြီး လည်းရောက်ပါတယ်။ ဒီဒုက္ခကနေ ဝေးကွာပြီးလူတိုင်းဟာ ငြိမ်းချမ်းချင် ကြပါပြီ။ ငြိမ်းချမ်းရေးဟာလည်း အတိအကျရမယ်ဆိုတာလည်း အဖွဲ့ အစည်းပေါင်းစုံ၊ လူတန်းစားပေါင်းစုံ ငြိမ်းချမ်းရေးကိုလိုလား ပါတယ်။ ဘာကြောင့် ငြိမ်းချမ်းရေး လိုလားသလဲ ဆိုရင် ငြိမ်းချမ်းရေးမရှိရင် သစ်ပင်လည်း မရှင်သန်နိုင်ဘူး၊ လူသားတွေ လည်းမရှင်သန်နိုင်ပါဘူး။